သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပျားကျေးရွားနဲ့ ဇနဖုဒ်ကျေးရွာမှာ မိုခါမုန်တိုင်းကြောင့် ကျွဲတွေသေတဲ့အတွက် လယ်ယာလုပ်ငန်းခွင်မှာ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီကျေးရွာတွေက ကျွဲအများစုမှာ မုန်တိုင်းဝင်ချိန်ရေကြီးတဲ့အတွက် မျောပါသေဆုံးတာ၊ သစ်ပင်ပိလို့ သေဆုံးတာနဲ့ မုန်တိုင်းပြီးနောက် ကျန်းမာရေးအခြေနေအရ သေဆုံးတာတွေကြောင့် ၂ ရွာပေါင်းမှာ ကျွဲအကောင်ရေ ၁၅၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။
"ကျေးရွာ ၂ ရွာပေါင်းမှာမှ ကျွဲအကောင်ရေ ၃၀၀ လောက်ပဲရှိတယ်။ ခုက ထက်ဝက်လောက်သေသွားတာဆိုတော့ လုပ်ငန်းခွင်အချိန်မီဝင်လို့ မရဘူးဖြစ်နေတယ်။ လက်ရှိ ကျွဲကျန်ခဲ့တဲ့သူတွေ လုပ်ငန်းခွင်ပြီးမှ အခြားသူက ငှားလုပ်ရမယ့် အခြေနေပါ။ အချိန်မီ မစိုက်ပျိုးနိုင်ရင်တော့ အထွက်ကျတာနဲ့ ပိုးမွှားဖျက်ဆီးတဲ့ဒဏ်တွေ ခံရနိုင်တယ်။” လို့ ဆိုပါတယ်။
ဒီကျေးရွာတွေဟာ မင်းကင်းမြို့နဲ့ ၁၅ မိုင်ခန့်အကွာမှာရှိပြီး ခေါင်ဖျားတဲ့ဒေသ၊ တောင်ပေါ်ဒေသ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စက်ပစ္စည်းတွေမသုံးဘဲ ကျွဲကိုသာအသုံးပြု လုပ်ကိုင်နေရတာလို့ သိရပါတယ်။
“ဒီဘက်ဒေသတွေက ခေါင်တော့ စက်မသုံးကြဘူး။ ကျွဲတမျိုးပဲ သုံးကြတယ်။ ခုဖြစ်နေတဲ့ အခြေနေကိုလည်း ဘယ်သူမှ မသိကြတော့ ကူညီမယ့်သူတွေလည်း တယောက်မှ မလာကြဘူး။ ကျွဲသေတဲ့စာရင်းကိုရဖို့ တောင်သူတွေနဲ့တွေ့ဆုံပြီး အခြေနေတွေကို မေးမြန်းခဲ့ရတာ"လို့ အထက်ပါဒေသခံက ပြောပါတယ်။
ဒါ့အပြင် မှက်၊ ခြင်နဲ့ ယင်ပေါတာကြောင့် နွားမွေးလို့မရဘဲ ကျွဲတမျိုးကိုသာ အဓိက မွေးမြူပြီး လုပ်ငန်းခွင်သုံးနေကြရတာလည်း ဖြစ်ပါတယ်။
ဒေသခံတွေကတော့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေအတွက် အကူအညီလိုအပ်နေပေမယ့် ဆက်သွယ်ရေးလိုင်းအခက်ခဲနဲ့ လမ်းပန်းအခက်ခဲကြောင့် ကူညီမယ့်သူတွေ မရှိဘူးလို့ ဆိုပါတယ်။
ပျားကျေးရွားနဲ့ ဇနဖုဒ် ကျေးရွာမှာ စိုက်ပျိုးဧက ၂၀၀၀ ဝန်းကျင်ရှိပြီး စပါး၊ ပဲနဲ့နှမ်းကို အဓိကထား စိုက်ပျိုးကာ အခြားရာသီပေါ်သီးနှံအချို့ကိုလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ပျားကျေးရွာကတော့ အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၂၅၀ ကျော်သာရှိပြီး ဇနဖုဒ်ကျေးရွာကတော့ အိမ်ခြေ ၅၀ ကျော် လူဦးရေ ၁၅၀ ကျော်သာရှိတဲ့ ရွာငယ်လေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပုံစာ - ပျားကျေးရွားနှင့် ဇနဖုဒ်ကျေးရွာတွင် ကျန်ရှိနေသေးသည့် ကျွဲများ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မင်းကင်း #ပျားကျေးရွာ #ဇနဖုဒ်ကျေးရွာ #ကျွဲသေဆုံး #အခက်တွေ့
Share Share Share