မြို့သာရဲစခန်းတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့

မြို့သာရဲစခန်းတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ဦး ကျဆုံးခဲ့တယ်လို့ ငါန်းဇွန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

စက်တင်ဘာ ၁ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီတပ်အင်အား ၂၅ ဦးခန့်ရှိ မြို့သာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန် မနက် ၆ နာရီကျော်လောက်မှာ တိုက်လေယာဉ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဂွေးကုန်းရွာက စစ်ကူတွေရောက်ရှိလာပြီး ပစ်ခတ်ခဲ့လို့ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“စခန်းကရလုနီးပါးဖြစ်နေပြီ အဲ့အချိန်မှာလေယာဉ်ပစ်ကူလာတယ်။ မြေပြင်ကလည်းဖိပစ်တော့ ကိုယ့် ဘက်ပူးပေါင်းအဖွဲ့က ၄ယောက်ကျသွားတယ်။ Body ၃ခုတော့မကောက်နိုင်ခဲ့ဘူး။ ၁ ခုကိုတော့ မရမကကောက်လာတယ်။ Body ၃ ခုက စခန်းနားမှာပဲ ကျန်ခဲ့တယ် ” ပစ်ခတ်မှုမှာပါဝင်တဲ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပေမယ့် လေကြောင်းပစ်ကူပစ်ခတ်လာတာကြောင့် အသေးစိတ်အခြေအနေတွေကို မသိရှိရဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေကအနီးနားကျေးရွာတွေဘက်ကို ရှာဖွေစစ်ဆေးတာမျိုးတွေ ပြုလုပ်ခဲ့သလို မြို့သာရဲစခန်းမှာလည်း လူအင်အားထပ်မံဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂ ရက် ညနေပိုင်းမှာ ငါန်းဇွန်နယ်၊ သားကြင်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ဒေသခံ ၄ ဦးထိမှန်ဒဏ်ရာရရှိသွားသလို စာသင်ကျောင်းဆောင်နဲ့ နေအိမ်တချို့ထိမှန်ပျက်စီးခဲ့ပါတယ်။

ပုံစာ - စစ်ကောင်စီထောက်ခံရေးသားနေတဲ့တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြထားတဲ့ ကျဆုံးငါန်းဇွန်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

စာတည်း − ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10