မြစ်ခြေက ပျူစောထီးစခန်းတိုက်ခိုက်မှု စစ်သား ၃ ဦးအပါ ၁၀ ဦး အရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိ

မြစ်ခြေက ပျူစောထီးစခန်းတိုက်ခိုက်မှု စစ်သား ၃ ဦးအပါ ၁၀ ဦး အရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိ

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ရှိ ပျူစောထီးစခန်းအထိုင်ချထားတဲ့ကျေးရွာကို ဇူလိုင် ၁၇ရက် ဒီကနေ့ မနက် ၅ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးအရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိခဲ့တယ်လို့ PLA တပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေအပါအဝင် ပျူစောထီးအင်အား ၃၀ ကျော်ခန့်အထိုင်ချတပ်စွဲထားတဲ့ အောင်သာကျေးရွာစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ၁ နာရီခန့်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ပျူစောထီး ၇ ဦးတို့ကို အရှင်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

"ပျူ ၇ ယောက်ထဲမှာ အသက် ၁၄၊ ၁၅အရွယ် ကောင်လေးတယောက်ပါတယ်ဗျ။ အဲ့ကောင်လေးက ကျနော်တို့ကို သေနတ်နဲ့လိုက်ပစ်တာဗျ" လို့ ပြည်သူ့လွတ်မြောက်ရေးတပ်-PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြင့်နိုင်က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုင်ဆောင်တဲ့ BA 63 G 3 ၄ လက် ၊ ကာဘိုင် ၃ လက်၊ ရှော့ဂန်း ၃ လက်၊ ၄၀ မမဗုံးပစ်လောင်ချာ ၁ လက် အပါအဝင် သေနတ် ၁၁ လက်နဲ့ ကျည်ဘောက် ၁၄ ခု ၊လက်ပစ်ဗုံး ၁ လုံး ၊ကျည်ဆန်တွေနဲ့ မိုဘိုင်းဖုန်း ၅လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲဘော်မြင့်နိုင်က ဆိုပါတယ်။

"ပထမစစ်ကြောင်းက အပြန်အလှန်ပစ်ခတ်တာတွေလုပ်နေချိန်မှာ ဒုတိယစစ်ကြောင်းက အိမ်တွေထဲကနေ သုံ့ပန်းတွေနဲ့ သေနတ်တွေကိုရခဲ့တာ"လို့ သူက ဆိုပါတယ်။

အောင်သာရွာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်တိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းရှိ အထိုင်ချစခန်းကို မီတာ ၅၀၀ အနီးအထိ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ 

ဒုတိယစစ်ကြောင်းကတော့ ကားလမ်းမတဖက်ရှိ ပျူစောထီးခေါင်ဆောင်တွေရဲ့ နေအိမ်တွေကိုဝင်ရောက်စီးနင်းခဲ့ကာ အောင်သာရွာမှာ ပခုက္ကူ-မြစ်ခြေကားလမ်းမကြီးဘေး တဖက်တချက်မှာတည်ရှိပြီး မြစ်ခြေမြို့နဲ့ ၃မိုင်ခန့်သာကွာဝေးပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့လွတ် မြောက်ရေးတပ်-PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက် စစ်ဒေသ)၊ PDO/PDA၊ ABSDF၊PRF၊ BLY၊ ဧရာဒေါင်းတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မြစ်ခြေ #ပျူစောထီးစခန်း #စခန်းသိမ်းတိုက်ပွဲ #လက်နက်ခဲယမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10