မြေကွက်ငှားပြီးနေရတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသရေးနဲ့ စားဝတ်နေရေးခက်ခဲနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးပဒုံကျေးရွာက စစ်ရှောင်ပြည်သူ ၇၀၀ ကျော်ဟာ နီးစပ်ရာကျေးရွာတွေမှာ မြေကွက်ငှားရမ်းပြီး နေထိုင်နေရပါတယ်။

အိမ်ခြေ ၂၄၀ ခန့်ရှိတဲ့ ကြီးပဒုံရွာဟာ အနောက်မြောက်တိုင်းစစ်ဌာချုပ်(နမခ)ရဲ့အရှေ့မြောက်ဘက် ၁ မိုင်ကျော်လောက်မှာတည်ရှိပြီး၂၀၂၄ ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့တာခံခဲ့ရတဲ့အတွက် ဒေသခံတွေဟာ အခုလိုစစ်ရှောင်နေကြရတာပါ။

လက်ရှိမှာတော့ ကြီးပဒုံကျေးရွာကစစ်ရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေမှာ ဧက ၂၀ ကျော်ရှိတဲ့ လယ် ၁ ကွက်ကို ၁ နှစ်စာ ၃ သိန်းနဲ့ငှားရမ်းကာ ယာယီတဲအလုံးရေ ၂၀ ခန့် ဆောက်လုပ်နေထိုင်ကြရပြီး သောက်သုံးရေတွေကိုလည်း ဝယ်ယူသုံးစွဲကြရတယ်လို့ ကြီးပဒုံရွာခံတဦးက ပြောပါတယ်။

ဒါ့အပြင် စားသောက်ရေးအတွက် နီးစပ်ရာကျေးရွာတွေမှာ နေ့စား ယာလုပ်ငန်း၊ ကျွဲ၊ နွား၊ ဆိတ်ကျောင်းတာ၊ ရာသီပေါ်ဟင်းသီးဟင်းရွက်တွေကိုခူးပြီး လိုက်လံရောင်းချရတာမျိုးတွေ လုပ်ကိုင်ပြီး ဝမ်းရေးအတွက်ဖြေရှင်းရတယ်လို့ သူကဆက်ပြောပါတယ်။

အလုပ်မလုပ်ကိုင်နိုင်တဲ့ စစ်ရှောင်သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေနဲ့ ချို့တဲ့တဲ့မိသားစုဝင် ကလေးငယ်တွေဟာ အစာအာဟာရ မျှတစွာမစားရတဲ့အပြင် ဆေးဝါးကုသရေးပါ ခက်ခဲနေတဲ့အတွက် ဖော်ဖော်ဝါရီလကနေ ယခုနိုဝင်ဘာလအတွင်း သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ် သေဆုံးသူဦးရေ ၈ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စားဝတ်နေရေးအခက်ခဲတွေကြောင့် ကလေးငယ်တွေမှာ စာသင်ကြားဖို့ အခက်အခဲပါဖြစ်နေကြရတယ်လို့ ဆက်ပြောပါတယ်။

လက်ရှိကြီးပဒုံရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ နမခကို သွားရောက်ပစ်ခတ်တဲ့အခါ စစ်ကောင်စီတပ်သားတွေက ကြီးပဒုံရွာအပါ နမခနဲ့အနီးနားတဝိုက်ရှိ ရွာတွေထဲကိုရောက်လာပြီး အဲဒီရွာကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေရပ်ကိုပြန်လည်နေထိုင်ဖို့ခက်ခဲနေကြတာလို့လည်း ဆိုပါတယ်။

အဆိုပါစစ်ရှောင်တွေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ရိက္ခာနဲ့အသုံးအဆောင်တွေ တခါတရံလာရောက်ကူညီလေ့ရှိပေမယ့် ဆေးဝါးကူညီတာမျိုးတော့မရှိသေးဘူးလို့လည်း သိရပါတယ်။

စာတည်း - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ကြီးပဒုံ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10