မအူရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက် လက်နက်ခဲယမ်းတွေသိမ်းဆည်း (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲကင်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့နိုင်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီ အင်အား ၂၅ ဦးရှိတဲ့ အဲ့ဒီစခန်းကို သြဂုတ် ၂၄ ရက်  မနက်အစော ၂ နာရီလောက်မှာ ချဉ်းကပ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မနက် ၄ နာရီ‌လောက်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ရဲစခန်းကနေဆုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက် မနက် ၆ နာရီခန့်မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“ စခန်းကို ဝင်ရှင်းလင်းတဲ့ အချိန်မှာတော့ အလောင်းတွေတော့ မတွေ့ခဲ့ရဘူး။ လက်နက်ခဲယမ်းတွေပဲ သိမ်းဆည်းနိုင်ခဲ့တယ်။”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း Jammer စက် ၁ လုံး ၊ 79 သေနတ် ၁ လက် ၊ ၇.၆၂ မမ G3 ကျည် ၂၈၀ တောင့် ၊ ၉ မမကျည် ၅၀ တောင့် ၊ ရှေ့ထွက်မိုင်း ၄ လုံး ၊ ၆၀ မမ ဗုံးသီး ၆ လုံး ၊ အီနာဂါဗုံးသီး ၄ လုံး၊ ဘက်ထရီနဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

မအူရဲစခန်းကို သိမ်းပိုက်ပြီးတဲ့နောက် ရဲစခန်းအတွင်းရှိ စခန်းအဆောက်အဦတွေနဲ့ လူနေအဆောက်အဦတွေကို အပြီးသတ် မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မအူရဲစခန်းကို ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ၊Salingyi Special Tast Force ၊ မြိုင် ပကဖ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ရေစကြို #မအူရဲစခန်း #စခန်းသိမ်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10