မြစ်မခမြစ်ရေတက်လာလို့ လက်ပံတန်းကကျေးရွာတချို့မှာ ကမ်းပါးပြိုပြီး ရေကာတာကျိုးမယ့်အခြေအနေ ရင်ဆိုင်နေရ

မြစ်မခမြစ်ရေတက်လာလို့ လက်ပံတန်းကကျေးရွာတချို့မှာ ကမ်းပါးပြိုပြီး ရေကာတာကျိုးမယ့်အခြေအနေ ရင်ဆိုင်နေရ

မြစ်မခမြစ်ရေတက်လာတာကြောင့် ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့အနောက်ဘက်ရှိကျေးရွာ ၂၀ လောက်မှာ ကမ်းပါးတွေစပြိုနေပြီး အဲ့ဒီကျေးရွာတွေကိုကာထားတဲ့ ရေကာတာအထိကို ရောက်ရှိနေတဲ့အတွက် တာကျိုးမယ့်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇူလိုင် ၁၄ ရက်ဒီမနက်ပိုင်းမှာ တမာ၊ မဟာမြိုင်၊ ဥယျာဥ်တန်း၊ ဒေါင်းသာယာကုန်း၊ ချမ်းသာကုန်း၊ ခမုံ စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ ၂၀ ကျော်အနီးကမ်းပါးတွေကို မြစ်ရေစတင်တိုက်စားခဲ့ပြီး အဲ့ဒီရွာတွေကို ကာထားတဲ့ တမာရေကာတာအနီးထိကို ရေရောက်ရှိလာနေတာလို့ ဆိုပါတယ်။ 

"မြစ်ကမ်းပါး ပြိုကျတယ်။ တာခြေနဲ့ အရမ်းနီးကပ်နေပြီလေ။ ဒီအတိုင်းဆို ရေကာတာကျိုးပေါက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာ။” လို့ တမာကျေးရွာသားတဦးက ပြောပါတယ်။ 

တာကျိုးသွားပါက ကျေးရွာတွေအထိ ရေဝင်ရောက်လာပြီး လူနေအိမ်တွေပျက်စီးနိုင်သလို စိုက်ပျိုးထားတဲ့ စပါးဧက ထောင်ချီလည်း ပျက်စီးသွားနိုင်တယ်လို့ ဆိုပါတယ်။ 

မြစ်မခမြစ်ရေစတက်တဲ့ ဇူလိုင်လဆန်းပိုင်းလောက်ကတည်းက ရေကာတာကိုကာကွယ်ဖို့ စစ်ကောင်စီအဖွဲ့တွေဆီ တင်ပြခဲ့ပေမယ့် ဘတ်ဂျက်မရှိလို့ဆိုကာ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းက ရေကာတာကာရာမှာ သဲထည့်အသုံးပြုဖို့ အိတ်ခွံ ၁၀၀၀ သာပေးပြီး ပြန်သွားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

လက်ရှိမှာတော့ တာပေါ်ရေမကျော်စေဖို့အတွက် ဒေသခံတွေဟာ ကိုယ်ထူကိုယ်ထ ပြုပြင်နေကြရတယ်လို့ ဆိုပါတယ်။ 

“ဝါးတွေစိုက်တာ။ အနီးက ကာစရာရှိတာတွေ ယူကာတယ်။ မိုးကာစ ခင်းတယ်၊ ပီနံအိတ်ထဲကို သဲထည့်ပြီး ရသ၍ကို ကိုယ်ထူကိုယ်ထ ပြုပြင်နေရတယ်” လို့ တမာကျေးရွာသားတဦးက ပြောပါတယ်။ 

တမာရေကာတာကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က ပြုပြင်တာတွေရှိခဲ့ပြီး ခုနောက်ပိုင်း ပြုပြင်ဖို့ လာရောက် ကြည့်ရှုသူတောင်မရှိဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

မြစ်မခမြစ် (ခေါ်) လှိုင်မြစ်မှာ ပြည်ခရိုင်၊ အင်းမကန်များမှ အခြေခံကာ သာယာဝတီခရိုင် မြို့တွေကို ဖြတ်သန်းစီးဆင်းပြီး သစ်ထုတ်လုပ်ငန်းတွေအသုံးပြုတာ၊ ရွာအလိုက် ငါးဖမ်းလုပ်ကွက်တွေ၊ ရေချိုငါးလုပ်ငန်းတွေအတွက် များစွာအကျိုးဖြစ်ထွန်းပြီး မိုးရာသီတွင်တော့ မြစ်ကြောင်းတလျှောက်ရှိ အနိမ့်ပိုင်း မြို့နယ်တွေနဲ့ ကျေးရွာတွေထဲကို ရေဝင်ရောက်ကာ ရေကြီးရေလွှမ်းတာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #မြစ်မခမြစ် #ရေတက် #ကမ်းပါးတိုက် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10