မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ ရေကြီးလို့ စစ်ရှောင်တွေ နေရာပြောင်းရွှေ့နေရ

မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ ရေကြီးလို့ စစ်ရှောင်တွေ နေရာပြောင်းရွှေ့နေရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ မြိုင်ရိပ်ဝေစစ်ရှောင်စခန်းမှာ စက်တင်ဘာ ၂၄ ရက်နေ့လယ် ၂ နာရီလောက်ကစပြီး ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် စစ်ရှောင်တွေဟာ ကုန်းမြင့်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

ကျောက်ထုတိုက်နယ်၊ ချောင်းခွရွာနဲ့ လယ်ကြီးအိုင်ရွာအထက်ဘက်မှာ မိုးသည်းထန်စွာရွာရာက ကျောက်ဆည်ချောင်းရေလျှံပြီး ခုလို စစ်ရှောင်စခန်းတွေဆီ ရေဝင်လာတာဖြစ်ပြီး စက်တင်ဘာ ၂၆ ရက် ဒီနေ့အထိ ရေ ၄ ပေကျော် ရှိနေတယ်လို့ ဆိုပါတယ်။ 

"ချောင်းမှာလှမ်းထားတဲ့အဝတ်တွေ ဖိနပ်တွေ ထင်းတွေ ရေနဲ့မျောကုန်တယ်။ လူတွေမျောတာ သေတာမရှိပါဘူး။ အိမ်သာတွေလည်း ရေမျောသွားတယ်" လို့ မြိုင်ရိပ်ဝေစစ်ရှောင်စခန်း တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

ချောင်းရေကြီးလာတာကြောင့် စစ်ရှောင်စခန်းရှိ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ထင်းချောင်းတွေ၊ လူအသုံးအဆောင်ပစ္စည်းတွေ၊ အိမ်သာတွေ၊ စစ်ရှောင်တဲတချို့ ရေနဲ့မျောပါတာ ယိုင်လဲသွားတာတွေလည်းရှိပြီး ပြန်ဝယ်ဖို့ အခက်အခဲရှိတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ ရဲရွာကျေးရွာဒေသခံပြည်သူ အိမ်ထောင်စု ၇၀ ကျော် လူဦးရေ ၄၀၀ ခန့် နေထိုင်တာ ၁ နှစ် ၇ လခန့်ရှိပြီး အိမ်ထောင်စု ၈ စုပေါင်းကို တဲတန်းလျား ၁ လုံးစီမှာ ပေါင်းပြီးနေကြရတာလို့ ဆိုပါတယ်။ 

စစ်ရှောင်နေတဲ့ကာလအတွင်းမှာလည်း အလုပ်အကိုင်အတည်တကျမရှိဘဲ စစ်ရှောင်စခန်းအနီးရှိ ကျေးရွာတွေက စပါး၊ နှမ်း၊ မြေပဲ စိုက်ပျိုးရိတ်သိမ်းချိန် လုပ်သားခေါ်မှသာ အလုပ်လုပ်ကိုင်ရတယ်လို့ စစ်ရှောင်နေရသူတဦးက ပြောပါတယ်။

"အလုပ်က သူတို့ခေါ်မှ ရှိတယ်။ အလုပ်မရှိရင် ထိုင်စားနေရတာပေါ့။ ရေထဲမျောသွားတာတွေ ပြန်ဝယ်ဖို့ ငွေကြေးအခက် အခဲရှိပါတယ်" လို့ စစ်ရှောင်နေသူ ဒေါ်တင်တင်စန်း ကပြောပါတယ်။

ယခင်နေထိုင်တဲ့ ရေရဲရွာမှာ ကျောက်ထုအမြောက် တပ်နဲ့ ၆ ဖာလုံခန့်အကွာရှိကာ ရေရဲရွာကို စစ်တပ်ဘက်မှ လက်နက်ကြီးနဲ့ပစ်ခတ်သလို စစ်ကြောင်းထိုးကာ နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေရပ်မပြန်ရဲဘဲ စစ်ရှောင်စခန်းမှာနေကြရလို့ သိရပါတယ်။

ပုံစာ - ရေကြီးရေလျှံဖြစ်နေသည့် စစ်ရှောင်စခန်းတွေကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ရေကြီး #စစ်ရှောင်စခန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10