မီးကုန်ယမ်းကုန် တိုက်လာနိုင်မယ့် စစ်ကောင်စီရဲ့ အညာစစ်ဆင်ရေး

မီးကုန်ယမ်းကုန် တိုက်လာနိုင်မယ့် စစ်ကောင်စီရဲ့ အညာစစ်ဆင်ရေး

အညာဒေသ စစ်ကိုင်းတိုင်းရဲ့ နံနက်ခင်း အရုဏ်ကျင်းချိန် စစ်ကောင်စီတပ်သားတဦးဟာ စခန်းချရာ ချောင်းဦးမြို့နယ်၊ မေဃဝန်ဘုန်းကြီးကျောင်းထဲကနေ အပြင်ကိုထွက်လာပါတယ်။ 

 

သေနတ်လွယ်ထားတဲ့ အဲဒီတပ်သားဟာ မုန့်ဟင်းခါးဆိုင်မှာ မုန်းခါးဝယ်စားမယ်လုပ်တုန်း ဒေသကာကွယ်ရေး အဖွဲ့တွေရဲ့ သေနတ်ပြောင်းဝမှာ သူ့အသက်ပျောက်သွားခဲ့ပါတယ်။ 

 

"အပြင်ထွက်ပြီးတော့ မုန့်ဟင်းခါးဝယ်စားနေတာဗျ။ သူက မုန့်ဟင်းခါးတောင် မစားလိုက်ရဘူး။ ကျနော်တို့က သွားပြီးပစ်လိုက်တာ။ နေရာတင်ပွဲချင်းပြီးတယ်။ သူ့ရဲ့လက်နက်နဲ့ ကျည်တွေပါရခဲ့တယ်" လို့ ချောင်းဦးကာကွယ်‌ရေးတပ်ဖွဲ့ရဲ့ ရဲဘော်တဦးမှ ၂၀၂၃ မေ ၉ ရက်က သူတို့လုပ်ရပ်ကို ပြန်ပြောပြပါတယ်။  

 

ချောင်းဦးမြို့နယ်ဟာ  အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့နယ်နဲ့ ၁၆ မိုင်သာဝေးပါတယ်။

 

မုံရွာရဲ့ အနောက်ဘက် ချင်းတွင်းမြစ်တဖက်ကမ်းက ဆားလင်းကြီးမြို့နယ်မှာလည်း  ပြီးခဲ့တဲ့နှစ် ၂၀၂၂ ဇူလိုင်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ အပစ်ခံခဲ့ရပါသေးတယ်။ 

 

စစ်သားနဲ့ ရဲ ၄ ဦး သေဆုံးသွားပြီး  လက်နက်နဲ့ ကျည်ဆံတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပစ်ခတ်ရာမှာ ပါဝင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Triple Two Task Force က မြေလတ်အသံကို ပြောပါတယ်။ 

 

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ မိုးအကုန် ပွင့်လင်းရာသီကစလို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအထက်ပိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ စတဲ့အညာဒေသတဝိုက်မှာ အကြီးစားစစ်ဆင်ရေးတခု လုပ်နေတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

 

ဒါပေမဲ့ အညာဒေသရဲ့ လက်ရှိ စစ်ဆင်ရေးအခြေအနေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်သားတွေဟာ  စခန်းအပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်တာ၊ အစားအသောက်ထွက်စားတာ မဆိုထားနဲ့ စခန်းခြံစည်းရိုး အပြင်ထွက်ရုံနဲ့တင် ဒေသကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို ခံနေရပါတယ်။

 

ဒီအခြေအနေကို အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးစခဲ့တဲ့ အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) ရဲ့ခေါင်း‌ဆောင် ဗိုလ်နဂါးက အခုလို မှတ်ချက်ပြုပါတယ်။ 

 

“သူတို့က လေကြောင်းနဲ့ အင်အားအလုံးအရင်းသာ မပါရင် ခြံထဲမှာ ပိတ်မိနေတဲ့ ခွေးရူးတွေလိုပဲ စခန်းအပြင်ဘက်ကို ခေါင်းတောင်မပြူရဲဘူး” 

 

