မုံရွာက စျေးခေါင်း ၁ ဦး အသတ်ခံရ

မုံရွာက စျေးခေါင်း ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် သီရိရတနာဈေးက စျေးခေါင်းအမျိုးသားတဦး သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်မနေ့ကနေ့လည် ၁၂ နာရီဝန်းကျင်မှာ စျေးခေါင်း ဦးအောင်ဇော်ဝင်း ၅၀ နှစ်ဟာ သီရိရတနာဈေး အပေါ်ထပ်ရှိ ဈေးရုံးခန်းမှာရှိနေချိန် အမျိုးသား ၂ ဦး ဝင်ရောက်လာပြီး သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

"သူက Non-CDM ဝန်ထမ်း ၁ ယောက်ပဲ။ ဖြစ်တဲ့အချိန်က စျေးခေါင်းရုံးပေါ်မှာ သူတယောက်တည်း ရှိနေချိန်လို့တော့ သိရတယ်။ အဲဒါကို သေနတ်နဲ့ပစ်တာကော ဓားနဲ့ပါထိုးခဲ့တာ။ နေရာမှာပဲ သေသွားတယ်"လို့ ပြောပါတယ်။

ဦးအောင်ဇော်ဝင်းဟာ ဝဲရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနားရွက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျောယာဘက် ထိုးသွင်းဒဏ်ရာ ၁ ချက် (စုစုပေါင်း ဒဏ်ရာ၄ ချက်)ရရှိပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးအောင်ဇော်ဝင်းအလောင်းကိုတော့ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးပြီး မုံရွာပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ ဆိုပါတယ်။

သူ့ကိုဘယ်အဖွဲ့အစည်းက ဘာကြောင့်သတ်သွားလဲဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ခုနောက်ပိုင်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲတဲ့နေရာတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ၊ ထောက်ခံသူတွေနဲ့ သတင်းပေးဒလန်ဆိုသူတွေလည်း ပစ်ခတ်ရှင်းလင်းခံနေရပါတယ်။

ဒါ့အပြင်ဒီမနက် ၇ နာရီဝန်းကျင်မှာလည်း မုံရွာမြို့၊ အမှတ် ၂ ရဲစခန်းက စခန်းမှူးအပါအဝင် ၇ ဦးလိုက်လာတဲ့ကားကို မုံရွာမြို့၊ နန္ဒရပ်ကွက်၊ သမစိတ္တလမ်း၊ အင်ကြင်းခိုင်ဟိုတယ်အနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10