မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြတောင်းဆိုမှု အောင်မြင်ပြီ

မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြတောင်းဆိုမှု အောင်မြင်ပြီ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားတွေ အစာငတ်ခံဆန္ဒပြ တောင်းဆိုမှု စက်တင်ဘာ ၁၃ ရက်ဒီနေ့မနက်မှာ အောင်မြင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားကွန်ရက်က ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား ၅၀ ဦးက နှစ်သုတ်ခွဲပြီး အစာငတ်ခံဆန္ဒပြကြရာ ၆ ရက်အကြာမှာ ထောင်အာဏာပိုင်တွေက အကျဥ်းသားတွေရဲ့တောင်းဆိုချက် ၃ ချက်ကို လိုက်လျောပေးခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

"တောင်းဆိုချက်အားလုံးရတယ်။ နေမကောင်း ဖြစ်နေသူ ၃ယောက်ကလည်း ဆေးကုသမှုခံယူနေပြီ။ ထောင်တွင်းတိုက်ပွဲ အောင်မြင်တယ်ပေါ့" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေရဲ့တောင်းဆိုချက် ၃ ချက်ကတော့ (၁) အထူးရှာဖွေရေးက သိမ်းဆည်းသွားတဲ့ အကျဉ်းသားတွေပိုင်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ရန်၊ (၂) ပြင်ပမှပေးပို့တဲ့ ထောင်ဝင်စာပါဆယ်တွေကို ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊(၃) အစာငတ်ခံဆန္ဒပြလျက်ရှိတဲ့ နိုင်/ကျဥ်းတွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန်တို့ ဖြစ်ကြပါတယ်။

"အစာငတ်ခံဆန္ဒပြတာက အကျဥ်းသားတွေရဲ့ အခွင့်အရေးကို ပြန်လည်တောင်းဆိုကြတာဖြစ်တဲ့အတွက် ရသင့်တယ်။ အောင်မြင်မယ်လို့လည်း အစောကတည်းက ယုံကြည်ခဲ့တယ်။ အောင်မြင်အောင် ဝန်းရံပေးကြတဲ့ ပြည်သူလူထုကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ကိုသိုက်ထွန်းဦးက ​ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စင်တင်ဘာ ၈ ရက်မနက်မှာ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့က နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ဝင်ရောက်ရှာဖွေသိမ်းဆည်သွားတာနဲ့ ပတ်သက်လို့ အကျဥ်းသား ၁၄ ဦးက ပထမအသုတ်အနေနဲ့ အစာငတ်ခံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၁၁ ရက်မှာ နောက်ထပ်နိုင်ငံရေးအကျဥ်းသား ၃၆ ဦးက ဒုတိယအသုတ်အနေနဲ့ အစာငတ်ခံဆန္ဒပြခဲ့ကြတာကြောင့် စုစုပေါင်း ဆန္ဒပြသူ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးအထိရှိလာခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #နိုင်ငံရေးအကျဉ်းသား #မုံရွာအကျဉ်းထောင် #အစာငတ်ခံဆန္ဒပြ #လူထုလှုပ်ရှားမှု #အကျဉ်းသားအခွင့်အရေး #ထောင်အာဏာပိုင် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10