မိဘတွေပြောပြတဲ့ သားထောင် (ရုပ်သံဆောင်းပါး)

 

သားထောင်ဟာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ မိခင်၊ ဖခင်၊ ညီအကိုမောင်နှမ ၆ ဦးတို့နဲ့အတူ နေထိုင်ကြီးပြင်းခဲ့ပါတယ်။  

မိသားစုထဲမှာ သားအလတ်ဖြစ်တဲ့ သူဟာ ၆ တန်းအထိ ကျောင်းနေခဲ့ရပြီး မိသားစုစားဝတ်နေရေးအတွက် ကျောင်းထွက်ကာ ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်ခဲ့သူတယောက်ပါ။

အလုပ်လုပ်နေတုန်း သူ့အသက် ၁၉ နှစ်အရွယ် ၂၀၂၁ မှာ စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့ရာ တတိုင်းပြည်လုံး ကမောက်ကမာဖြစ်ပြီး သူလည်း အလုပ်အဆင်မပြေတော့ပါဘူး။ 

ဒါကြောင့် မိဘတွေထံ ခွင့်ပန်ကာ ရွာပြန်လာပြီးနောက် စစ်အာဏာသိမ်းတာကို လူထုနဲ့အတူ လမ်းပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ 

“အစကတော့ သူနားမလည်ဘူး ဘာကြောင့် လူတွေဆန္ဒပြနေကြတယ်ဆိုတာ။ ကျွန်မတို့ သူ့ကိုရှင်းပြလိုက်တော့မှ သူလည်း သဘောပေါက်ပြီး ဆန္ဒလိုက်ပြတော့တာပဲ။” လို့ သူ့အမေက ပြောပါတယ်။ 

နေရာအနှံ့ထွက်ပေါ်လာတဲ့ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းရာ ၁ လအတွင်း လူရာနဲ့ချီသေဆုံးခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကြုံတွေ့လိုက်ရတဲ့ လူငယ်တွေဟာ ပြန်လည်ခုခံဖို့ ပြင်ဆင်လာကြပါတယ်။ 

ဒီအတွက် နီးစပ်ရာလူတွေစုစည်းပြီး အာဏာသိမ်းမှုဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စီဖွဲ့လာကြရာ သားထောင်လည်း ယောကာကွယ်ရေးတပ်ဖွဲ့ - YDF ထဲ ပါဝင်ခဲ့ပါတယ်။ 

“သူလည်း တပ်ဖွဲ့ထဲ ဝင်ချင်တယ်လို့ ကျမတို့ကို လာပြောတာ ၂ ခါရှိတယ်။ ကျမတို့ကလည်း မိသားစုအဆင်မပြေလို့ အကြွေးတွေနဲ့ဆိုတော့ မဝင်ဖို့ တားတယ်။ နောက်တခါကျတော့ သူလည်း မိဘတွေအလုပ်သွားချိန်အလစ်မှာ သူလည်း သွားမယ်ဆိုပြီး ကြံတယ်။ အမှာစာရေးထားခဲ့တယ်။” လို့ သူ့အမေက ပြောပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်သွားတဲ့ သားထောင်ဟာ မိဘတွေကို ဖုန်းဆက်အသိပေးစဉ် မိဘတွေက သူ့ဆန္ဒရှိတဲ့အတိုင်းသာလုပ်ဖို့နဲ့ ဘေးမသီရန်မခဘဲ ဂရုတစိုက်နေဖို့မှာခဲ့ပါတယ်။ 

၂၀၂၃ နိုဝင်ဘာရဲ့ မထင်မှတ်တဲ့တနေ့မှာ သားထောင်ဟာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ ရှေ့တန်းထွက်လာတဲ့အချိန် ကျေးရွာအတွင်းမှဖြတ်သွားတာကို မိဘကတွေက  မြင်တွေ့လိုက်ရပြီး အိမ်ထဲဝင်နားကြဖို့ ပြောဆိုခဲ့ပါတယ်။

စစ်ကြောင်းထွက်တာဖြစ်တဲ့အတွက် တပ်ရင်းတပ်ဖွဲ့ စည်းကမ်းအရ ဝင်လို့မရကြောင်း သားထောင်က ပြောပါတယ်။ အဲဒီနောက် ပြောဆိုရင်း ထွက်ခွာသွားတဲ့ သားဖြစ်သူရဲ့ နောက်ကျောကို ကြည့်နေရင်း အဲဒီနေ့က သားကို နောက်ဆုံးတွေ့လိုက်ရတဲ့နေ့ ဖြစ်လိမ့်မယ်လို့ သူတို့ ထင်မှတ်မထားမိပါဘူး။

“ညကျတော့ ဖုန်းဆက်ပြီး သားတို့ တာဝန်နဲ့လာတာမလို့ စည်းကမ်းအရ ဝင်လို့မရလို့တောင်းပန်ပါတယ်။ နောက်ရက်ကျတော့ ဖုန်းထပ်ဆက်တာမရတော့ဘူး။” လို့ အဖေဖြစ်သူက ပြောပါတယ်။  