စစ်ကောင်စီစခန်းတချို့ကို ဒေသကာကွယ်ရေးတပ်တွေက ဝင်တိုက်လာနိုင်တာ၊ တချို့စစ်စခန်းတွေဟာ အတိုက်မခံရခင်မှာပဲ ကြိုတင်ရုတ်သိမ်းသွားနေကြတာဟာ စစ်ကောင်စီဘက်က စစ်ရေးအရ ကျရှုံးလာနေတဲ့ အထောက်အထားပဲလို့ သူက ဆက်ပြောပါတယ်။ 

 

၂၀၂၃ ဇွန်လ ၉ ရက်ညနေပိုင်းမှာ ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်တပ်စွဲထားတဲ့ ညောင်ပင်ကြီးရဲစခန်းကို MRDA အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာမှာ ရဲနဲ့ စစ်သား ၁၅ ဦး သေဆုံးခဲ့ပါသေးတယ်။

 

နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စခန်းသိမ်းနိုင်လုနီးပါးဖြစ်နေချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ စစ်ကူရောက်လာလို့ ဒေသကာကွယ်ရေးတပ်တွေ ဆုတ်ခွာခဲ့ကြပါတယ်။ 

 

 

နယ်မြေလုနေရတဲ့ မင်းအောင်လှိုင်စစ်တပ်

 

 

တနိုင်ငံလုံးကို ကိုယ်စားပြုတယ်ဆိုတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံမြေပုံပါ နယ်မြေဒေသအားလုံးကို အရင်ကတည်းက ထိန်းချုပ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ 

 

အထူးသဖြင့် တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး နယ်မြေထိန်းချုပ်ဖို့ အားပြိုင်နေခဲ့တာဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ။ 

 

ကချင်ပြည်နယ်မှာဆိုရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ပြီး နယ်မြေစိုးမိုးဖို့ကြိုးစားနေပေမယ့် ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ ခုခံစစ်ကြောင့် ခုချိန်အထိ နယ်မြေစိုးမိုးမှု မရနိုင်ဖြစ်နေခဲ့ပါတယ်။

 

တပ်မတော်မှာ နှစ်‌ပေါင်း ၂၀ ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီးဇင်ယော်က မြန်မာစစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက တိုင်းရင်းသားပြည်နယ်တွေမှာ နယ်မြေထိန်းချုပ်နိုင်စွမ်းလျော့နေပြီး တရားမဝင်ပုံစံနဲ့ လှုပ်ရှားသွားလာနေခဲ့ရတယ်လို့ ဆိုပါတယ်။ 

 

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ကြီးစိုးထားတဲ့နယ်မြေတွေမှာ မြန်မာစစ်တပ်ဟာ အရပ်ဘက်သုံးမော်တော်ယာဉ်တွေဖြစ်တဲ့ ကုမ္ပဏီကားတွေ၊ မြေသယ်ကားတွေနဲ့ ဆီဘောက်ဆာကားတွေသုံးပြီး တပ်ပြောင်းရွှေ့တာ၊ ရိက္ခာနဲ့ လက်နက်သယ်တာတွေကို  ခိုးကြောင်ခိုးဝှက်လုပ်ခဲ့ရတာလို့ သူကရှင်းပြပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက  အဲဒီလမ်းမတွေပေါ်မှာ ပေါ်ပေါ် ထင်ထင်ထွက်ပြီး လမ်းကြေးကောက်နေကြတဲ့အချိန်မှာ မြန်မာစစ်တပ်က အခုလို လျှို့ဝှက်သွားလာနေခဲ့ရတာကြောင့်  “အဲ့ကတည်းက  ကျနော်ပြောတာက စစ်တပ်က သူပုန်ပြန်ဖြစ်နေပြီ” လို့  သူကပြောပါတယ်။ 

 

အရင်က လက်နက်ကိုင်တပ်ဖွဲ့တွေမရှိတဲ့ အညာဒေသလိုနေရာတွေမှာတော့ စစ်တပ်ဟာ အာဏာမသိမ်းခင်အထိ လိုသလို သွားလာလှုပ်ရှားနိုင်ပြီး စိုးမိုးခြယ်လှယ်ခွင့် ရခဲ့ပါတယ်။ 

 

ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ အနောက်မြောက်ပိုင်းစစ်ဒေသဟာ “စစ်တပ်သင်္ချိုင်း စစ်ကိုင်းတိုင်း” လို့ ပြောစမှတ်ပြုရတဲ့အထိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဟာ အာဏာသိမ်းမင်းအောင်လှိုင်စစ်တပ်ကို အကြီးအကျယ် ခြိမ်းခြောက်လို့ထားပါတယ်။ 

