မြင်းမူတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့စစ်ကောင်စီကားတစီးကို PDF သိမ်းဆည်းခဲ့

မြင်းမူတိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့စစ်ကောင်စီကားတစီးကို PDF သိမ်းဆည်းခဲ့

စစ်ကိုင်တိုင်း၊ မြင်းမူမြို့အဝင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ကျန်ခဲ့တဲ့စစ်ကောင်စီကားတစီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ Dog Killers People's Defence Force Myinmu အဖွဲ့ဆီက သိရပါတယ်။ 

ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာအနီးမှာ ကျန်ခဲ့တဲ့ စစ်ကောင်စီရဲ့ Nissan Minibus အမျိုးအစားကားကို သြဂုတ် ၁၀ ရက် နေ့လယ် ၂ နာရီလောက်မှာ သွားရောက်သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။ 

“သွားသိမ်းတာ ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး။ ပစ်ခတ်တဲ့နေရာမှာပဲ ကားကိုထိုးထားခဲ့တာမလို့ အဲ့ဒါကို ကျနော်တို့သွားသိမ်းတာ။” လို့ Dog Killers People's Defence Force Myinmu မှ ရဲဘော်မောင်ကာ က ပြောပါတယ်။

ဒီကားဟာ ပြည်သူတွေဆီကနေ အဓမ္မယူဆောင်လာတဲ့ကား ဖြစ်နိုင်တယ်လို့ခန့်မှန်းနေကြပြီး တပ်ဖွဲ့မှာ ပြန်လည်အသုံးပြုနိုင်ဖို့အတွက်လည်း ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ 

“ကားကတော့ ပြန်သုံးလို့ရမှာပါ။ ကျနော်တို့ အဲ့ဒီကားကိုပြင်ဖို့အတွက်ကျ ငွေအလုံအလောက်မရှိဘူး။ ဒီကောင်တွေ ကြည့်ရပုံကတော့ ပြည်သူတွေရဲ့ကားကို ချောဆွဲပြီးမှ မောင်းယူလာတာဖြစ်မယ်။ သူတို့ကားဆို အဲ့လိုဖြစ်ရင် ပြန်ဆွဲသွားတာများတယ်။” လို့ ရဲဘော်မောင်ကာ က ပြောပါတယ်။ 

သြဂုတ် ၉ ရက် မနက် ၁၀ နာရီ ၅၅ မိနစ်လောက်မှာ မုံရွာဘက်ကနေ စစ်မှုထမ်းသင်တန်းဆင်းနဲ့ စစ်သားအင်အား ၆၀ ဦးလောက်လိုက်ပါလာတဲ့ ကား ၄ စီးကို မြင်းမူမြို့နယ်၊ တန်ပိုတိုးဂိတ်အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေရှိခဲ့တာပါ။ 

ဒီပစ်ခတ်တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK-PDF MMU)နဲ့ Moe Nyo Revolution Force MNRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အထက်ပါ သိမ်းဆည်းခဲ့တဲ့ကားလည်း တိမ်းမှောက်ခဲ့သလို စစ်ကောင်စီတပ်သား ၁၈ ဦးခန့်သေဆုံးခဲ့တယ်လို့ ရဲဘော်မောင်ကာက အတည်ပြုဖြေဆိုထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #စစ်ကောင်စီ #ကားတိမ်းမှောက် #သိမ်းဆည်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10