မုံရွာက စစ်ကောင်စီသစ်တောဌာနပိုင်သစ်စက် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးဟုဆို

မုံရွာက စစ်ကောင်စီသစ်တောဌာနပိုင်သစ်စက် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စစ်ကောင်စီလက်အောက်သစ်စက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂၅ ရက် ဒီကနေ့မနက်အစော ၄ နာရီကျော်မှာ သစ်တောဌာနပိုင် အမှတ် ၇၅ ပင်မသစ်ခွဲစက်ရုံ ပင်မဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ဘယ်ကနေစလောင်တယ်ဆိုတာတော့ မသိရသေးဘူး။ မီးသတ်ဘက်ကတော့ စစ်ဆေးနေတုန်းလို့ သိရတယ်။ ဖြစ်နိုင်တာက ဝါယာရှော့ပဲ ဖြစ်ဖို့များတယ်။ စက်ရုံဝန်း တခုလုံးနီးပါးတော့ ကုန်သွားတယ်"လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်လို့ သစ်စက်ဝန်းအတွင်းရှိ သစ်ခွဲရုံအဆောက်အဦ၊ သစ်ခွဲစက်နဲ့ဆက်စပ်ပစ္စည်းများ၊ ကျွန်း၊ ပျဥ်းကတိုးတွေအပါအဝင် သစ် ၁၆ တန်ခန့်မီးလောင်ပျက်စီးသွားလို့ ကျပ်သိန်းထောင်ချီ ဆုံးရှုံးမှုရှိနိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းပါတယ်။

မီးလောင်မှုနေရာကို  စစ်ကိုင်းတိုင်းမီးသတ်၊ မုံရွာခရိုင်မီးသတ်စခန်း၊ မုံရွာမြို့နယ်မီးသတ်နဲ့ အရန်မီးသတ်စခန်းတွေက မီးသတ်ယာဥ် ၂၀ ခန့်၊  အင်အား ၁၀၀ ဝန်း ကျင်နဲ့  ၃ နာရီကျော်ကြာ ဝိုင်းဝန်းငြှိမ်းသတ်မှ မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်မှာ နေထိုင်သူတဦးက အရက်မူးပြီး သူရဲ့နေအိမ်ကို မီးပြန်ရှို့ရာမှ ရပ်ကွက်ထဲကနေအိမ်တွေမီးကူးပြီး နေအိမ် ၃၀ ကျော်မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မုံရွာ #သစ်တောဌာန #သစ်စက် #မီးလောင် #ဆုံးရှုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10