မြိုင်တွင် စစ်ကောင်စီစခန်း ၂ ခုကို တပြိုင်တည်းသိမ်းပိုက်ရာ စခန်း ၁ ခုကို PDF တွေ သိမ်းပိုက်နိုင်ခဲ့

မြိုင်တွင် စစ်ကောင်စီစခန်း ၂ ခုကို တပြိုင်တည်းသိမ်းပိုက်ရာ စခန်း ၁ ခုကို PDF တွေ သိမ်းပိုက်နိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနဲ့ ရေစက်တွင်းစောင့်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရေစက်တွင်းစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ - မြိုင်ဆီက သိရပါတယ်။

သြဂုတ် ၃ ရက် မနက် ၆ နာရီလောက်မှာ ကိုင်းတောမရဲစခန်းနဲ့ ရေစက်တွင်းစောင့်တဲ့ စခန်းတခုကို တချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာမှာတော့ ရေစက်တွင်းစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အထိုင်စခန်းဖြစ်တဲ့ ကိုင်းတောမရဲစခန်းကို ကျားထိုးကာ ဝင်ရောက်တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး မနက် ၉ နာရီခွဲလောက်မှာ ပစ်ခတ်မှုတွေကို ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

“တပ်စခန်းထဲအထိကို ဝင်နိုင်ပြီ။ ကျနော်တို့ဘက်က ရဲဘော်တွေလည်း ထိတာတွေရှိတယ်။ ကျတာတွေရောပဲ။ လေယာဉ်လည်း လာတယ်ဆိုတော့ ကျနော်တို့တွေ ရပ်လိုက်ခဲ့ရတယ်။ လေယာဉ်နဲ့ လာပစ်တာ ထိခိုက် ဒဏ်ရာရတာတော့မရှိဘူး။ ထိတာက  စခန်းရဲ့ အတွင်းထဲကို ကျားပါးစပ်တွေ ဖောက်ပြီးတော့ ဘန်ကာထဲကို ဝင်လုံးတဲ့သူတွေ ထိတာများတယ်။ ” လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင် တပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂ ဦးသေဆုံးသွားခဲ့ပြီး သူတို့ဟာ စခန်းတွင်းဘန်ကာထဲကို ကျားတက်ထိုး ဝင်လုံးတဲ့အချိန် သေဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့တာ မရှိဘူးလို့ သိရပါတယ်။ 

အဲဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာတော့ Mi 35 ရဟတ်ယာဉ်တစီးရောက်လာပြီး လေကြောင်းပစ်ကူ ၁၅ မိနစ် နီးပါး ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ 

ကိုင်းတောမရဲစခန်းနဲ့ ရေစက်တွင်းစခန်းဟာ မီတာ ၇၀၀ အကွာလောက်သာရှိပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားတွေဘက်မှ ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင် တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုကြောင့်သေဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်သယ်လာ နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကိုင်းတောမရဲစခန်းထဲကနေ လက်နက်တွေပစ်ခတ်တာမျိုးမရှိဘဲ ငြိမ်နေသလို လက်နက်ခဲယမ်းတွေ ထပ်မံဖြည့်တင်းဖို့ အခြေနေရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာ က ဆိုပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို ပခုက္ကူတပ်ပေါင်းစု၊ ကျောင်းသားတပ်ပေါင်းစုနဲ့ မြိုင်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #ကိုင်းတောမရဲစခန်း #ရေစက်တွင်းစောင့်စခန်း #ပကဖ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10