သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
“ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခပ်အေးအေးနေ “ ဆိုသည့် စစ်တပ်ဆိုရိုးစကားအတိုင်း အထက်မှ အမိန့်ပေးစေခိုင်းပါက ခိုင်းသည့်အတိုင်း တိတိကျကျလုပ်ဆောင်ရမည်ဆိုသည့်ဝါဒကို စစ်ဗိုလ်ချုပ်အဆင့်ဆင့်က လက်ရှိအချိန်ထိ ကိုင်ဆွဲထားသလို ၎င်းတို့လက်အောက်အဆင့်ဆင့်ကိုလည်း ယင်းဝါဒအတိုင်း ကျင့်သုံးခိုင်းစေနေသည်။
မြန်မာစစ်တပ်မှ ဗိုလ်မှူးချုပ်အဆင့်နှင့်အထက် ရရှိခဲ့သူ စစ်ဗိုလ်ချုပ်အများစုအနေဖြင့် ဗိုလ်မှူးချုပ်အဆင့်ကို ဖြတ်သန်းပြီး အဆင့်မြင့်ရာထူးများရယူနိုင်ခြင်းသည် ၎င်းတို့စစ်တပ်အရာရှိ သက်တမ်းတလျှောက် အထက်ဖိအားများနှင့် ခိုင်းစေမှုများအား ကြံ့ကြံ့ခံကျော်လွှားနိုင်ခြင်း၊ အရည်အချင်းပြည့်ဝခြင်းများဖြင့် ပြည့်စုံ၍သာ အဆိုပါရာထူးများကို ရရှိသည်ဟုလည်း ကိုယ့်ကိုယ်ကိုယ်ရှုမြင်သတ်မှတ်ထားကြကာ သွေးနားထင်ရောက်နေလေ့ ရှိသည်။
ထိုစစ်ဗိုလ်ချုပ်များအနက်မှ တပ်မမှူးနှင့် တိုင်းမှူးဖြစ်ခဲ့သူများသည် မြေပြင်စစ်ဆင်ရေးများကို ကွပ်ကဲရသူများဖြစ်၍ တပ်မမှူး၊ တိုင်းမှူးဆိုပါက စစ်တိုက်ရာတွင် သူမတူအောင် တဖက်ကမ်းခတ်ကျွမ်းကျင်သူများအဖြစ်လည်း ၎င်းတို့စစ်တပ်အသိုင်းအဝိုင်းက ဝိုင်းဝန်းပုံဖော်ကြသည်။
သို့သော်လည်း ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာစတင်သည့် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး၊ နောက်ဆက်တွဲ ရှမ်း-မန်းစစ်ဆင်ရေးနှင့် ရခိုင်ဒေသတိုက်ပွဲများအပါအဝင် နိုင်ငံအနှံ့ဖြစ်ပေါ်နေသည့်တိုက်ပွဲများတွင် ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်မှ နယ်မြေအများအပြား လက်လွှတ်လိုက်ရသည်အထိ နေပြည်တော်မှ စစ်ခေါင်းဆောင်များနှင့် မြေပြင်စစ်ဗိုလ်ချုပ်များ၏ ညံ့ဖျင်းလှသည့် စစ်တိုက်စွမ်းရည်အား ၎င်းတို့စစ်တပ်ထောက်ခံနေသူများအပါအဝင် ပြည်သူအများမှ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။
၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းတွင် လောက်ကိုင်ဒေသ၏ အကြီးဆုံးစစ်တပ်ဖြစ်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) သိမ်းပိုက်ခံရမည့်အချိန်တွင် ဒကစ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် ဇော်မင်းနှင့် မြေပြင်တပ်မမှူး ၅ ဦးတို့ လက်နက်ချလိုက်သည်။ မည်သူ့အမိန့်ဖြင့် လက်နက်ချသည်ကို တိတိပပမသိရှိရသော်လည်း အဆိုပါ ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ကောင်စီတပ်က ပြန်လည်ခေါ်ဆောင်ကာ စစ်ခုံရုံးဖွဲ့၍ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ပထမလှိုင်း ရှမ်းမြောက်တိုက်ပွဲများအတွင်း တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် အပါအဝင် တပ်အရာရှိကြီးအများအပြားသေဆုံးခဲ့ပြီး တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ကို တအာဝ်းတပ် TNLA က သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ လက်နက်ချဗိုလ်ချုပ်များအနက်မှ စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခံရကာ ဒိုက်ဦးထောင်သို့ ပို့ဆောင်ခံထားရသည့် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် ဇော်မင်းသည် ဒိုက်ဦးထောင်အတွင်း မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်ခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြသည်။
