မန်းရွှေစက်တော်ဘုရားကို စစ်ကောင်စီက ပြန်ပြီးဖွင့်လစ်မှုအပေါ် ဒေသခံတွေဝေဖန်မှုမြင့်တက်

မန်းရွှေစက်တော်ဘုရားကို စစ်ကောင်စီက ပြန်ပြီးဖွင့်လစ်မှုအပေါ် ဒေသခံတွေဝေဖန်မှုမြင့်တက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်ဘုရားပွဲကို လာမယ့်တပိုတွဲလဆန်း ၅ ရက်နေ့မှာ (ဖေဖေါ်ဝါရီ ၅) စစ်ကောင်စီက ပြန်ပြီးဖွင့်လှစ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်နှစ်တွေကလို အကြီးအကျယ်မဟုတ်ပဲ အကျဥ်းချုံးသဘောမျိုးနဲ့သာ ဖွင့်လှစ်သွားမှာဖြစ်သလို စျေးဆိုင်ခန်းတွေနဲ့ တဲကျောင်းတွေဆောက်ဖြစ်၊ မဖြစ်ကတော့ ခုချိန်ထိ အတိအကျမသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ကျနော်ကြားသိရသ‌လောက်တော့ ခါတိုင်းနှစ်လိုမဟုတ်ပဲ အကျဥ်းချုံးပြီးလုပ်သွားမယ်။ အောက်ခြေ ပင်မခြေ‌တော်ရာ တံခါးတွေကိုလည်း ဖွင့်လှစ်သွားမယ်။ နှစ်စဥ်ထုံးတန်းစဥ်လာ အစီအစဥ်တိုင်း လုပ်ဆောင်သွားမယ်။ ရပ်ဝေးကလာတဲ့ သူတွေအတွက်တော့ အခမဲ့ဓမ္မာရုံကြီးတွေမှာ တည်းခိုလို့ရမယ်လို့ ကျနော်တို့သိရတယ်။" လို့ သူကပြောပါတယ်။

လက်ရှိချိန်ဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူစက်နှုန်း မြင့်တက်နေသလို စစ်ရေးခြေအနေလည်း တင်းမာနေတဲ့ကာလဖြစ်တာကြောင့် ခုလိုဘုရားပွဲဖွင့်လှစ်မယ့်အပေါ်မှာ ဒေသခံတွေအနေနဲ့ အမျိုးမျိုးဝေဖန်မှုတွေရှိနေပါတယ်။

"ခုကရောဂါတွေကလည်း ဖြစ်နေတာဆိုတော့ ဒါတွေကို ထည့်စဥ်းစားဖို့လိုတာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တို့ လိုမယ်ထင်တယ်။ ဘုရားပွဲဆိုတာကတော့ အဓိက စီးပွားရေးပါပဲ၊ လူတွေစီးပွားရေးအဆင်မပြေတော့လည်း ဘုရားပွဲလည်း အဆင်မပြေဘူးလို့ထင်ပါတယ်၊" လို့ မကွေးမြို့ခံတဦးက ပြောပါတယ်။

ခုကာလမှာ ဘုရားတွေဖွင့်ပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်တာဟာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုကာကွယ်မပေးပဲ အန္တရာယ်တောထဲကို တွန်းပို့နေတာသာဖြစ်တယ်လို့ မကွေးလူထုတိုက်ပွဲကော်မတီအဖွဲ့ဝင် ကိုချစ်ဝင်းမောင်က မြေလတ်အသံကို ပြောပါတယ်။

"အခုလို ရောဂါကပ်ဘေးကလည်း အကြီးအကျယ်ဖြစ်ပွားနေချိန်၊ စစ်‌ရေးကလည်း အင်မတင်တင်းမာနေတဲ့အချိန် မန်းရွှေစက်တော်ဘုရားပွဲကို ဖွင့်ဖို့ကြိုးစားတယ်ဆိုတာကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ရောဂါကူးစက်မှုကို အလေးမထားတာ၊ ပြည်သူကိုကာကွယ်မပေးချင်တာ၊ ပြည်သူကို အန္တရာယ်တောထဲကို တွန်းပို့တာလို့မြင်ပါတယ်၊"လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ တန်ခိုးကြီးဘုရားအများစုက အလှူငွေတွေကို ကိုယ်ကျိုးအတွက်အသုံးပြုခဲ့တာကြောင့် ခုလိုဖွင့်လှစ်ရင်လည်း ဘုရားအတွက်ရရှိလာမယ့် အလှူငွေတွေကို ယူပြီး အသုံးပြုနိုင်တယ်လို့ ကိုချစ်ဝင်မောင်က ဆက်ပြောပါတယ်။

"အာဏာသိမ်းပြီးစကာလမှာ ပြည်သူအားလုံးသိကြတဲ့အတိုင်းပဲ တနိုင်ငံလုံးမှာရှိတဲ့ ဘုရားတွေကအလှူငွေတွေကို သူတို့ ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ရယူသုံးစွဲတာတွေရှိပါတယ်။ ခုကော ဘုရားပွဲမှာ ရရှိလာနိုင်တဲ့ အလှူငွေတွေကို သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနိုင်ပါတယ်။ ဒဲ့ပြောရင်တော့ ဘုရားပွဲကို ဗန်းပြလုပ်တဲ့သဘောမျိုးနဲ့ ဘုရာပွဲကရမဲ့ ငွေတွေကို ပြည်သူကိုသတ်ဖို့အတွက်အသုံးချမယ်လို့ပဲ ယူဆမိပါတယ်။" လို့ သူကပြောပါတယ်။

မန်းရွှေစက်တော်ဘုရားပွဲကို ဗဟိုကိုဗစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ NLD အစိုးရလက်ထပ် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်ကစပြီး ပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10