 

 

ထပ်တိုးလာတဲ့ ရန်သူသစ်

 

 

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီလောက်တည်းက အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ဆက်တိုက်ဆိုသလို ရက်ရက်စက်စက် နှိမ်နှင်းလိုက်တဲ့အခါ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ 

 

အဲ့ဒီအထဲက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ဟာ တူမီးသေနတ်၊ တထောင့်ထိုးသေနတ်၊ လက်လုပ်မိုင်းတွေနဲ့ အာဏာသိမ်းမင်းအောင်လှိုင်စစ်တပ်ကို အစောဆုံး တော်လှန်တိုက်ခိုက်ခဲ့တဲ့ နယ်မြေတွေဖြစ်ပါတယ်။ 

 

အဲ့ဒီနောက် ဒေသကာကွယ်ရေးသမားတွေဟာ တိုင်းရင်းသားပြည်နယ်တွေက လက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ ကာလတို စစ်ပညာသွားရောက်သင်ယူပြီး မြေပြန့်မှာ စစ်ကောင်စီတပ်တွေကို ပြောက်ကျားနည်းနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။

 

ဒေသခံ လက်နက်ကိုင်ပြောက်ကျားတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေဖြစ်တဲ့ ရုံးဌာနတွေ၊ သတင်းပေးတွေကို ဆက်တိုက် ရှင်းလင်းနိုင်ခဲ့သလို စစ်ကောင်စီရဲ့ အထိုင်စခန်းတွေ၊ စစ်ကြောင်း တွေနဲ့ ရိက္ခာလက်နက် သယ်ယူပို့ဆောင်ပေးနေတဲ့ ထောက်ပို့ယာဉ်တန်းတွေကိုပါ နေ့စဉ်ဆိုသလို တိုက်ခိုက်နေခဲ့တာပါ။

  

မြေပြင်ပြောက်ကျားလက်နက်ကိုင်အဖွဲ့တွေကို နှိမ်နှင်းဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းကို အသုံးပြုပြီး စစ်ရှိန်မြှင့်တိုက်ခိုက်လာခဲ့ပါတယ်။

 

“Mi-35 တွေကို အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ထဲမှာ အပြည့်ချထားခဲ့တယ်။ ဒီလေယာဉ်တွေက ၁၀ မိနစ်လောက် ပျံသန်းရုံနဲ့ ကျနော်တို့ဆီရောက်လာပြီ။ ကျနော်တို့က လေကြောင်းသတင်းကြားရပြီး ၁၅ မိနစ်လောက်ကြာတဲ့အထိ လုံခြုံတဲ့နေရာကို မရောက်နိုင်သေးဘူး” လို့ လေကြောင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)ရဲ့ခေါင်းဆောင် ဗိုလ်နဂါးက ရှင်းပြပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီရဲ့ မြေပြင်အထိုင်တပ်တွေကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်တာကို မကြာခဏ ခံနေရသလို လက်နက်တွေအသိမ်းခံနေရတာတွေကိုပါ ကြုံတွေ့နေရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။ 

 

 

ရန်သူသစ်အတွက် စစ်ဆင်ရေး 

 

 

အညာဒေသမှာ စစ်မျက်နှာဖွင့်ဖို့ အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ၂၀၂၁ အောက်တိုဘာ ၁ ရက်ကစပြီး ၅ လကြာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။

  

အဲ့ဒီနောက် စစ်ကောင်စီဟာ အထူးသဖြင့် ရခိုင်မှာဖွင့်ထားတဲ့ စစ်မျက်နှာကို ပြန်ရုတ်သိမ်းပြီး အညာဒေသရဲ့ အနောက်‌မြောက်လွင်ပြင်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာပါတယ်။

 

ဒီထိုးစစ်တွေအတွက် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၊ ပဲခူးအခြေစိုက် တပ်မ ၇၇ နဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တို့ကို  အသုံးပြုခဲ့ပြီး အမြောက်တပ်၊ ဒုံးတပ်၊ လေကြောင်းချီတပ်တွေအပြင် ချင်းတွင်းမြစ်တလျှောက် ရေကြောင်းနဲ့ ချီတက်ကာ အင်အားဖြည့်တင်းခဲ့ပါတယ်။

