ရက်ရှည်ကြာ ရေဘေးဒဏ်ခံနေရလို့ အရေးပေါ် အခြေနေကို ရောက်လာတဲ့ မြောင်၊ ကျွန်းထဲက ဒေသခံတွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရေလယ်ကျွန်းရွာတွေဖြစ်တဲ့ အောက်ကျွန်းထဲပိုင်းရွာတွေမှာ ချင်းတွင်းမြစ်ရေအပြင် ဧရာဝတီမြစ်နဲ့ ဆုံရာဒေသတွေမှာရေကြီးရေလျှံမှု ဖြစ်ပွားနေတာ ရက်ကြာမြင့်လာပြီဖြစ်တဲ့အတွက် ရေဘေးရှောင်တွေအပြင် မရွှေ့ပြောင်းကြတဲ့ ရွာခံတွေမှာပါ စားသောက်ရေး အခက်ခဲနဲ့ နောက်ဆက်တွဲ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ ရင်ဆိုင်လာနေရတယ်လို့ ကူညီပေးနေသူများဆီက သိရပါတယ်။

အောက်ကျွန်းထဲပိုင်းမှာရှိတဲ့ ကျေးရွာ ၅၀ မှာ မယ်မသော်ကျေးရွာ၊ မင်းတန်း၊ နဂါးပေါက်ရွာ၊ စဉ့်ရွာ၊ ရသစ်ရွာ၊ ပေါက်ချောင်း၊ ပေါက်တော၊ ထုံးကြိုင်ရွာတွေနဲ့ အခြားကျေးရွာအများအပြားမှာ ရေကြီးနစ်မြုပ်နေတာဖြစ်ပြီး ရေလွတ်ရာ ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်ကျေးရွာတွေမှာ ရှောင်ရှားနေရသူ ထောင်ဂဏန်းရှိတယ်လို့ ကူညီပေးနေသူတွေ ကပြောပါတယ်။

အဲဒီဒေသမှာ ဇူလိုင်လဆန်းပိုင်းမှာ ပထမမြစ်ရေကြီးပြီးနောက် အနည်းငယ်တန့်နေပြီး ဇူလိုင် ၁၀ ရက် နောက်ပိုင်းမှာတော့ မြစ်ရေပိုမိုတက်လာပြီး နေအိမ်ခေါင်မိုးတွေပါ နစ်မြုပ်ကုန်တာမှာ လက်ရှိအချိန်ထိ ရေအနည်းငယ်သာကျသေးတယ်လို့ မန်း ရင်း ၅ က ဆေးမှူး မလှမေသူအောင် ကပြောပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် ကြားကာလစာသင်ကျောင်းတချို့ ပိတ်ထားရပြီး လက်ရှိအချိန် ကျောင်းပြန်ဖွင့်နိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။ 

ရက်ရှည်ကြာ ရေဘေးရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာ ဆန်၊ ဆီ ပြတ်လပ်နေပြီး ထောက်ပံ့ကူညီသူရှိပါက ဒေသတွင်းမှာ ဆန်ဝယ်ယူနိုင်ပေမယ့် ဆီကတော့ ဒေသတွင်းမှာ လုံးဝပြတ်တောက်သွားပြီလို့ မလှမသူအောင်က ပြောပါတယ်။

ဒါ့အပြင် ရေဆိုးရေညစ်တွေကို သုံးစွဲရတာ၊ ရေတွေထဲ ရက်ရှည်နေလာရတာတွေကြာင့် နောက်ဆက်တွဲကျန်းမာရေးချို့တဲ့ ကူးစက်ရောဂါတွေအဖြစ် ဝမ်းပျက်ဝမ်းလျှော၊ ထိခိုက်ရှနာနဲ့ အအေးမိနှာစေးတွေ အဖြစ်များနေတဲ့အတွက် ဆေးဝါးအရေးပေါ်လိုအပ်ချက်တွေ ရှိလာနေပြီး ရေစီးနဲ့မျောပါလာတဲ့ မြွေအန္တရာယ်ကို သတိထားနေရတယ်လို့ သူမက ဆက်ပြောပါတယ်။

ရွှေ့ပြောင်းဒေသခံတွေနဲ့အတူ လယ်ယာလုပ်ငန်းခွင်တွေမှာ အသုံးပြုခိုင်းစေတဲ့ နွား၊ ကျွဲ တွေကိုပါ ရေလွတ်ရာကို စက်လှေတွေနဲ့ ရွှေ့ပြောင်းပေးခဲ့ရပြီး ရိတ်သိမ်းကာနီး နှမ်းသီးနှံတွေလည်း ရေကြီးရေလျှံမှုမှာ ပါသွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေအနေနဲ့ ရေဘေးဒဏ်ကိုရှောင်ရှားနေရသလို စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ စက်လှေတွေနဲ့ ကမ်းကူလာပြီး လူမနေတော့တဲ့ နေအိမ်တွေက ပစ္စည်းတွေကို ပျူစောထီးတွေက ယူဆောင်တာတွေကိုလည်း ခံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံတွေဟာ နေအိမ်တွေကို မပြန်နိုင်ကြသေးသလို စားနပ်ရိက္ခာလည်း နည်းပါးလာနေပါတယ်။ ကျန်းမာရေးဆေးဝါးလိုအပ်ချက်လည်း ပိုမိုမြင့်မားလာနေပေမယ့် ကူညီထောက်ပံ့သူ နည်းပါးနေဆဲပဲလို့ ဆိုကြပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ရေလယ်ကျွန်း #ရေဘေး #သဘာဝဘေးအန္တရာယ် 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10