မြောင်မှာ စစ်အုပ်စု ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

မြောင်မှာ စစ်အုပ်စု ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မတ်လ ၂၇ ရက် မနေ့ကညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရပါတယ်။

မြောင်မြို့ကနေထွက်လာတဲ့ အဲ့ဒီကားကို မြောင်မြို့တောင်ဘက်အထွက် ဆီဆိုင်  ၂ ဆိုင်ကြားမှာ PDF သုံးဖွဲ့က ဆီးကြိုပြီး ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့  မြောင်မြို့နယ်တော်လှန်ရေးတပ် - MRA တာဝန်ခံက ပြောပါတယ်။ 

“ ကျနော်တို့မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ၊ မြောင်မြို့တောင်ဘက်အထွက် ဆီဆိုင် ၂ ဆိုင်ကြားထဲမှာ မိုင်းခွဲတိုက်ခိုက်လိုက်တာပါ၊ သူတို့က မြောင်ကနေ တောင်ဘက်ထွက်အလာ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ တိုက်ခိုက်လိုက်တာပါ၊” လို့ သူကပြောပါတယ်။ 

တိုက်ခိုက်လိုက်တဲ့အချိန်မှာ ကားမှန်တွေလည်းကြေမွသွားပြီး၊ ကားထဲလိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ MRA တာဝန်ခံက ဆက်ပြောပြပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ်တော်လှန်ရေးတပ် - MRA ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ အရန်တပ်ခွဲ ၁ နဲ့ Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်တာလို့ MRA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ဒါ့အပြင် မြောင်မြို့နယ်အတွင်း ပြောက်ကျားစစ်ဆင်ရေးတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီး၊ အဲ့လိုလုပ်ဆောင်ရာမှာလည်း ပြည်သူတွေကို အထိအခိုက်မရှိအောင် ဂရုတစိုက်ဆောင်ရွက်နေတာဖြစ်သလို ပြည်သူတွေအနေနဲ့ကတော့ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို သတိကြီးကြီးထားပြီး ဂရုတစိုက်သွားလာကြဖို့ MRA က သတိပေး ပြောကြားထားပါသေးတယ်။ 

ဒီဖြစ်စဥ်မတိုင်ခင် ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ညပိုင်းမှာလည်း မြင်းမူမြို့နယ်အတွင်း ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီအင်အား ၄၀ ကျော်ကို MRA အပါအဝင် မဟာမိတ် ၄ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးပြီး၊ ၈ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်သူ ရဲဘော်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10