 

တိုင်းရင်းသားဒေသတချို့နဲ့ အရင်ပြည်တွင်းစစ် စစ်ဆင်ရေးတွေမှာ အသုံးပြုခဲ့တဲ့ ဖြတ်လေးဖြတ်နည်းနာ (ရိက္ခာ၊ သတင်း၊ ရန်ပုံငွေနဲ့ လူအင်အားဖြတ်တောက်) အပြင် ရွာလုံးကျွတ်မီးရှို့တာ၊ လူသတ်တာတွေလုပ်ပြီး စစ်ကောင်စီတပ်ဟာ အနောက်မြောက် မြေပြန့်လွင်ပြင်ကို နယ်မြေရှင်းလင်းရေးလုပ်ပါတော့တယ်။

 

၂၀၂၂ တပ်မတော်နေ့အခမ်းအနားမှာလည်း အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့ကို ထောက်ပံ့ပေးနေတဲ့အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အထိ နှိမ်နင်းဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုခဲ့ပါတယ်။ 

 

အနောက်မြောက်တိုင်းစစ်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ CDM တပ်ကြပ်ကြီးတဦးက “စစ်ကိုင်းနဲ့ မကွေး PDF‌ တွေ အကုန်လုံးကို နှိမ်နင်းနိုင်ရင် နွေဦးတော်လှန်ရေးရှုံးပြီလို့ သူတို့ (စစ်ကောင်စီက) ယူဆထားပုံရတယ်။ နောက်တခုက လူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ ပေါင်းမိမယ်ဆိုတာကိုလည်း စိုးရိမ်တာပေါ့” လို့ သုံးသပ်ပါတယ်။

 

 

ဗျူဟာ မကောင်းလို့ စစ်ဗိုလ်ချုပ်တွေ ပြောင်းလိုက်ရတဲ့ စစ်ကိုင်း

 

 

အညာဒေသမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကို ပြန်ကြည့်မယ်ဆိုရင်  အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ အလုပ်သင်ဗိုလ် အပတ်စဉ် ၂၃ ဆင်း ဗိုလ်မှူးချုပ်ဖြိုးသန့် ကို နမခ စစ်တိုင်းမှူးအဖြစ် စစ်ခေါင်းဆောင်တွေက ခန့်အပ်ခဲ့ ပါတယ်။

 

အာဏာသိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တိုင်းမှူးတွေအပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင် နေရာအတော်များများကို အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ကစထ ၆ ကစထမှူး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန် ပူးတွဲပေးအပ်ခဲ့ပါတယ်။

 

ကစထ ၆၊ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် (ပုံဟောင်း)

 

ဒ့ါအပြင် ယခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ပေးကာ မပခ၊ နမခနဲ့ လပခ တို့ကို စစ်ဆင်ရေးကွပ်ကဲရတဲ့ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၁ မှူး) အဖြစ် တိုးမြှင့်ခန့်အပ်ခဲ့ပါတယ်။

 

အနောက်မြောက်ဒေသစစ်ဆင်ရေးကို စတင်ပြင်ဆင်ချိန်မှာ  စစ်ခေါင်းဆောင်တွေဟာ နမခတိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် ကို တိုက်ရိုက်မကိုင်တွယ်ခိုင်းဘဲ နေပြည်တော်က ဒုဗိုလ်ချုပ်ကြီး ၂ ဦးကို  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ မုံရွာ နမခကို စေလွှတ်ခဲ့ပါတယ်။

 

သူတို့ ၂ ဦးဟာ မုံရွာနမခကို ကွပ်ကဲနေတဲ့ အမှတ် ၁ စစ်ဆင်‌ရေးအထူးအဖွဲ့(ကစထ ၁) ကစထမှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ အဲ့ဒီအချိန်က ရဲချုပ်နဲ့ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၆) ကစထမှူး တာဝန်ကို ပူးတွဲရယူထားသူ၊ ယခင်က နမခတိုင်းမှူးအဖြစ် ၄ နှစ်ခန့်တာဝန်ယူဖူးသူ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ပဲဖြစ်ပါတယ်။ 

 

