သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ကလေး ၂ ဦးအပါအဝင် လူ ၅ ဦး ပစ်သတ်ခံရပြီးနောက် ဒေသခံ ၅၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ်လ ၁၈ ရက် ညနေပိုင်းကစပြီး မုံရွာမြို့ပေါ်ရှိ ရွှေကုန်းရပ်ကွက်နဲ့ မုံရွာတောင်ရပ်ကွက်က အသက် ၁၉ နှစ်ကနေ ၄၀ နှစ်ကြား အမျိုးသမီး၊ အမျိုးသားလူငယ်လူလတ်ပိုင်းတွေနဲ့ သဲလုပ်ငန်းရှင်အချို့ ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။
"အများစုအဖမ်းခံရတာက ရွှေကုန်းကများတယ်။ အိမ်တွေမှာဝင်ဖမ်းတာရော လမ်းကနေ စစ်ဆေးဖမ်းတာ ရောပါတယ်။ မနေ့ညနေကဆို ညောင်ဝိုင်းတံတားနားမှာ သဲလုပ်သားနှစ်ယောက်ကိုဖမ်းပြီး နေပူထဲမှာ ကြွတ်ကြွတ်အိတ်ခေါင်းစွပ်ပြီး ထားထားသေးတာ။ ပြီးမှာခေါ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို မုံရွာရဲစခန်းနဲ့ စစ်ကြောရေးတွေမှာလူခွဲထားပြီး စစ်ဆေးနေကာ ဩဂုတ်လ ၁၉ ရက်ညနေပိုင်းမှာတော့ ဖမ်းဆီးခံထားရသူတွေထဲက ၁၀ ဦးခန့်ပြန်လွတ်လာပြီး ကျန်တဲ့ ၄၀ ဦးကတော့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၈ ရက်ညနေပိုင်းမှာ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ညောင်ရိပ်သာရပ်၊ ကမ်းနားလမ်းက ဦးဇော်ညွန့်ပိုင် သဲရောင်းဝယ်ရေးလုပ်ငန်းထဲကို ဆိုင်ကယ် ၃ စီးနဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၆ ဦးဝင်လာပြီး ဝန်းအတွင်းရှိနေသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့တာပါ။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မုံရွာမြို့အနီးဝန်းကျင်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရသလို စစ်ကောင်စီအဖွဲ့တွေဟာ မုံရွာမြို့အဝင်နဲ့ ရွှေကုန်းရပ်ကွက်တွေဘက်မှာ အစစ်ဆေးတွေတင်းကြပ်နေတဲ့အပြင် မြို့ပေါ်ရပ်ကွက်တွေကိုလည်း ကားတွေနဲ့ကင်းလှည့်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ - မုံရွာမြို့ပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ဖမ်းဆီးစစ်ဆေး #လူသတ်မှု
Share Share Share