အဲဒီလိုနဲ့ တနေ့မှာ ရွာထဲမှာ ရဲဘော်သားထောင် သေဆုံးသွားပြီလို့ သတင်းစကား သိုးသိုးသန့်သန့်ကို ကြားနေရပြီး အကျိုးအကြောင်း စုံလင်အောင် ပြောပြတဲ့သူတော့ မရှိခဲ့ဘူးလို့ မိဘတွေက ဆိုပါတယ်။

ယောကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ  မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်စဉ် ရဲဘော် သားထောင်နဲ့ ဖိုးတေတို့ဟာ ရန်သူ့လက်ထဲ ကျရောက်သွားပါတယ်။ 

မြောက်ခင်ရန်းရွာဟာ မြန်မာစစ်တပ်က အငြိမ်းစားအရာရှိ ကြံ့ခိုင်ရေးပါတီဝင် ဂန့်ဂေါနယ် အမတ်ဟောင်း ဘူးလက်လှဆွေရဲ့ ဇာတိရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ (ပြည်သူ့စစ်)တွေ အားကောင်းရာအရပ် ဖြစ်ပါတယ်။ 

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ယောကာကွယ်ရေးတပ် YDF ရဲ့တာဝန်ရှိသူနဲ့ ရဲဘော်တချို့က သူတို့ဆီ ရောက်လာကြပြီး ရဲဘော်သားထောင် မြောက်ခင်ရန်းမှာ ကျဆုံးသွားတဲ့အကြောင်းနဲ့ ဖုန်းထဲက ဓာတ်ပုံတချို့ကို ပြခဲ့ပါတယ်။ 

မိဘနှစ်ပါးကလည်း ဓာတ်ပုံတွေကိုတွေ့ပေမဲ့  သားထောင်ကျတယ်ဆိုတာကို လက်ခံဖို့ခက်ခဲနေပြီး  တပ်ဖွဲ့ရဲ့ နောက်ထပ်တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှ သူတို့ရဲ့သား ကျဆုံးသွားပြီ ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်။ 

ဒါပေမဲ့ ရဲဘော်သားထောင်ဟာ ရှေ့တန်းမှာဘယ်လိုဘယ်ပုံနဲ့ ကျဆုံးသွားခဲ့ရတာကိုတော့ သူတို့ အဲဒီအချိန်အထိ မသိရသေးပါဘူး။ 

သားထောင်ရဲ့ အစ်မတွေက ရဲဘော် သားထောင်နဲ့ ရဲဘော်ဖိုးတေတို့ကို အာဏာသိမ်းစစ်တပ် ယူနီဖောင်းဝတ်ထားတဲ့ ပျူစောထီးတွေက နှိပ်စက်၊ သံကြိုးနဲ့ တုပ်ကာ သစ်ပင်မှာ ချည်နှောင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာကို အွန်လိုင်းမှာ တွေ့နေရကြောင်း မိဘတွေကို အသိပေးတော့မှသာ သိခဲ့ရတာပါ။ 

အဲဒီရုပ်သံမှတ်တမ်းဟာ ၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ခုထိကို မိဘနှစ်ဦးစလုံးက အဲဒီရုပ်သံမှတ်တမ်းကို မကြည့်နိုင်လို့ မကြည့်ဘူးလို့ဆိုပါတယ်။

“တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတဲ့ သူတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ သားကျမှ ဒီလို အရက်စက်ဆုံး ကြုံလိုက်ရတာ။” လို့ သားထောင်ရဲ့ အဖေက ပြောပါတယ်။ 

သားထောင်ရဲ့ အစ်မတယောက် ဆိုရင် ဒီရုပ်သံမှတ်တမ်းမှာပါတဲ့ သားထောင်ရဲ့ အော်ဟစ်သံကို နားထဲမှာ မကြာခဏ ကြားယောင်နေရပြီး အွန်လိုင်းသုံးဖို့ ဖုန်းတောင်ဖွင့်မကြည့်ရဲတော့ဘူးလို့ ဆိုပါတယ်။ 

သားထောင်ကို ရက်ရက်စက်သတ်ခဲ့တဲ့သူတွေကို တန်ပြန်ကလဲ့စားချေဖို့ ဆန္ဒမရှိသလို သူတပြန် ကိုယ်တပြန် သတ်နေရင်လည်း သံသရာရှည်နိုင်တာကြောင့် တရားသဘောနဲ့ပဲ ဖြေသိမ့်နေရတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲ တရားနဲ့ပဲဖြေဖြေ သူတို့ရဲ့ ရင်သွေး သားထောင်ကိုတော့ သူတို့မှာ တနေ့မှ မေ့မရနိုင်ဖြစ်နေကြပါတယ်။ 

“ထမင်းအိုးလေးမြင်ရင်လည်း သူနဲ့အတူတူစားခဲ့တာပဲဆိုပြီး မျက်ရည်ကျရတယ်။” လို့ မိခင်ဖြစ်သူက စို့နင့်ကြေကွဲစွာ ပြောပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #သားထောင် #မြောက်ခင်ရန်း #မီးရှို့သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10