“အဲ့ဒီကာလတုန်း စစ်ကိုင်းက PDF တွေ မကုန်မချင်း နေပြည်တော်ပြန်မလာနဲ့လို့ တပ်ချုပ်ကသူ့(ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်)ကို မှာပြီး စစ်ကိုင်းကိုလွှတ်လိုက်တာ” လို့ တပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

 

ဒုတိယဗိုလ်ချုပ်ကြီး ၂ ဦးကို စေလွှတ်ရတဲ့အကြောင်းရင်းကတော့ ဒုံးတပ်၊ အမြောက်တပ် စတဲ့လက်ရုံးတပ်တွေ အများအပြားပါဝင်နေတဲ့ အနောက်မြောက်ဒေသစစ်ဆင်ရေးမှာ ဗိုလ်ချုပ်အဆင့်ရှိတဲ့ လက်ရုံးတပ်ညွှန်ကြားရေးမှူး တွေကို တိုက်ရိုက်ကွပ်ကဲနိုင်ဖို့ ဖြစ်တယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ဒါပေမဲ့ စစ်ခေါင်းဆောင်တွေမျှော်မှန်းထားသလို စစ်ကိုင်းတိုင်းကို မထိန်းချုပ်နိုင်ဖြစ်နေတဲ့အခါ စစ်ဆင်ရေးစပြီး ၄ လလောက်အကြာမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် ကို နယ်ဘက်ဝန်ကြီးဌာနကို ပြောင်းရွှေ့လိုက်ပါတယ်။

 

အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး(ဟောင်း) ဗိုလ်မှူးချုပ် ဖြိုးသန့်

 

“အဲ့ဒီကာလကတည်းက ဖြိုးသန့်က နာမည်လည်းတအားထွက်၊ စစ်ကိုင်းထဲမှာပိုဆိုးလာလို့ “ကွပ်ကဲမှုညံ့” နဲ့ တိုင်းမှူး ဗိုလ်ချုပ် အပွင့်တောင်မတင်လိုက်ရဘဲ နယ်ဘက်ပြောင်းခံလိုက်ရတာ” လို့ တိုင်းမှူးအစားထိုးခန့် အပ်လိုက်တဲ့အခြေအနေကို နမခတိုင်းတွင်း တာဝန်ထမ်းဆောင်ဖူးသူ CDM တပ်ကြပ်ကြီးက ရှင်းပြပါတယ်။

 

သူ့ရဲ့ နမခစစ်တိုင်းမှူးနေရာကိုတော့ အဲ့ဒီအချိန်က ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၀)ရဲ့ စကခမှူးဖြစ်သူ ဗိုလ်မှူးချုပ်သန်းထိုက်ကို အစားထိုးလိုက်ပြီး လက်ရှိအချိန်အထိ တာဝန်ယူထားတာ ဖြစ်ပါတယ်။

 

နောက်ထပ် ၂ လအကြာ ၂၀၂၂ မတ်လမှာ ဗိုလ်မှူးချုပ် ဖြိုးသန့်နဲ့အတူ စစ်ဆင်ရေးမအောင်မြင်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်ကို ပြန်လည်ခေါ်ယူခဲ့ပြီး သူရဲ့ ရာထူးတွေဖြစ်တဲ့ ပြည်ထဲရေး ဒုဝန်ကြီး၊ ရဲချုပ်၊  အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ  ၆) စတဲ့ ရာထူးတွေ တခုချင်းဖြုတ်ပြီး အနားပေးလိုက်ပါတယ်။ 

 

ကစထ ၁ ကစထမှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကတော့ နမခစစ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နဲ့အတူ ခုအချိန်အထိ အနောက်မြောက်ပိုင်းစစ်ဆင်ရေးကို ကွပ်ကဲနေပါတယ်။ 

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်

 

အနောက်မြောက်ပိုင်း စစ်ဆင်ရေးကို ကွပ်ကဲသူတွေသာ ပြောင်းသွားပေမယ့် မပြောင်းလဲတာကတော့ စစ်ကြောင်းထိုးရင် ကျေးရွာတွေကို မီးရှို့တာနဲ့ လေကြောင်းပစ်ခတ်တာတွေသာ ဖြစ်ပါတယ်။ 

 

