မြင်းခြံနယ်က ပျူစောထီးဂိတ် ပစ်ခတ်ခံရပြီး ၂ ဦးသေ သေနတ် ၃ လက်ရ

မြင်းခြံနယ်က ပျူစောထီးဂိတ် ပစ်ခတ်ခံရပြီး ၂ ဦးသေ သေနတ် ၃ လက်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ ပျူစောထီးစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၄ ရက် ဒီကနေ့ မနက် ၉ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedone Fighter Guerrilla Force အဖွဲ့ဆီက သိရပါတယ်။ 

ပျူစောထီးအင်အား ၉ ဦးဝန်းကျင်ရှိပြီး ဆက်ကြေးပိုက်ဆံကောက်ခံနေတဲ့ အဆိုပါဂိတ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက  မိနစ်ပိုင်းအကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံး၊ သေနတ် ၃ လက်ရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

“ သေနတ်က ၃ လက်ပဲရခဲ့တယ်။ မြေပေါ်ကျကျန်တာ ၅ လက်ဗျ။ ၂ လက်က ပျူတွေထွက်ပြေးရင်း ကျကျန်တာဆိုတော့ ဝေးလည်းဝေးသွားပြီး ခမရ ၁၅ စစ်တပ်နဲ့နီးတဲ့ဘက်ရောက်သွားတော့ ပြန်ဆုတ်ခဲ့ရတယ်” လို့ Freedone Fighter Guerrilla Force မိုင်းတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် ရဲဘော်တဦးလည်း ဦးခေါင်းနဲ့လည်ပင်းမှာ ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာက သွေးထွက်လွန်မှာစိုးရိမ်တာကြောင့် အချိန်မီ ပြန်ဆုတ်ခဲ့ရတာလို့ ၎င်းက ဆိုပါတယ်။ 

ပစ်ခတ်မှုအတွင်း ကာဘိုင်သေနတ် ၂ လက်၊ ပါရီ Type 81 ၁ လက်၊ ၇.၆၂ မမ ကျည် ၁၂ တောင့်နဲ့ ကာဘိုင်ကျည် ၃၂ တောင့်တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ မြင်းခြံမြို့ပေါ်က ပျူစောထီးခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး၊ စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲ့တွေဟာ လယ်သစ်ရွာကို ရောက်ရှိကာ အင်အားဖြည့်တင်းထားပါတယ်။

တိုက်ခိုက်မှုကို Freedone Fighter Guerrilla Force ၊ Anyar Federal Task Force ၊ 8 Star မြင်းခြံ ၊ Burmese Independent Army BIA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ကျောက်ရစ်ကျေးရွာ စစ်သားနဲ့ပျူစောထီးရှိတဲ့နေရာကို Freedone Fighter Guerrilla Force အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #လယ်သစ်ရွာ #ပျူစောထီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10