မြေလတ်အသံသတင်းဌာန၏ အချက်အလက်စစ်ဆေးခြင်း နည်းစနစ်နှင့် မူဝါဒများ

မြေလတ်အသံသတင်းဌာန၏ အချက်အလက်စစ်ဆေးခြင်း နည်းစနစ်နှင့် မူဝါဒများ

အချက်အလက်မှားများကို စိစစ်ခြင်း

အွန်လိုင်းပေါ်တွင်ပျံ့နှံ့လျက်ရှိသည့် အန္တရာယ်ဖြစ်နိုင်ချေရှိသော သံသယဖြစ်ဖွယ် အချက်အလက်များကို စိစစ်ပါမည်။

စိစစ်ဖော်ထုတ်ရာတွင် သတင်းအချက်အလက်တစ်ခုသည် မမှန်ကန်ကြောင်း သက်သေ ခိုင်လုံစွာဖြင့် ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်စိစစ်နိုင်ခြင်းရှိ၊ မရှိဟူသောအပေါ် မူတည်ပြီး စိစစ်ဖော်ထုတ်မည့် အချက်အလက်များကို အမျိုးအစားခွဲခြားသတ်မှတ်ထားပါမည်။

အများပြည်သူ၏ ကျန်းမာရေး၊ အသက်ရှင်သန်ရေးကို ထိခိုက်စေသော၊ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပျက်စီး စေသော၊ အန္တရာယ်ရှိသည့် အမုန်းစကားများနှင့် လူမျိုးရေးခွဲခြားမှုများဖြစ်လာနိုင်ခြေရှိသော အချက်အလက် အမှားများကို အဓိကထား စိစစ်ဖော်ထုတ်ပါမည်။

အဖွဲ့အစည်း၊ ပုဂ္ဂိုလ်စွဲမရှိဘဲ အားလုံးကို တူညီသောချဉ်းကပ်ပုံ၊ တူညီသော စံနှုန်းသက်သေများဖြင့် အချက်အလက် စိစစ်ဖော်ထုတ်ပါမည်။ တစ်သီးပုဂ္ဂလ တစ်ခုတည်းအတွက် ရည်ရွယ် လုပ်ဆောင်ခြင်းမရှိစေရန် အထူးဂရုပြုရပါမည်။

 

ပွင့်လင်းမြင်သာသည့် အရင်းအမြစ်များ 

အချက်အလက်စိစစ်မှုတွင် အရေးပါသည့် ပွင့်လင်းမြင်သာသော သတင်းအရင်းအမြစ်များ အသုံးပြု သွားပါမည်။ ကျွန်ုပ်တို့၏ မြေလတ်အသံ သတင်းထောက်များ၊ သတင်းခန်း (news room) မှ ရရှိသည့် စိစစ်အတည်ပြုပြီးဖြစ်သည့် အချက်အလက်များနှင့် ပြည်တွင်းပြည်ပ တရားဝင် သတင်းမီဒီယာများ၏ စိစစ်အတည်ပြုပြီးသော သတင်းအချက်အလက်များ၊ ဘက်လက်ခြင်းမရှိသော အခြေခံ သတင်းအရင်းအမြစ်များအပေါ်တွင် အခြေခံ၍ အချက်အလက်စိစစ်သွားပါမည်။

အချက်အလက်စိစစ်ရာတွင် ကျွမ်းကျင်ပညာရှင်များ (experts) ကို ဆက်သွယ်၍ ၎င်းတို့၏ ပြောကြားချက် များကို ကျွန်ုပ်တို့၏ အချက်အလက်စိစစ်ချက်များတွင် အကိုးအကားအနေဖြင့် ထည့်သွင်းအသုံးပြုပါမည်။ ဒါ့အပြင် အဆိုပါပညာရှင်များ၏ လုပ်ကိုင်သည့်ဌာန၊ ကျွမ်းကျင်သည့်နယ်ပယ်နှင့် ၎င်းတို့တွင် ရှိကောင်းရှိနိုင် သော အကျိုးစီးပွားတိုက်စားမှု (conflicts of interest) များကိုလည်း ထည့်သွင်းဖော်ပြပါမည်။