Data For Myanmar ရဲ့စာရင်းအရ ၂၀၂၃ ဇွန်အထိ စစ်ကိုင်းနဲ့မကွေးမှာ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ဟာ ၃၆,၀၀၀ ကျော်ရှိခဲ့ပါပြီ။ လေကြောင်းတိုက်ခိုက်မှုကလည်း စစ်ကိုင်းနဲ့ မကွေးမှာ ၂၀၂၃ ဧပြီအထိ ၃၆၁ ကြိမ်ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

 

ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ကျေးရွာနေအိမ်တွေ၊ လူစုလူဝေးရှိတဲ့နေရာတွေနဲ့ သာသနိက အဆောက်အအုံ တွေကိုပါမချန်လတိုက်ခိုက်တာဖြစ်ပြီး  သေဆုံးသူအများစုက အရပ်သားတွေ ဖြစ်ပါတယ်။ 

 

၂၀၂၃ ဧပြီလ ၁၁ ရက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ ဒေသခံ၂၀၀ နီးပါး သေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ ကလေး အယောက် ၄၀ ထက်မနည်း ပါဝင်တယ်လို့ မြေပြင်စာရင်းကောက်ယူသူတွေကတဆင့် သိရပါတယ်။

 

စစ်ကောင်စီတပ်သုံး Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေစဉ်

 

 

ခုလို စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ လေယာဉ်နဲ့ပစ်နေတဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၃ နွေရာသီကုန်သွားတာတောင် အနောက်မြောက်လွင်ပြင်က ဒေသခံတော်လှန်ရေးသမားတွေကို အမြစ်ပြတ် နှိမ်နှင်းနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ 

 

စစ်ဆင်ရေးကြာလာတာနဲ့အမျှ  အာဏာသိမ်းစစ်ကောင်စီရဲ့ မြေပြင်တပ်သားတွေရဲ့ သွားလာလှုပ်ရှားနိုင်တဲ့ နယ်နိမိတ်က တဖြည်းဖြည်းကျဉ်းမြောင်းလာပြီး ဒေသခံလက်နက်ကိုင်အင်အားစုတွေကတော့ ပေါ်ပေါ်ထင်ထင် သွားလာနိုင်တဲ့အထိ ဖြစ်လာပါတယ်။  

 

၂၀၂၃ ဇွန် ၁၈ ရက်က စစ်ကိုင်းတိုင်း ဆားတောင်မြို့နယ်မှာ ဇီးရိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးလောက်ဟာ မြို့မစျေးထဲကို လက်နက်တွေနဲ့ လှည့်လည်သွားလာခဲ့တဲ့ ရုပ်သံမှတ်တမ်းတခု ဖေ့စ်ဘွခ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

 

ဇီးရိုးပြောက်ကျား တပ်ရင်းမှူး ဗိုလ်သက်ကြီးက “ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်လာပြီဆိုတာနဲ့ စကစကကောင်တွေ ကတုတ်ကျင်းထဲကို ပြေးဝင်တယ်။ လုံးဝကို ခေါင်းတောင်မဖော်ရဲတဲ့ အနေအထားမျိုးရှိတယ်။ ဘာပဲပြောပြော သူတို့က ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို အကြောက်တရားနဲ့ နေနေရတယ်ဆိုတာက သိသိသာသာ ထင်ရှားလာပါတယ်” လို့ မြေလတ်အသံကို ပြောပါတယ်။

ဇီးရိုးပြောက်ကျားတပ်ဖွဲ့ဝင်များ ဆားတောင်မြို့မဈေးအတွင်းလှည့်လည်နေစဉ် (ဇွန်-၁၈)

 

ဆားတောင်မြို့နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာရှိပြီး တပ်မ ၃၃ အခြေစိုက်ရာ စစ်ကိုင်းရဲ့မြောက်ဘက် မိုင် ၂၀ အကွာမှာသာရှိတဲ့ မြို့ဖြစ်ပါတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနဲ့ဆို မိုင် ၃၀ အကွာမှာ ရှိပါတယ်။ 

 

 

မီးကုန် ယမ်းကုန် နွှဲမယ့်စစ်

 

 

