မလည်ရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

မလည်ရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မလည်ရွာက စစ်သားနဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေး တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ ဆက်တိုက်လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် မနေ့မနက် ၆ နာရီလောက်က မလည်ရွာထဲမှာပစ်ခတ်မှုတွေစခဲ့ပြီး မနက် ၈ နာရီလောက်မှာ တံတားဦးလေတပ်ဘက်ကနေ Mi 35 နဲ့ ၂ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့ပြီး အဲဒီနေ့ ညနေ ၅ နာရီကျော်နဲ့ ၆ နာရီလောက်မှာလည်း နောက်ထပ်ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၁၀ လုံး ရွာနဲ့အနီးတဝိုက်ကို ကြဲချခဲ့ပါတယ်။ 

အလားတူ စက်တင်ဘာ ၁၈ ရက် ဒီမနက် ၇ နာရီလောက်မှာလည်း နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ပစ်ခတ်မှုတွေလည်း ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

“မနေ့ကတည်းက မနက်ခင်းမှာရော လေကြောင်းတိုက်ခိုက်မှု တမနက်လုံးလုပ်တယ်။ ပြီးတော့ ဒီမနက်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာ။ အခုချိန်ထိ စက်သေနတ်တွေရော ရော့ကတ်တွေရော ဗုံးသီးတွေရော ကြဲတယ်။ လေကြောင်းပစ်ခတ်မှုက တခါလုပ်ရင် နာရီဝက်ကြာတယ်။ အိမ်တွေတော်တော်များ မီးလောင်တယ်၊ ဘုရားတွေလည်း ပျက်စီးတယ်။” လို့ မလည်ရွာဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

မလည်ရွာထဲမှာ ပျူစောထီးအနည်းငယ်သာရှိပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက အများဆုံး အထိုင်ချနေထိုင်ကြကာ ရွာထဲက ဒေသခံတချို့လည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ 

ဒီနေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်နေပြီး သပိတ်ကျင်းဘက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကလည်း မလည်ရွာထဲကို ဟောင်ဝစ်ဇာနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။ 

တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ၂ ဖက်ထိခိုက်ဒဏ်ရာရတဲ့အခြေနေတွေကို အတည်မပြုနိုင်သေးဘဲ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မလည်ရွာက စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေအထိုင်ချထားတဲ့ စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းတွေရရှိခဲ့ကာ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ကာကွယ်ရေးရဲဘော် ၁၀ ဦးနဲ့ ပြည်သူ ၁ ဦး ကျဆုံးပြီး ၁၇ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #မလည် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10