အချက်အလက်စိစစ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ပွင့်လင်းမြင်သာမှုရှိစွာ ပြသရန်ရည်ရွယ်ပါသည်။ ဥပမာအားဖြင့် အချက်အလက်စိစစ်ရာတွင် အသုံးပြုထားသည့် links များ၊ embeds များ၊ screenshots များ၊ ဓာတ်ပုံများနှင့် မှတ်တမ်းယူထားသည့် သက်သေများကို ထည့်သွင်းဖော်ပြနိုင်အောင် လုပ်ဆောင်ပါမည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ အချက်အလက်စစ်ဆေးမှုလုပ်ဆောင်ပုံများကို စာဖတ်သူများ နားလည်စေရန်နှင့် အလားတူအဆင့်များအတိုင်း စာဖတ်သူများကိုယ်တိုင် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေအရ အမည်မဖော်ပြနိုင်သော သတင်းအရင်းအမြစ်များကို အချက်အလက် စစ်ဆေးရာတွင် အသုံးပြုရပါက ၎င်းတို့၏ သတင်းအချက်အလက် ခိုင်မာမှုအပေါ် ကျွန်ုပ်တို့မှ ထပ်ဆင့် အာမခံနိုင်မှသာလျှင် အသုံးပြုပါမည်။

အများပြည်သူ၏ ကျန်းမာရေး၊ အသက်ရှင်သန်ရေးကို ထိခိုက်စေသော၊ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပျက်စီး စေသော၊ အန္တရာယ်ရှိသည့် အမုန်းစကားများနှင့် လူမျိုးရေးခွဲခြားမှုများဖြစ်လာနိုင်ခြေရှိသော အချက်အလက် အမှားများကို အဓိကထား စိစစ်ဖော်ထုတ်မည် ဆိုရာတွင် ကျွန်ုပ်တို့ စိစစ်ဖော်ထုတ်သော အချက်အလက်သည် မှန်ကန်နေသည်ဆိုပါကလည်း မှန်ကန်ကြောင်း အချက်အလက်များနှင့်တကွ ဖော်ပြသွားပါမည်။

 

နည်းပညာများနှင့် ချဉ်းကပ်ပုံများ 

ကျွန်ုပ်တို့အနေဖြင့် သမားရိုးကျစာနယ်ဇင်းအတတ်ပညာများနှင့် ရိုးရှင်းသောနည်းပညာများအပြင် အလိုအလျောက်သိမှုနှင့် သတိကြီးစွာထားသည့်နည်းလမ်းကိုလည်း အသုံးပြုပါမည်။ 

ဓာတ်ပုံ(သို့မဟုတ်) ရုပ်သံဗီဒီယိုများကို ပြုပြင်ထားသည်ဟု ယူဆပါ မူရင်းဖိုင်နှင့် မူရင်းရိုက်ကူးသူကို ရှာဖွေမေးမြန်းမှုပြုလုပ်ပါမည်။ သို့မဟုတ် ၎င်းဓာတ်ပုံ(သို့မဟုတ်) ရုပ်သံဗီဒီယိုအား နည်းပညာအကူအညီ များဖြင့် စိစစ်အကဲဖြတ်ပါမည်။ ဒါ့အပြင် ၎င်းအကြောင်းအရာနှင့် ဆက်စပ်သည့် ကျွမ်းကျင်ပညာရှင်များထံ အကဲဖြတ်စေခြင်း၊ သုံးသပ်ချက်တောင်းခံခြင်းတို့ကို လုပ်ဆောင်သွားပါမည်။

 

ရုပ်ပုံများအားရှာဖွေခြင်း

သတင်းအချက်အလက်အမှားအတော်များများတွင် ဓာတ်ပုံဟောင်းများအား မှားယွင်းသည့် အချက်အလက် များနှင့် တွဲဖက်ဖော်ပြလေ့ရှိသည်။

ကျွန်ုပ်တို့ စိစစ်မည့်အကြောင်းအရာပါဓာတ်ပုံကို ယခင်က အွန်လိုင်းတွင် ဖော်ပြဖူးခြင်းရှိ၊ မရှိ သိရှိနိုင်ရန် ရှာဖွေရေးအင်ဂျင် (search engine) များတွင် ဓာတ်ပုံရာဇဝင်ရှာဖွေခြင်းနည်း (reverse image search) ဖြင့် ရှာဖွေပါမည်။ search engine အနေဖြင့် ၎င်းသိုမှီးထားသည့် ဒေတာဘဏ်တွင် အလားတူဓာတ်ပုံများ ရှိ၊ မရှိဆိုသည်ကို ပိုက်စိတ်တိုက်ရှာဖွေပေးမည်ဖြစ်သည်။

