မုံရွာက ဆေးရုံ ၂ ရုံကို စစ်ကောင်စီအဖွဲ့တွေ ဝင်စီး

မုံရွာက ဆေးရုံ ၂ ရုံကို စစ်ကောင်စီအဖွဲ့တွေ ဝင်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က ပုဂ္ဂလိက ဆေးရုံ ၂ ရုံကို စစ်ကောင်စီဘက်မှ ဝင်ရောက်စီးနင်းရှာဖွေနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက်ဒီမနက် ၁၁ နာရီဝန်းကျင်မှာ ဒေါနခြံရပ်ကွက်၊ သာစည်မီးပွိုင့်နားက ရွှေတော်ဝင်ဆေးရုံနဲ့ ကူတိုးကုန်းရပ်ကွက် ရွှေတောင်မေတ္တာ အခမဲ့ဆေးရုံတို့ကို စစ်ကောင်စီဘက်က အင်အား ၁၅ ဦးခန့်စီနဲ့ ဝင်စီးရှာဖွေနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီမနက်ပိုင်းမှာ ဆေးရုံ ၂ ခုကို ဝင်ရှာတာက ဟုတ်တယ်။ ရွှေတောင်မေတ္တာက အခမဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ဖွင့်ထားတာ။ သိရသလောက်က စကစ ထောက်ခံ တယ်လီဂရမ်တွေကနေ ဒီဆေးရုံတွေမှာ CDM ဆရာဝန်၊ သူနာပြုတွေ အလုပ်လုပ်နေတယ်လို့ ဖွလို့ ဝင်စစ်တာ" လို့ ပြောပါတယ်။

 ဒါအပြင် ရွှေတောင်မေတ္တာ ဆေးရုံဖွင့်ထားတဲ့ ပြည်လုံးချမ်းသာကျောင်းတိုက်ဆရာတော်နဲ့ ဆေးရုံကားတစီးကို စစ်ကောင်စီဘက်က ဖမ်းဆီးသိမ်းဆည်းသွားတယ်လို့ သိရပေမယ့် ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး အတည်ပြုနိုင်ဖို့ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီအဖွဲ့တွေ လာစစ်မယ်ဆိုတဲ့ သတင်းကြောင့် လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ရွှေတောင်မေတ္တာဆေးရုံမှာ ဆေးရုံတက်နေတဲ့ လူနာတွေအပါအဝင် ဆရာဝန်၊ သူနာပြုတွေကို အခြားနေရာတွေဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ ရွှေတော်ဝင်ဆေးရုံက ဆရာဝန်၊ သူနာပြုတွေကို ခေါ်ယူစစ်ဆေးခဲ့သလို ဆေးရုံ ၂ ရုံနားမှာလည်း ဒီနေ့ နေ့လည်ပိုင်းထိ စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ရွှေတောင်မေတ္တာဆေးရုံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့က ၃ ကြိမ်ထက်မနည်း ဝင်ရောက်စစ်ဆေးဖူးတယ်လို့ သိရပါတယ်။

ပုံစာ − ရွှေတော်ဝင်ဆေးရုံ။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10