မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ ဦးကျော် အစာငတ်ခံဆန္ဒပြ

မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ ဦးကျော် အစာငတ်ခံဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးဟာ စက်တင်ဘာ ၈ ရက်မှာ အစာအငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောပါတယ်။

စစ်ကောင်စီတပ်သား၊ ရဲတပ်သားတွေ၊ အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မုံရွာအကျဥ်းထောင်ထဲ ဝင်ရောက်ပြီး အကျဥ်းသားတွေရဲ့အဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ စာအုပ်၊ ခဲတံ စတဲ့ပစ္စည်းတွေကို အဓမ္မသိမ်းယူသွားတာကြောင့် အခုလိုဆန္ဒပြကြတာလို့ ဆိုပါတယ်။

"အကျဥ်းသားတွေကို အကျဥ်းထောင်ကနေ အသုံးပြုခွင့်ပေးထားတဲ့ပစ္စည်းတွေကို လိုအပ်တာတွေထက် ပိုနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သိမ်းဆည်းသွားတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြတာ ဖြစ်နိုင်တယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အခုလိုဆန္ဒပြတာကို မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ချောင်းဦး သပိတ်ခေါင်းဆောင် ကိုမာန်ဇာတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့ကိုတော့  ထောင်အာဏာပိုင်တွေက ထောင်ပြင်ပတနေရာမှာရှိတဲ့ အဆောင်တဆောင်ကို  ပြောင်းရွှေ့ထားလိုက်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အစာငတ်ခံဆန္ဒပြ‌နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချင်တဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလအတွင်းမှာလည်း မုံရွာအကျဥ်းထောင်းမှာ ဆန္ဒပြပွဲတခုဖြစ်ပွားခဲ့ရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အကျဥ်းသားတချို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #အစာငတ်ခံဆန္ဒပြ #ဝေမိုးနိုင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10