ဓာတ်ပုံရာဇဝင်ရှာဖွေရာတွင် ရှာတိုင်း အမြဲတမ်းတွေ့နေမည်မဟုတ်ပါ။ အကြောင်းမှာ မိမိရှာဖွေသည့်ဓာတ်ပုံမှာ အင်တာနက်တွင် တစ်ခါမှ မတင်ဖူးသောကြောင့်လည်း ဖြစ်နိုင်သလို အင်တာနက်မှတ်တမ်းမဝင်သေးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဓာတ်ပုံရာဇဝင်ရှာဖွေသည့် အင်ဂျင်များအနေဖြင့် ဘယ်ညာလှည့်ထားသည့်ဓာတ်ပုံတစ်ပုံကို ရှာဖွေရာတွင်မူ ရှုပ်ထွေးမှုရှိနိုင်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မြင်သာသော သဲလွန်စများ၊ ဆိုင် ဆိုင်းဘုတ်များ၊ လမ်း ဆိုင်းဘုတ်များ၊ ဗိသုကာလက်ရာ၊ ဟင်းသီးဟင်းရွက်၊ ကားလိုင်စင်နံပါတ်ပြားများနှင့် ဓါတ်ပုံတွင်ပါဝင်သည့် အသေးစိတ် အချက်အလက်များကို စိစစ်ကြည့်ရှု၍ ဓာတ်ပုံ၏တည်နေရာ သို့မဟုတ် ဓာတ်ပုံရိုက်သည့်နေ့စွဲကို ရှာဖွေ ပါမည်။

သံသယရှိသည့်ဓာတ်ပုံများကို စိစစ်သည့်အခါ ပြန်လည်ပြုပြင်ထားခြင်းရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် မူလဖိုင်များကို ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ရှာဖွေပါမည်။

 

ဗီဒီယိုများအား စိစစ်ခြင်း

ဗီဒီယိုများကို စုံစမ်းစိစစ်ခြင်းတွင် ကျွန်ုပ်တို့အနေဖြင့် InVID/WeVerify Chrome extension ကို အသုံးပြု ပါမည်။ အဆိုပါ ကိရိယာအနေဖြင့် (“ပင်မပုံရိပ် (Keyframes)” မှတစ်ဆင့်) ဗီဒီယိုတစ်ခုကို ပုံရိပ်များ (thumbnails) အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ထို့နောက် ရရှိလာသော ပုံရိပ်များကို အသုံးပြုကာ ဓာတ်ပုံရာဇဝင်ရှာခြင်းဖြစ်သည်။

အကယ်၍ ဓာတ်ပုံတစ်ပုံကို ဘယ်ညာလှည့်ထားသည်ဟု သံသယရှိပါက မူလပုံသို့ ပြန်လှည့်နိုင်ရန် အဆိုပါ extension က အထောက်အကူပြုသည်။

 

ကြေညာချက် သို့မဟုတ် ပြောစကားများ၏ မူလအရင်းအမြစ်ကို ရှာဖွေခြင်း

တစ်ခါတစ်ရံတွင် မိမိတို့ရှာဖွေလိုသည့် စာပိုဒ်တစ်ခုလုံးကို copy ယူ၍ search engine တွင် paste လုပ်ပါက အဆိုပါစာပိုဒ်အနေဖြင့် အွန်လိုင်းတွင် ယခင်ကတည်းက ပျံ့နှံ့မှုရှိမရှိသိနိုင်ပါသည်။

အကယ်၍ မှတ်ချက်တစ်ခုအနေဖြင့် လူတစ်ဦးတစ်ယောက်ကို ရည်ညွှန်းပါက ကျွန်ုပ်တို့အနေဖြင့် ယုံကြည် လောက်သည့် အရင်းအမြစ် (အသံဖိုင်၊ ဗီဒီယိုမှတ်တမ်း၊ တရားဝင်မှတ်တမ်း) တစ်ခုခုကို ရှာဖွေခြင်း၊ ထပ်မံ အတည်ပြုရန် အဆိုပါပုဂ္ဂိုလ်၏ အွန်လိုင်းအကောင့်များကို ရှာဖွေကြည့်ရှုခြင်းများ အပြင် ထုတ်ပြန်ချက်များ အတွက် အတည်ပြုနိုင်ရန် ထုတ်ပြန်သည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်ကို တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့် အတည်ပြုပါမည်

