မိုးဆက်တိုက်ရွာလို့ ရွှေတောင်မြို့ကနေရာအချို့ ရေကြီးရေလျှံခဲ့

မိုးဆက်တိုက်ရွာလို့ ရွှေတောင်မြို့ကနေရာအချို့ ရေကြီးရေလျှံခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ ရွှေတောင်မြို့မှာ မိုးဆက်တိုက်ရွာပြီး တောင်ကျရေကျလာလို့ ရေကြီးရေလျှံဖြစ်ခဲ့တယ်လို့ ရွှေတောင်ဒေသခံတဦးဆီက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနက်ပိုင်းကနေ စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်အထိ အဆက်မပြတ် မိုးသည်းခဲ့တဲ့အတွက် ကားလမ်းပေါ် တပေနီးပါးရေကျော်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ခါးလောက်အထိ ရေဝင်ရောက်ခဲ့တယ်လို့  ပြောပါတယ်။

" အရင်ရက်တွေကရွာတယ် အရမ်းမများဘူး။ နှစ်ရက် သုံးရက်လောက်ကပေါ့။ လွန်ခဲ့တဲ့ လေးငါးနှစ်က အဲ့လိုတခါဖြစ်ဖူးတယ်။ ခုလောက်တော့ မဆိုးဘူး။ ဒီတခါ ရေတော်တော်များတယ်။" လို့  ဒေသခံတဦးက ပြောပါတယ်။

ရွှေတောင်မြို့အဝင် တိုးဂိတ် ကိုက် ၁၀၀ ဝန်းကျင်နဲ့ ကြာနီကန်ရပ်ကွက်၊ တည်ကုန်းအပိုင်းတခုလုံးလိုလို အိမ်တွေထဲရေဝင်ပြီး ကူညီကယ်ဆယ်ရေးအချို့ လုပ်ခဲ့ရတာရှိတယ်လို့ ဆက်ပြောပါတယ်။

" လူထိခိုက်တာ မရှိဘူး။ မထိခိုက်အောင် အလျင်မီလိုက်တဲ့သဘောပေါ့။ ရွှေနတ်တောင်လမ်းဘက်မှာဆို ကုက္ကိုလ်ပင်ကြီးပါလဲတာ။ ဆန်စက်တွေ ဆီစက်တွေနဲ့ အခြားလုပ်ငန်းရှိတဲ့သူတွေတော့ ရုတ်တရက်ရေကြီးခြင်းအခြေအနေသဘောဆိုတော့ ရွှေ့ရပြောင်းရနဲ့ တော်တော်အလုပ်ရှုပ်။" လို့ ပြောပါတယ်။

လက်ရှိမှာ မိုးအနည်းငယ်ရွာနေသေးပေမယ့် နေ့လယ်ပိုင်းလောက်မှာ ရေကြီးရေလျှံတာနည်းသွားကာ ပုံမှန်အခြေအနေဖြစ်နေဖြစ်နေပြီး အခုညပိုင်းမှာ မိုးဆက်ရွာမယ်ဆိုရင် ရေထပ်ကြီးနိုင်တယ်လို့ ဆိုပါတယ်။

တိုးဂိတ်နဲ့ အနီးဝန်းကျင်ရပ်ကွက်တွေ ရေကြီးခဲ့တာဖြစ်ပေမယ့် အခြားအနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း ရေဝင်ရောက်တာမျိုးရှိနိုင်ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေ သတိထားဖို့လိုနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ ဒီနေ့မှာပဲ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းက ဝေဠုဝန်နဲ့ ဗောဓိကုန်းရွာကြား ပြည် - ပေါက်ခေါင်း - တောင်ငူ ကားလမ်းပေါ်ကို  အသေးစား တောင်ပြိုကျခဲ့ပါသေးတယ်။

#မြေလတ်အသံ

#ပဲခူး #ရွှေတောင် #ရေကြီး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10