ယာထဲသွားသူတွေကို စစ်မှုထမ်းဖို့အဓမ္မခေါ်ထားပြီး နွားလှည်းပဲပြန်လွှတ်လိုက်တဲ့အထိ စစ်ကောင်စီတပ်သားတွေ သောင်းကျန်းလာ

ယာထဲသွားသူတွေကို စစ်မှုထမ်းဖို့အဓမ္မခေါ်ထားပြီး နွားလှည်းပဲပြန်လွှတ်လိုက်တဲ့အထိ စစ်ကောင်စီတပ်သားတွေ သောင်းကျန်းလာ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့အတွက် တပ်သားသစ်စုဆောင်းရာမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အတင်းအဓမ္မဆွဲခေါ်တာတွေ ဆက်တိုက်ဆိုသလို လုပ်လာနေတယ်လို့ ကျေးရွာဒေသခံတွေကဆီက သိရပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ ကျေးရွာတွေကနေ တောင်ယာလုပ်ငန်းခွင် ဝင်ရောက်ဖို့သွားတဲ့ ရွာသားတွေကို လမ်းမပေါ်မှာပင် အတင်းဖမ်းခေါ်ထားလိုက်ပြီး စီးလာတဲ့နွားလှည်းကိုပဲ လာလမ်းအတိုင်း ပြန်မောင်းလွှတ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

"အခုက တအားကိုဆိုးရွားသောင်းကျန်းလာတာ။ လမ်းမှာတွေ့ရင်တွေ့တဲ့သူကို အရွယ်ကောင်းဆို ဖမ်းခေါ်ထားလိုက်တော့တာ။ တခါတလေလည်း သေနတ်ပစ်ဖောက်ပြီး ရွာထဲကိုဝင်လာတယ်။ ခေါ်ချင်တဲ့သူကိုဆွဲခေါ်သွားတယ်။" လို့ ကျေးရွာဒေသခံ အမျိုးသားတဦးက ပြောပါတယ်၊

ဒါ့အပြင် တပ်သားသစ်အတင်းအဓမ္မလိုက်လံစုဆောင်းမှုတွေကြောင့် ဒေသခံအမျိုးသားတွေဟာ နေအိမ်တွေမှာ နေထိုင်နိုင်ခြင်းမရှိဘဲ ရှောင်ရှားနေကြပေမယ့် ရှောင်တိမ်းနေကြတဲ့ တောစပ်တွေထဲအထိ စစ်ကြောင်းထိုးရှာဖွေခေါ်ဆောင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

"အခုက ဘယ်ရွာလဲလို့ မေးလို့ကိုမရတာ ရေနံချောင်းတနယ်လုံးပဲ။ မြို့ပေါ်လည်း မထင်ရင်မထင်သလို လမ်းမှာ စစ်ဆေးတားပြီး ခေါ်တာပဲ။ ခေါင်တဲ့ရွာတွေဆို ပိုဆိုးတယ်။ ဘယ်ရွာမှာ ဝင်လုပ်သွားပါတယ်ဆိုတာကို ပြောဖို့က ခက်တယ်။ အဲလိုပြောရင် အဲရွာကိုထပ်လာပြီးကို ဖျက်ဆီးတော့တာ" လို့ ဒေသခံတဦး ကပြောပါတယ်။

ရွာတွေကို ဈေးလိုက်ရောင်းတဲ့ ဈေးသည်တွေရဲ့ ပစ္စည်းတွေကိုလည်း အတင်းလုယက်ယူကာ စစ်ကြောင်းကသူတွေ စားသောက်တာတွေလည်း အမြဲဖြစ်နေတယ်လို့ သိရပါတယ်။

"ရွာတွေကို ရေခဲချောင်းလိုက်ရောင်းတဲ့သူရဲ့ ရေခဲချောင်းတွေကို အကုန်ယူထားပြီး သူတို့လူတွေ ဝေစားလိုက်ကြတဲ့အထိပဲ။ စစ်ကြောင်းရန်ကြောက်လို့ ဈေးသည်တွေလည်း မလာရဲကြဘူး" လို့ ဒေသခံတဦးကဆိုပါတယ်။

စစ်မှုထမ်းဥပဒေအတည်ပြုပြဌာန်းပြီးနောက် ရေနံချောင်းမြို့နယ်ထဲက စစ်သားသစ်စုဆောင်းရာမှာ ပါဝင်တဲ့ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတင်ဝင်းနိုင်နဲ့ ထွေအုပ်စာရေးစန်းနိုင်တို့ဟာ မတ် ၂၀ ရက်က ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အလားတူ ရုံးကုန်းကျေးရွာအုပ်စု၊ ဆည်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ် ရေနံချောင်းမြို့နယ်သမဝါယမအသင်းဥက္ကဌလည်းဖြစ်သူ ဦးရာတင်ဟာလည်း ဧပြီ ၁၅ ရက်က ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ရေနံချောင်းမြို့နယ် ကျေးရွာတရွာက ရေကန်ပြုပြင်တူးဖော်နေကြတဲ့ ဒေသခံတွေကို တွေ့ရစဉ်။ (ပုံဟောင်း)

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #အဓမ္မ #စစ်မှုထမ်း #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10