 

အချက်အလက်ကို အတည်ပြုခြင်း

အကယ်၍ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ပုံ သို့မဟုတ် သတင်းအချက်အလက်အနေဖြင့် သံသယဖြစ်ဖွယ်ရှိနေပြီး ကိုးကားထားသည့်အရင်းအမြစ်တစုံတရာ မပါရှိပါက ကျွန်ုပ်တို့ ပုံမှန်လုပ်လေ့လုပ်ထရှိသည်မှာ မှတ်ချက် (comment) များကို လိုက်ဖတ်ခြင်းဖြစ်သည်။ အချို့ မှတ်ချက်များတွင် ရှေ့နောက်မညီသော အချက်အလက်များကို ထောက်ပြထားခြင်း သို့မဟုတ် တင်ထားသည့်ပို့စ် မှန်ကန်ခြင်းရှိ၊ မရှိ မေးမြန်းထားခြင်းများ ပါရှိသည်။

အကယ်၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ထည့်သွင်းဖော်ပြထားပါက ကျွန်ုပ်တို့အနေဖြင့် ပို့စ်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းပါမည်။

ရေးသားဖော်ပြမှုများသည် ဓာတ်ပုံတစ်ပုံ သို့မဟုတ် ဗီဒိယိုတစ်ခုအပေါ်တွင် အခြေခံသည်ဆိုပါက ၎င်းတို့ဖော်ပြထားချက်များနှင့် နှိုင်းယှဉ်ရန် အလားတူဖြစ်စဉ်မှ အခြားသော ဓာတ်ပုံများကို ကျွန်ုပ်တို့ ရှာဖွေပါမည်။

 

အဆင့်သတ်မှတ်ခြင်း

အဆင့်သတ်မှတ်မှုအသုံးအနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • အမှား (False) - မတူညီသော ယုံကြည်စိတ်ချရသည့်သတင်းရင်းမြစ်များက “မှားယွင်းကြောင်း” အတည်ပြုထားသော အကြောင်းအရာများ။ 
  • အမှန် (True) - မတူညီသော ယုံကြည်စိတ်ချရသည့်သတင်းရင်းမြစ်များက “မှန်ကန်ကြောင်း” အတည်ပြုထားသည့် သတင်းအချက်အလက်များ။  
  • နားလည်မှုလွဲစေ (Misleading) - မှန်ကန်သောသတင်းအချက်အလက်များ (စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည်) တို့ကို မူရင်းပကတိအကြောင်းအရာနှင့် လွဲမှားဖော်ပြခြင်း၊ အချက်အလက်အမှားများဖြင့် ရောနှောထားခြင်း စသည်တို့အတွက် သတ်မှတ်ဖော်ပြသည်

a. ပြုပြင်ထားသောဓာတ်ပုံ (Altered Photo) - ကြည့်ရှုသူအား လှည့်ဖြားရန် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံ

b. ပြုပြင်ထားသောဗီဒီယို(Altered Video) - ကြည့်ရှုသူအား လှည့်ဖြားရန် ပြုပြင်ဖန်တီးထားသော ဗီဒီယို

  • အချက်အလက်မပြည့်စုံ (Missing Content)  မှန်ကန်သောအချက်တချို့ပါဝင်နေသော်လည်း နောက်ထပ်အချက်အလက်များပြည့်စုံစွာမရှိပါက ဖတ်ရှုသူပေါ် လှည့်ဖြားမှုဖြစ်စေနိုင်သော အကြောင်းအရာ။
  • သရော်စာ (Satire) - သတင်းအချက်အလက်မှားယွင်း၍ ဖတ်ရှုသူအတွက် နားလည်မှုလွဲစေနိုင်သော်လည်း မူလက လှည့်ဖြားရန်ရည်ရွယ်ချက်မရှိသည့် ရေးသားပြောဆိုမှုများ (ဥပမာ - ဟာသ၊ parody မူရင်းအကြောင်းအရာတစ်ခုခုအား တုပ၍ ဟာသဖြစ်စေရန် လှောင်ပြောင်ရေးသားသည့်စာပေများ)
  • လုပ်ကြံဖန်တီးထားခြင်း (Hoax) - ဓာတ်ပုံ သို့မဟုတ် အဖြစ်အပျက်တစ်ခုခုအား လုပ်ကြံဖန်တီး ပြောဆိုထားခြင်း။ 
  • Deepface - အစစ်အမှန်ဟုထင်မြင်စေရန် ရည်ရွယ်၍ ကွန်ပျူတာဉာဏ်ရည်တုနည်းပညာ (artificial intelligence) ဖြင့် ဖန်တီးထားသော ဗီဒီယိုနှင့် အသံဖိုင်စသည်များ။ 

