မြိုင်နဲ့ပခုက္ကူမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရလို့ ထိခိုက်မှုများနိုင်

မြိုင်နဲ့ပခုက္ကူမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရလို့ ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ကျေးရွာအနီးနဲ့ ပခုက္ကူမြို့နယ်၊ မကျီးကန်နဲ့ ကုန်းထက်ကံကျေးရွာကြားမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၂၄ ရက်မနေ့ည ၈ နာရီခန့်မှာ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာဘက်ကနေ နှောပင်ရွာကို ဝင်ရောက်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီအင်အား ၄၀ ကျော်ကို earthquake PDF အဖွဲ့နဲ့ပခုက္ကူ ပကဖအဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ Earthquake PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဒီကောင်တွေ ထွက်လာတယ်လို့ သတင်းရလို့ စောင့်တိုက်တာ။ အဲ့မှာလည်း စကစ ဘက်က တော်တော်အထိနာတယ်။ တိုက်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ နောက်ဒီကောင်တွေ မကျီးကန်ကနေ ဒေသခံကား ၂ စီးကို သိမ်းပြီးလာတဲ့အချိန် လမ်းပိုင်းမှာပဲ မိုင်းထပ်ဆွဲတာ။ အဲမှာလည်း ထိတယ်" လို့ ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဘက်က ပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့ပြီးနောက် မကျီးကန်ရွာဘက်ကို ဆက်ထွက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက်ည ၁၀ နာရီခန့်မှာ မကျီးကန်ဘက်ကနေ စစ်ကောင်စီကား ၂ စီး၊ ပြည်သူတွေဆီက သိမ်းလာတဲ့ ကား ၂ စီး စုစုပေါင်း ကား ၄ စီးနဲ့ မြိုင်ဘက်ကိုပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မကျီးကန်နဲ့ ကုန်းထက်ကံကျေးရွာလမ်းပိုင်းမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကား ၁ စီးထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှု ၂ ကြိမ်မှာ စစ်ကောင်စီဘက်က အများအပြားထိခိုက်သေဆုံးနိုင်ပေမယ့် အခြေနေအရ အရေအတွက်ကို အတိအကျမသိရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာတွေကြောင့် နှောပင်၊ ကျီးကန်နဲ့အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီမနက်ပိုင်းမှာ ကျေးရွာတွေထဲကို ပြန်ရောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်က ဖောင်းကွဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်ထိခိုက်သေဆုံးခဲ့သလို စစ်ကောင်စီတပ်သားတွေက ဖောင်းကွဲရွာသား ၄ ဦးကိုပါ အကြောင်းမဲ့သတ်ခဲ့ပါတယ်။ 

အဲဒီအပြင် ဖောင်းကွဲရွာနဲ့တမိုင်သာသာဝေးတဲ့ တောင်ရွာကျေးရွာက ဒေသခံနေအိမ်တွေကိုပါ မီးရှို့လို့ နေအိမ် ၄၀ ခန့်မီးလောင်ပျက်စီးခဲ့ပြီး၊ လေဖြတ်နေတဲ့ အသက် ၈၀ အရွယ်အဖွားအိုတဦးလည်း မီးလောင်သေဆုံးခဲ့ရပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10