မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းကို ၄ ရက်မြောက်နေ့မှာ PDF တွေ သိမ်းပိုက်ရရှိ

မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းကို ၄ ရက်မြောက်နေ့မှာ PDF တွေ သိမ်းပိုက်ရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းနဲ့ မြိုင် ကပစကို ရေပေးဝေနေတဲ့ ရေစက်အထိုင်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ် ၃ ရက်က စတင်တိုက်ခိုက်ခဲ့ရမှာ ၄ ရက်ကြာပြီးတဲ့နောက် အဆိုပါ အထိုင်စခန်း ၂ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 တိုက်ပွဲစတင်ဖော်ဆောင်ခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ မြိုင် ကပစ ကို ရေပေးဝေနေတဲ့အထိုင် ကင်းစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းနိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦးသေဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 အဲဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာလည်း ကိုင်းတောမရဲစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့ တယ်လို တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

 "သြဂုတ် ၆ ရက်မှာလည်း သရက်ကန်ရွာဘက်ကနေ ကိုင်းတောမရဲစခန်းကို လာတဲ့ ရိက္ခာပို့စစ်ကြောင်းကို လမ်းတဝက်ကနေ ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်" လို့ တိုက်ခိုက်မူတွင် ပူးပေါင်းပါဝင်တဲ့ ပြည်သူ့ဒီမိုကရက် တစ်တပ်တော် (PDA)၊ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 ဩဂုတ် ၇ ရက် မနက်ပိုင်းမှာ ကိုင်းတောမရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပျူစောထီး အင်းအား ၁၀၀ ကျော်လောက်ဟာ စခန်းကို စွန့်ခွာပြီး သရက်ကန်ရွာဘက်ကို ထွက်ပြေးသွားတာကြောင့် စခန်းကို ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်ခိုက်မူမှာ ပူးပေါင်းပါဝင်တဲ့  ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

 အဆိုပါ ကိုင်းတောမရဲစခန်းတိုက်ခိုက်ရာမှာ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ် မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF၊ ပခုက္ကူစုဖွဲ့မှုမှ (YoungForce.PPDF. ThuRain.HunterPakokku. Earthquake )နဲ့ မြိုင် ပကဖ အပါအ၀င် ဒေသခံတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။

စာတည်း- လင်းဇေ

 #မြေလတ်အသံ

 

#မကွေးတိုင်း #မြိုင်မြို့ #ကိုင်းတောမရဲစခန်း #မြိုင် #ကပစ #ရေစက် #PDF # PDA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10