 

Presentation Style 

  • Fact check လုပ်ထားသည့် သတင်းခေါင်းစဉ် (____ ဆိုသည့် သတင်းအတု/ သတင်းအမှား ထွက်ပေါ်နေပါတယ်)
  • ဖော်ပြပါရှိသော သတင်းအတု/ သတင်းအမှား screenshot ပေါ်တွင် ထင်ရှားပေါ်လွင်သည့် စာလုံးဒီဇိုင်းဖြင့် (သတင်းတု/သတင်းမှား) စသဖြင့် ရိုက်နှိပ်၍ သတင်းဓါတ်ပုံ အဖြစ် အသုံးပြုမည်။
  • သတင်းတု သတင်းမှား ထွက်ပေါ်လာသည့် source နှင့် ၎င်းတို့ ဖော်ပြထားရှိသည့် အချက်အလက်များကို အကျဉ်းဖော်ပြမည်။
  • မူရင်း ဖော်ပြချက် archive link ဖော်ပြမည်။
  • ၎င်း သတင်းတု သတင်းမှား ပျံ့နှံ့မှုနှင့် မည်သည့်ပလက်ဖောင်းများတွင် ဖြန့်ဝေနေသည်ကို ဖော်ပြမည်။
  • သတင်းဆန်းစစ်ချက်ဖော်ပြမည်။
  • မည်သည့် အချက်အလက်များကြောင့် သတင်းအမှားဖြစ်သည်ကို အချက်အလက်များ ဖြင့် ဖော်ပြမည်။
  • သတင်းအမှားနှင့် ဆက်စပ်မှုရှိသည့် ယခင်ဖြန့်ဝေခဲ့ဖူးသော သတင်းအတု သတင်းအမှား archive များကို ဆက်စပ်ဖော်ပြမည်။
  • သတင်းမှား ဖြန့်ဝေသည့် ချန်နယ်/ လူပုဂ္ဂိုလ်အပေါ် ဆန်းစစ်ချက်/ မည်သူမည်ဝါဖြစ်ကြောင်း နှင့် ၎င်း၏ လုပ်ဆောင်ချက်အချို့ ဖော်ပြမည်။

 

အမှားပြင်ဆင်ချက်

ကျွန်ုပ်တို့ မြေလတ်အသံ အချက်အလက်စစ်ဆေးရေးအဖွဲ့သည် ကောင်းစွာဖွဲ့စည်းထားပြီး အချက်အလက် စစ်ဆေးခြင်း နည်းလမ်းများကို အသုံးပြုသော်လည်း ကျွန်ုပ်တို့သည် အချိန်အခါမရွေး အမှားများ ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့ အမှားပြုလုပ်မိသည်ဟု သင်ယူဆပါက ကျွန်ုပ်တို့  Facebook Messenger, Email တို့မှ အမှားပြင်ဆင်ရန် တောင်းဆိုချက်များ ပေးပို့နိုင်ပါသည်။

ကျွန်ုပ်တို့ အချက်အလက်စစ်ဆေးခြင်းမှ အမှားအယွင်းပြုလုပ်မိပါက မှားယွင်းသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး ပြင်ဆင်ချက်များကို ၂၄ နာရီ (သို့မဟုတ်) ၄၈ နာရီအတွင်း ပြင်ဆင်မှုများ ပြုလုပ်သွားပါမည်။

မှားယွင်းဖော်ပြမှုများနှင့် ပတ်သက်ပြီး အကြောင်းအရာများကို အများပြည်သူအား အသိမပေးဘဲ ဖြုတ်ချခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10