သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နဲ့ တောင်ငူမြို့နယ်ထဲအတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာ သွင်းအားစုတွေစျေးနှုန်းမြင့်တက်နေတာကြောင့် တောင်သူတွေအကျိူးအမြတ်ရရှိမှု ပိုမိုနည်းပါလာတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
မိုးစပါးစိုက်ပျိုးဖို့ ရင်းနှီးရမယ့် ဓာတ်ဆီ၊ ဒီဇယ်စျေး၊ မျိုးစပါးစျေး၊ ဓာတ်မြေဩဇာစျေးနဲ့ လုပ်သားစရိတ်တွေမှာ ယခင်နှစ်တွေထက် နှစ်ဆနီးပါးမြင့်တက်လာတာလို့ ဆိုပါတယ်။
"မနှစ်ကထက် အကုန်တက်ပဲ။ ရိတ်သိမ်းချိန်မှာ စပါးက ဘယ်လောက်ထွက်မယ်မသိသေးဘူး။ ကုန်ကျစရိတ်တွေအတွက်က ရင်လေးနေရပြီ။ မလုပ်လို့ကလည်း မဖြစ်ဘူး။ ဒီအလုပ်လေးကပဲ ဝမ်းစာအတွက် မှီခိုနေရတယ်"လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
ယခင်နှစ်က ဒီဇယ် ၅ ဂါလံတပုံးလျှင် ကျပ် ၃၀၀၀၀ ကျော်၊ မြေဩတအိတ် ကျပ် ၁ သိန်းခန့်၊ မျိုးစပါးတတင်း ကျပ် ၃၀၀၀၀ ခန့်၊ ထွန်ယက်စိုက်ပျိုးရန် စက်ငှားရမ်းခ တဧက ကျပ် ၅၀၀၀၀ ခန့်၊ လုပ်သားငှားရမ်းခ တရက်လျှင် ကျပ် ၈၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။
ယခုနှစ်မှာတော့ ဒီဇယ် ၅ ဂါလံတပုံးလျင် ကျပ် ၅၀၀၀၀ ကျော်၊ မြေဩဇာတအိတ်ကျပ် ၁ သိန်း ၃ သောင်းကျော်၊ မျိုးစပါး ၁ တင်း ကျပ် ၄၀၀၀၀ ကျော်၊ ထွန်ယက်စိုက်ပျိုးရန် စက်ငှားရမ်းခ တဧက ကျပ် ၇၀၀၀၀ ခန့်၊ လုပ်သားငှားရမ်းခ ကျပ် ၁၀၀၀၀ ကျော်ထိရှိနေတာပါ။
"ယခင်ကထက် စိုက်ပျိုးစရိတ်က ပိုကုန်ကျလာတယ်။ ရာသီဥတုမဖျက်၊ ပိုးမဖျက်မှာ ပုံမှန်ထွက်တဲ့ စပါးရရင်တောင် အရင်လိုအကျိူးအမြတ်က သိပ်မကျန်ဘူး။ ကြားထဲ အကြောင်းအရာတခုခုကြောင့် စပါးအထွက်လျော့ရင်တော့ အရှုံးပေါ်တာပဲ"လို့ တောင်ငူဒေသခံ တောင်သူတဦးက ပြောပါတယ်။
တောင်သူတွေမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေအကြား အသက်လုစိုက်ပျိုးရပေမယ့် ဝမ်းစာ စပါးတောင် အနိုင်အနိုင်ရဖို့ ကြိုးစားနေရသလို ပိုလျှံဖို့ကတော့ ယခင်အာဏမသိမ်းခင်ကလို မလွယ်ကူတော့ဘူးလို့ ဆိုပါတယ်။
သွင်းအားစုစျေးနှုန်းတွေမြင့်တက်ပေမယ့် အကျိုးအမြတ်ရရှိမှုမှာ ယခင်ထက်နည်းလာတာကြောင့် တောင်သူတွေမှာ စားဝတ်နေရေးကြပ်တည်းပြီး အကြွေးတွေလည်း တင်လာကြတယ်လို့ သိရပါတယ်။
စစ်အာဏာမသိမ်းခင်က စပါးတဧက စိုက်စရိတ် ကျပ် ၅ သိန်းဝန်းကျင်ခန့်သာကုန်ကျပေမယ့် ယခုအချိန်မှာတော့ ကျပ် ၁၀ သိန်းဝန်းကျင်ထိ ကုန်ကျလာတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းဟောင်းတဦးကလည်း “သွင်းအားစုစရိတ်မြင့်တက် လာမယ်ဆိုရင် တောင်သူတွေအနေနဲ့ လုံးပါးပါးလာနိုင်တယ်။ စိုက်သာစိုက်နေရတယ် အကျိုးအမြတ်ကို မျှော်ကိုးလို့မရဘူး၊ အမြတ်ထက် အရှုံးပေါ်ဖို့ ပိုများလာနိုင်တယ်။ အမြတ်ဆိုတာကို ထည့်တွက်လို့ မရတော့ဘူး။ အရှုံးခံစိုက်နေရတဲ့ သဘောပဲရှိတယ်” လို့ ပြောပါတယ်။
မိုးလေဝါသကောင်းမွန်ပြီး ပိုးမွှားအဖျက်မရှိဘဲ သဘာဝဘေးအန္တရာယ်မရှိပါက ၁ ဧကလျှင် စပါးတင်း ၁၀၀ နီးပါးထွက်ရှိပေမယ့် မိုး၊မွှားနဲ့ မိုးလေဝါသဖျက်ပါက ၁ ဧက တင်း ၆၀ ခန့်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတောင်သူတွေအနေနဲ့ကတော့ အထွက်နှုန်းကောင်းတဲ့ ရတနာတိုးနဲ့ ရက် ၉၀ စပါးမျိုးတွေကိုသာ အများဆုံးစိုက်ပျိုးကြပြီး ပေါ်ဆန်းနဲ့ဆန်ကြမ်းအုပ်စုဝင် စပါးတွေကို စိုက်ပျိုးသူနည်းတယ်လို့ သိရပါတယ်။
သာယာဝတီမြို့နယ်အတွင်းမှာ နှစ်စဥ်မိုးစပါးစိုက်ဧက ၁ သိန်းကျော်စိုက်ပျိုးလျှက်ရှိသလို တောင်ငူမြို့နယ်မှာ ဧက ၆ သောင်းနီးပါး စိုက်ပျိုးကြတယ်လို့ စစ်ကောင်စီရဲ့လယ်ယာစာရင်းအင်း ဦးစီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ - ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း မိုးစပါးရိတ်သိမ်းနေစဥ်။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သာယာဝတီ #တောင်ငူ #စိုက်ပျိုးရေး #သွင်းအားစုစျေးတက် #တောင်သူ #အကျိုးအမြတ် #နည်းပါး
Share Share Share