ယင်းမာပင်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ရွာသား ၃ ဦးကိုပါ မီးရှို့သတ်ခဲ့

ယင်းမာပင်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ရွာသား ၃ ဦးကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာနဲ့ အင်တောရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီး ဒေသခံအမျိုးသား ၃ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

 

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ က အင်အား ၁၃၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ဖေဖော်ဝါရီလ ၂၈ ရက်ည ၇ နာရီဝန်းကျင်လောက်မှာ စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ Bo Thurain-Yinmabin PDF တပ်ရင်းမှူး ဗိုလ်သူရိန်က ပြောပါတယ်။

“ကုန်းရွာက နေအိမ် ၈၀၀ ခန့်ရှိတာ။ စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်း ၇ နာရီထိုးမှာ ရှို့ပြီး မတ်လ ၁ ရက် မနက်ပိုင်းမှာ ထပ်ရှို့တယ်။ အိမ်ခြေ ၈၀၀ ‌ခန့်ရှိတာ အိမ် ၇၀ လောက်ပဲ ကျန်တယ်” လို့ ပြောပါတယ်။

ကုန်းရွာသား အသက် ၆၀ နှစ်အရွယ် ဦးဆန်းလင်းနဲ့ ဦးအေးလွင် အသက် ၄၃ နှစ်တို့ကို စစ်သားတွေက ရွာထဲမှာပဲ ကြိုးနဲ့တုတ်ပြီး မီးရှို့သတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ခုလို မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ မတ်လ ၁ ရက် မနက် ၉ နာရီလောက်မှာတော့ ကုန်းရွာကနေ မီးရှို့ပြီးထွက်လာချိန် ကုန်းရွာနဲ့ စားတော်ပြင်ရွာကြားအရောက်မှာ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး နှစ်ဖက်ထိတွေ့မှုလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအပြန်အလှန်ပစ်ခတ်မှုက ၂ နာရီဝန်းကျင် ကြာခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ Dragon Brothers Task Force -DBTF တာဝန်ခံက မြေလတ်အသံကို အတည်ပြုဖြေဆိုထားပါတယ်။

အလားတူ ကုန်းရွာနဲ့ ၁ မိုင်သာသာဝေးတဲ့ အင်တိုင်ရွာကိုလည်း အဆိုပါစစ်ကြောင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့လည် ၁ နာရီလောက်မှာ စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့အပြင် အသက် ၃၀ အရွယ် ရွာခံအမျိုးသားတဦးကိုပါ မီးရှို့သတ်ခဲ့တယ်လို့ သိရပြီး၊ ဒီဖြစ်စဥ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10