မန္တလေးမြို့ ရပ်ကွက်တချို့မှာ ကာလဝမ်းရောဂါသတိပေးချက် မိုက်နဲ့လိုက်အော်

မန္တလေးမြို့ ရပ်ကွက်တချို့မှာ ကာလဝမ်းရောဂါသတိပေးချက် မိုက်နဲ့လိုက်အော်

မန္တလေးမြို့၊ မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တွေက ရပ်ကွက်တချို့မှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးချက်ကို အောက်တိုဘာ ၂၇ ရက် မနေ့ညနေပိုင်းကစတင်ကာ လော်စပီကာနဲ့ လိုက်အော်နေတယ်လို့ မြို့ခံတွေဆီ သိရပါတယ်။

"မနေ့ညနေက ရပ်ကွက်ထဲ မိုက်နဲ့အော်တယ်။ အသေအပျောက်တွေဖြစ်နေတာမို့ ဂရုပြုနေထိုင်ကြဖို့ဆိုပြီး သတိပေးတယ်။"လို့ မဟာအောင်မြေမြို့နယ်နေ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ယမန်နေ့ကပင် မဟာအောင်မြေမြို့နယ်အတွင်းနေထိုင်တဲ့  ကလေးငယ် ၁ ဦး ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ထပ်မံသေဆုံးခဲ့ကာ အဆိုပါသေဆုံးကလေးငယ်နေအိမ်ကို ကျန်းမာရေးဌာန၊ မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေက ပိုးသတ်ဆေးလာဖြန်းသွားတယ်လို့လည်း ဆိုပါတယ်။

မန္တလေးမြို့မှာ ယခုတပတ်အတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် လူသေဆုံးမှုတွေမြင့်တက်လာတဲ့နောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးထုတ်ပြန်ချက်တွေကို ရပ်ကွက်တချို့မှာ လှည့်အော်သတိပေးတာတွေလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

"ဒီနေ့ဝမ်းလျှောပြီး နောက်ရက်မနက် သေသွားတာပဲ။ ရပ်ကွက်ထဲတင် ၃ယောက်လောက်ဖြစ်တဲ့ အသံကြားတယ်။ လူကြီး ၁ ယောက်ကတော့ ပြန်ကောင်းသွားပြီ" လို့ ၎င်းက ဆက်ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသား ၁ ဦး နဲ့ ၅နှစ်အရွယ်ကလေးငယ် ၁ ဦးတို့ ဝမ်းရောဂါနဲ့ပဲသေဆုံးခဲ့ပြီး တပတ်အတွင်းမှာတင် ရက်ခြားဆိုသလို လူသေဆုံးမှုတွေ ဖြစ်နေတာလို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။

ဒီကာလဝမ်းရောဂါဟာ ရန်ကုန်မြို့မှာဖြစ်ပွားနေတာ ၃လကျော်လောက်ရှိနေပြီး ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ လက်ခံကုသပေးတာမရှိဘဲ ကာလဝမ်းရောဂါနဲ့ပတ်သက်ပြီး သတိထားစရာအချက်တွေကို လူမှုကွန်ယက်တွေမှာ ရေးထားတာတွေရှာဖတ်ကြဖို့နဲ့ ဓာတ်ဆားရေကို ဂရုစိုက်သောက်ကြဖို့ ရန်ကုန်မြို့က အထွေထွေရောဂါကုဆရာဝန်တဦးက အကြံပြုထားပါတယ်။

ပုံစာ -  မန္တ‌လေးမြို့မှာ ဝမ်းရောဂါကြောင့် လူသေဆုံးခဲ့တဲ့ နေရာတွေနဲ့ ထိစပ်တဲ့နေရာတွေကို အောက်တိုဘာ ၂၆ ရက်က ပိုးသတ်ဆေးဖြန်းနေစဉ်။

#မြေလတ်အသံ

#မန္တလေး #ကာလဝမ်းရောဂါ #ဓါတ်ဆား #ကျန်းမာရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10