ယင်းမာပင်တွင် ပြည်သူ့အခြေပြုစာသင်ကျောင်း ၅ ကျောင်းကို စာရေးကိရိယာနဲ့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့

ယင်းမာပင်တွင် ပြည်သူ့အခြေပြုစာသင်ကျောင်း ၅ ကျောင်းကို စာရေးကိရိယာနဲ့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု ကြားကာလစာသင်ကျောင်းတွေအတွက် စာရေးကိရိယာပစ္စည်းမျိုးစုံကို မတ် ၂၆ ရက်က ကူညီထောက်ပံ့ပေးခဲ့တယ်လို့ လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့ဆီက သိရပါတယ်။

ယင်းမာပင်မြို့နယ်က စာသင်ကျောင်း ၂ ကျောင်းနဲ့ ပုလဲမြို့နယ်က စာသင်ကျောင်း ၃ ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသား/သူတွေမှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတဲ့အတွက် ကျပ်သိန်း ၂၀ ကျော်ဖိုးရှိ သင်ထောက်ကူပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"ကျောင်းတွေက မူ၊ လယ်၊ ထက် ကျောင်းအစုံပါတယ်။ ကလေးတွေမှာ မပြည့်စုံတော့ ကူညီပေးရတာပါ။ ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေလည်း ပါပါတယ်" လို့ လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့ဝင် တဦးက ပြောပါတယ်။

ကျောင်းသားကျောင်းသူများအတွက် တဦးကို ဗလာစာအုပ် ၂ အုပ်၊ ခဲတံ ၂ ချောင်း၊ ဘော့ပင် ၂ ချောင်း၊ ခဲဖျက် ၁ ခု၊ ပေတံ ၁ ခုနဲ့ စာရေးကိရိယာတွေ ပေးအပ်ခဲ့ပြီး ကျောင်းအတွက်လည်း A4 စက္ကူထုပ်၊ မာကာပင်၊ ကာလာပင်နဲ့ ကတ်ထူစက္ကူချပ်စတဲ့ သင်ထောက်ကူပစ္စည်းတွေ ကူညီပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျောင်းသား/သူတွေကို ထောက်ပံပေးပြီးနောက် ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲမြို့နယ်က အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ တာဝန်ခံတို့ကလည်း အသိပညာပေး ဟောပြောပွဲများလည်း ပြုလုပ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

"ကလေးငယ်တွေရော အမျိုးသမီးငယ်တွေအတွက်ရော အဓိကပြောခဲ့တာပါ။ နေထိုင်သွားလာတာ၊ ပြုမူပြောဆိုတဲ့ အပိုင်းတွေပေါ့။ သူတို့လေးတွေရဲ့ ဘဝလုံခြုံဖို့ အသိပညာဖွံ့ဖြိုးဖို့ ပြောခဲ့တာပါ" လို့ ဆားလင်းကြီး မြို့နယ်က အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ တာဝန်ခံ မဖြူဖြူက ပြောပါတယ်။

အခုလို ကူညီထောက်ပံ့မှုကို The Sky အဖွဲ့နဲ့အတူ လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့ဝင်တွေက ပူးပေါင်း ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပြည်သူ့အခြေပြုစာသင်ကျောင်း #စာရေးကိရိယာ #သင်ထောက်ကူ #ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10