၎င်းနောက် ဒုတိယလှိုင်းတွင် ရှမ်းမြောက်ဒေသအကြီးဆုံးစစ်တပ်ဖြစ်သည့် လားရှိုးမြို့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်များက ဆက်လက်ထိုးစစ်ဆင်ရာ ယခုလဆန်းပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် စကခ ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး တို့ကို ဖမ်းဆီးရမိကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်နှင့် တိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်ဦးစီးအရာရှိကြီးအများအပြား တိုက်ပွဲကျသေဆုံးခဲ့သည်။
ထို့အပြင် ရမခတိုက်ပွဲသို့ တန့်ယန်းမြို့မှ စစ်ကူလာသည့် စကခ ၁၂ စကခမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဦးဆောင်သည့် စစ်ကြောင်းကို ဟိုနကျေးရွာအနီးတွင် တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့ပြီး ယင်းနေရာမှာပင် စကခမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး ကိုယ့်ကိုကိုယ်ပစ်သတ်ကာ အဆုံးစီရင်သွားကြောင်း TNLA နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် ဒကစလောက်ကိုင်လက်နက်ချရာတွင် ပါဝင်ခဲ့သည့် ယခင် စကခ ၁၂ မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း နေရာကို အထိုးရောက်ရှိလာသူဖြစ်သည်။
စကခ ၁၂ နှင့် လက်အောက်ခံတပ်များသည် မော်ထိုက်(ကုန်းကြမ်း)ဒေသ ရှေ့တန်းတပ်စခန်းများတွင် တိုက်ခိုက်ရေးဝင်ရောက်နေခြင်းဖြစ်ပြီး ၁၀၂၇ ပထမလှိုင်းတွင် အဆိုပါဒေသကို ကိုးကန့်တပ်က သိမ်းပိုက်ချိန်၌ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ၎င်းတပ်များကို တန့်ယန်းမြို့တွင် ပြန်လည်စုစည်းထားခဲ့ကာ ရမခတိုက်ပွဲသို့ စစ်ကူစေလွှတ်ချိန်တွင် ယင်းကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗိုလ်မှူးကြီးသည် ၎င်းဦးဆောင်သည့်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများဘက်မှ စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်မည်ကို သိရှိသော်လည်း အထက်စစ်ခေါင်းဆောင်များ၏ လားရှိုးမကျဆုံးစေရေးအတွက် စစ်ကူအမြန်သွားရောက်ရေး နေပြည်တော်မှ စစ်ခေါင်းဆောင်များ၏ ဖုန်းဖြင့်ဆက်သွယ်ဖိအားပေးခံရတာကြောင့် ယခုလိုတိုက်ခိုက်ခံရသည့်အခါ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။
တိုက်ပွဲများနှင့် ဖြစ်စဉ်များအားသုံးသပ်ပါက စစ်ကောင်စီတပ်မြေပြင် စစ်ဗိုလ်ချုပ်များသည် ဖိအားအလွန်များပြားနေပြီး တိုက်ပွဲနောက်ဆက်တွဲအဖြစ် အခြေအနေ ၃မျိုး ရင်ဆိုင်နေရသည်။ ခုခံတိုက်ခိုက်နေစဉ် အသက်သေဆုံးခြင်း၊ နယ်မြေနှင့်လက်နက်ခဲယမ်းများဆုံးရှုံးပြီး အရှုံးဖြင့်စစ်ကောင်စီထံ ပြန်လည်ရောက်ရှိပါက စစ်ခုံးရုံးဖြင့် သေဒဏ်အထိချမှတ်ခံရခြင်း၊ အလံဖြူထောင်လက်နက်ချအညံ့ခံကာ တော်လှန်ရေးတပ်များထံတွင် ခိုလှုံကာ ဆက်လက်ရှင်သန်နေရခြင်း ဖြစ်သည်။
ပထမလှိုင်းတွင် TNLA က ဖမ်းဆီးမိပြီးနောက် ထုတ်ပြန်လာသည့် ဗိုလ်မှူးချုပ် မင်းမင်းထွန်း၏ ရုပ်သံအင်တာဗျူးတွင် ၎င်းကို TNLA တပ်မှ ကောင်းမွန်စွာထိန်းသိမ်းထားပြီး ကျန်းမာစွာရှိနေကြောင်းလည်း မိသားစုများကို အသိပေးပြောကြားသွားသည်။ ၎င်းအနေဖြင့် အသက်မသေသေးသောကြောင့် ၎င်း၏မိသားစုဝင်များနှင့် တချိန်တော့ ပြန်လည်တွေ့ဆုံရန် မျှော်လင့်နိုင်သေးသည်။
