သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး မအူဂိတ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင်လ ၂၉ ရက်ညနေပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီစစ်ကောင်စီအဖွဲ့တွေဟာ မနေ့ညနေ ၅ နာရီလောက်က ၄၀ မမ၊ ၆၀ မမ စတဲ့လက်နက်တွေနဲ့ ပစ်ခတ်ရာ တပ်စွဲထားရာနေရာနဲ့ မီတာ ၂၀၀ လောက်ဝေးတဲ့ မအူရွာကို ကျည်ကျရောက်ခဲ့တာကြောင့် ၁၆ နှစ်အရွယ် ရွာခံအမျိုးသမီးငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့ကာ သူရဲ့မိခင်ဖြစ်သူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ၅၃ နှစ်အရွယ် အမျိုးသမီးတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“၄၀ မမ၊ ၆၀ မမ နဲ့ ပစ်ခံရတယ်။ ညတိုင်း သေနတ်တွေဖောက်တယ်။ မူးရစ်ရမ်းကားနေတာများတယ်။ အခု လက်နက်ကြီးနဲ့ပစ်တာ သေတဲ့လူနဲ့ ဒဏ်ရာရတဲ့သူတွေ ၄ ဦးရှိတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို အတည်ပြုပြောပါတယ်။
သေဆုံးသူကိုတော့ မနေ့က ညတွင်းချင်းပဲ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီမအူဂိတ်ဟာ မုံရွာမြို့ပေါ်မှာပထမဦးဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ ဂိတ်စခန်းဖြစ်ပြီး စစ်သားနဲ့ရဲအင်အား ၂၀ ဦးဝန်းကျင် ရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် အဲ့ဒီစခန်းကနေ မအူကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်လေ့ရှိတာကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ၁၅ ဦးဒဏ်ရာ ရရှိခဲ့ထားတယ်လို့လည်း အထက်ပါ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက် ညပိုင်းမှာလည်း မအူဂိတ်ကစစ်သားတွေဟာ မအူကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်ကာ ရွာအရှေ့ဖျားက နေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ပုံစာ - သေဆုံးသူ အမျိုးသမီးငယ်ကို မီးသင်္ဂြိုလ်ဖို့ ပြင်ဆင်ချိန်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသမီးတဦးသေဆုံး
Share Share Share