မြစ်ခြေမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ မြို့လုံးကျွတ်ထွက်ပြေးနေရ

မြစ်ခြေမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ မြို့လုံးကျွတ်ထွက်ပြေးနေရ

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အတွင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၁ ရက် ဒီကနေ့ ညနေ ၃ နာရီကျော်မှာ စစ်ကြောင်း ၂ ကြောင်းခွဲ ထပ်မံဝင်ရောက်လာခဲ့တာကြောင့် မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

မြစ်ခြေရဲစခန်းမှာ စစ်အုပ်စုအင်အား ၄၀ ကျော်အထိုင်ချထားတဲ့အပြင် ဒီကနေ့ ညနေပိုင်းမှာ အင်အား ၁၅၀ ခန့်က ဖလံအိုရွာဘက်က ၁ ဖွဲ့၊  အောင်သာရွာဘက်ကနေ ၁ ဖွဲ့  စစ်ကြောင်း ၂ ခုခွဲ သေနတ်ပစ်ဖောက် စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ ကျနော်ဆိုရင် အလုပ်လုပ်နေရာကနေ အလုပ်ကိုပစ်ပြီးတော့ မိသားစုနဲ့ထွက်ပြေးလာကြတာ။ ကလေးတွေ (PDF) ရှောင်ဖို့ပြောတယ်။ မြို့အပြင်ဖက်ကနေ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်။”လို့ မြစ်ခြေမြို့၊ အိုင်ရှည်ရပ်ကွက်မှ ထွက်ပြေးလာသူအမျိုးသားတဦးက ပြောပါတယ်။

ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေဟာ မြစ်ခြေမြို့ ၊ အိုင်ရှည်ရပ်ကွက်ကို ဝင်ရောက်ခဲ့ပြီး လူနေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေလုပ်ဆောင်နေကြတယ်လို့ PDF နဲ့ဆက်စပ်သူ အမျိုးသားတဦးက ပြောပါတယ်။

မြစ်ခြေမြို့မှာ သံဃာတွေအပါအဝင် မြို့လုံးကျွတ်နီးပါး လူဦးရေသောင်းနဲ့ချီဟာ လက်ရှိမှာ ဘေးလွတ်ရာကျေးရွာတွေဆီ ထွက်ပြေးကာ ဝင်ရောက်ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

“မြို့ထဲမှာ ပြည်သူတယောက်မှ မရှိတော့ဘူး။ ဆိုင်ကယ်၊ လှည်းတွေနဲ့ ထွက်ပြေးသူကပြေး၊ ခြေလျင်ပြေးသူကပြေး ပြေးလာရတာ။ သံဃာတော်တွေလည်း အကုန်လုံးရှောင်လာရတာ။”လို့ ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသေးပေမယ့် မြစ်ခြေမြို့မြောက်ဘက်ကနေ သေနတ်ပစ်ခတ်သံနဲ့ မိုင်းပေါက်ကွဲသံတချို့ ကြားနေရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မြစ်ခြေ #စစ်တပ် #စစ်ကြောင်းထိုး #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10