အနောက်မြောက်တိုင်းစစ်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ CDM တပ်ကြပ်ကြီးတဦးက အညာဒေသကို  လက်ရှိအချိန်အထိ စစ်ကောင်စီကမထိန်းချုပ်နိုင်ဖြစ်နေပြီး “ စစ်ဆင်ရေး ရှုံးနိမ့်ခဲ့ရင် အကျိုးဆက်က နယ်မြေအားလုံးနဲ့ သူတို့ တိုင်းစစ်ဌာနချုပ်ကြီးတခုလုံး ပေးလိုက်ရမှာပေါ့။ ဒီလိုတော့လည်း စစ်တပ်က လွယ်လွယ်အဖြစ်ခံမှာ မဟုတ်ဘူး” လို့ မှတ်ချက်ပြုပါတယ်။ 

 

တပြိုင်နက်တည်းမှာပဲ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသလို တိုင်းရင်းသားလက်နက်ကိုင်တပ် နယ်မြေတွေမှာ စစ်ဆင်ရေးကြာမြင့်လာလို့ စစ်တပ်ဘက်က စဉ်းစားပုံတမျိုးပြောင်းသွားရင်တောင်မှ စစ်ကိုင်းနဲ့ မကွေးလို မြေပြန့်ဒေသကို ရေဆုံး၊ မြေဆုံး တိုက်နေဦးမှာပဲလို့ သူကသုံးသပ်ပါတယ်။  

 

ဇွန်လ နောက်ဆုံးပတ်ထဲမှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်လာတာအပြင် ပြောက်ကျားနည်းဖြစ်တဲ့ အလစ်အငိုက်ခြုံခိုတိုက်ခိုက်တဲ့ နည်းတွေကို အသုံးပြုတာနဲ့ သတင်းအတိအကျရပြီး PDF တပ်စခန်းတွေကို ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်လာတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

 

မြေလတ်အသံက ရရှိထားတဲ့ အချက်အလက်အရ ၂၀၂၃ ဇွန်လထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံး ခဲ့ပါတယ်။

 

စစ်အသုံးစရိတ်ကိုကြည့်ရင်လည်း အာဏာသိမ်းပြီးကတည်းက တဖြည်းဖြည်းမြင့်တက်လာတာကိုတွေ့ ရပါတယ်။ 

 

အာဏာမသိမ်းခင်က ၂၀၂၀-၂၁ မှာ စစ်အသုံးစရိတ်ဟာ စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်း၊ အာဏာသိမ်းပြီး ခြောက်လစာ မီနီဘတ်ဂျက်မှာ ၁၁ ရာခိုင်နှုန်း၊ ၂၀၂၀ -၂၀၂၃ မှာတော့ ၂၁ ရာခိုင်နှုန်းကနေ ဒီနှစ်မှာတော့ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်သွားတာတွေ့ရပါတယ်။

 

ဒီနှစ် စစ်အသုံးစရိတ် ငွေပမာဏ ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဟာ အာဏာမသိမ်းခင်ကနဲ့ ယှဉ်ရင် ၃ ဆမြင့်တက်သွားတဲ့ သဘောပါ။ 

 

ဒါ့အပြင် နှစ်စဉ်အသုံးစရိတ်အများဆုံးဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လစာထုတ်ပေးတဲ့ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန အသုံးစရိတ်ထက် ဒီနှစ်စစ်အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁,၃၀၀ ကျော်ပိုနေတာပါ။  

 

CDM ဗိုလ်ကြီးဇင်ယော်ကတော့ လက်နက်အင်အားအသာရထားတဲ့ စစ်ကောင်စီကြောင့် အညာဒေသမှာ ရွာလုံးကျွတ် မီးရှို့ခံရတာတွေ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာတွေရှိနေပေမယ့် မြန်မာစစ်တပ်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရှုံးနိမ့်သွားပြီလို့ ဆိုပါတယ်။ 

 

“တချိန်က စစ်ကိုင်းဆိုရင် ကျည်လွတ်မြေဆိုပြီး စစ်တပ်က ထင်တိုင်းကြဲနိုင်ခဲ့တာ။ အခု စစ်ကိုင်းတိုင်းမှာ သူတို့တွေ အကြောက်တရားရနေကြပြီ” လို့ သူက မှတ်ချက်ပြုပါတယ်။ 

 

#မြေလတ်အသံ

#အညာစစ်ဆင်ရေး #စစ်ကိုင်းတိုင်း #CDM #စစ်တပ် #မင်းအောင်လှိုင် #ဗိုလ်ချုပ်သန်းထိုက် #စစ်သုံးစရိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10