ဗိုလ်မှူးချုပ် မင်းမင်းထွန်း အနေဖြင့် တိုက်ပွဲအတွင်းဖမ်းဆီးခံရခြင်းဖြစ်၍ ၎င်းသည် စစ်သုံ့ပန်းသာဖြစ်သည်။ တိုက်ပွဲမစတင်မီ တော်လှန်ရေးတပ်များဖြင့် ပူးပေါင်းဆောင်ရွက်ကာ အလံဖြူထောင်သူ မဟုတ်။
အလံဖြူထောင် လက်နက်ချပူးပေါင်းသူများအနေဖြင့် စစ်သုံ့ပန်းများထက် တဆင့်မြှင့်ဆက်ဆံခံရမှာဖြစ်ပြီး လက်နက်ချအညံ့ခံခြင်းသည် ဂုဏ်သိက္ခာကျစရာ၊ ရှက်စရာမဟုတ်သည့်အပြင် တော်လှန်တပ်များကလည်း ဂုဏ်သိက္ခာရှိစွာဖြင့် ဆက်ဆံမည်ဖြစ်သည်။
၁၀၂၇ ပထမလှိုင်းအတွင်း နောင်ချိုနှင့် ပြင်ဦးလွင်အစပ်ရှိ သံဘိုရွာစခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်များထံ ဖမ်းဆီးခံခဲ့ရသည့် DSTA တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းမှ ဒုတိယဗိုလ်မှူးကြီး သက်အောင်သည် သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသော်လည်း ၎င်းမှာပြုံးပျော်နေသည်။ ၎င်း၏ အပြုံးကြောင့်ပင် ပြည်သူအများ၏ ချီးကျူးဂုဏ်ပြုခြင်းကိုလည်း ရရှိခဲ့သည်။ လက်ရှိတွင် ၎င်းမှာ တော်လှန်ရေးအင်အားစုများထံတွင် ကောင်းမွန်စွာဖြင့် ဖြတ်သန်းနေသည်။
ရမခဌာနချုပ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၂၀၀၀ ကျော်ကိုလည်း ကိုးကန့်တပ်မှ အသုတ်လိုက်ခွဲကာ လမ်းစရိတ်ပေးပြီး ပြန်လည်စေလွှတ်ပေးလျက်ရှိနေသည်။ မိသားစုဝင်များကိုသာ ပြန်လည်စေလွှတ်ပေးနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ်ဆက်လက်ထိန်းသိမ်းထားသည်။
တော်လှန်ရေးတပ်များအနေဖြင့် မည်သည့်တိုက်ပွဲတွင်မဆို အထိအခိုက်အနည်းဆုံးနည်းလမ်းဖြစ်သည့် အလံဖြူထောင် လက်နက်ချခြင်းကို အမြဲကြိုဆိုလျက်ရှိနေသည်ကို တွေ့ရသည်။
အထက်ဖိအားများ ခံနိုင်ရည်ရှိစေရန်ဟုဆိုကာ လက်ရှိစစ်ခေါင်းဆောင်ဗိုလ်ချုပ်များ၏ အမိကျောင်းတော်ကြီး စစ်တက္ကသိုလ်(DSA)မှ ၎င်းတို့ ဗိုလ်လောင်းဘဝမှာပင် အထက်အောက် စီနီယာဂျူနီယာ အုပ်ချုပ်မှုစနစ်၊ တနည်းအားဖြင့် ဖိအားပေးမှုများဖြင့် စတင်စေခဲ့သည်။
သို့သော် လက်ရှိမြေပြင်စစ်ဗိုလ်ချုပ်များအနေဖြင့် ကြုံတွေ့နေရသည့် စစ်ရေးဖိအားနှင့် ၎င်းတို့၏ အထက်ခေါင်းဆောင်များ၏ မတရားအမိန့်များအကြား အကျပ်တွေ့နေရပြီး အဆိုပါဖိအားများအား ရင်မဆိုင်နိုင်တော့။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၎င်းလက်အောက်ရှိ စစ်ဗိုလ်ချုပ်များကို နှစ်ရှည်ထောင်ဒဏ်၊ သေဒဏ်၊ ထုတ်ပယ် အနားပေး၊ အရံအင်အားနှင့် အရပ်ဘက်ပို့ စသည့်ပြစ်ဒဏ်ပေးမှုများလုပ်ဆောင်ခဲ့ရာ လက်ရှိအထိ ဗိုလ်ချုပ်ကြီးအဆင့်အပါအဝင် ၅၀ ဦး ထက်မနည်းရှိပြီဖြစ်သည်။
ရှေ့တန်းစစ်မြေပြင် ဗိုလ်ချုပ်တွေ မည်မျှသေဆုံးနေသည်ဖြစ်စေ၊ မည်သည့်ဗိုလ်ချုပ်များကို ရာထူးဖြုတ်၊ ထောင်ကျ၊ ဘဝပျက်နေကြသည်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုများမှာမူ ပွဲတက်မပျက်၊ ဘုရားဖူးမပျက် သာသာယာယာပင်။
ထို့ကြောင့် မြေပြင်တိုက်ခိုက်ရေး စစ်ဗိုလ်ချုပ်များအနေဖြင့်လည်း နယ်မြေသိမ်းစစ်ပွဲများနှင် ရင်ဆိုင်လာရပါက အထက်စစ်ခေါင်းဆောင်တွေ၏ အမိန့်အတိုင်း အသက်စတေးပြီးခုခံမလား၊ စစ်ရှုံးပြီးမှ စစ်ခုံရုံးတက်ကာ စစ်ခေါင်းဆောင်များလက်မှာ အသေခံမလား၊ တိုက်ပွဲမစတင်မီ တော်လှန်ရေးတပ်တွေထံ အလံဖြူထောင်ကာ ပူးပေါင်းမလားဆိုသည်မှာ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
#မြေလတ်အသံ
#ဆောင်းပါး #အတွေးအမြင် #စစ်ခေါင်းဆောင် #စစ်ရှုံး #အညံ့ခံ
Share Share Share