သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အေးစက်ကြောက်မက်ဖွယ် ညအမှောင်က ကျီးလန့်စာစားဖြစ်နေတဲ့ မြို့တော်ကြီးကို ကျရောက်လာပါတယ်။ မြို့ပေါ်တခုလုံးမှာလည်း နားမခံသာအောင် တိတ်ဆိတ်ငြိမ်သက်လို့။ မျက်ကြောတသေကြည့်လိုက်တော့ အပြောကျယ်လှတဲ့ ပင်လယ်ပြင်ကြီးက ဆီးကြိုလျက်။ အဆုံးအစမရှိတဲ့ အပြာရောင်မိုးကောင်းကင်းကြီးပေါ်ဝယ် စန္ဒာငွေလမင်းကြီးက တရွေ့ရွေ့နဲ့ မနားတမ်းခရီးနှင်လို့။ အရှေ့နဲ့မြောက်အရပ်တို့ဆီကနေ တသုတ်သုတ်တိုးခတ်လာနေတဲ့ လေပြေလေညင်းတွေနဲ့အတူ ပင်လယ်ကမ်းစပ်မှ လှိုင်းကြက်ခွပ်သံတွေက အေးစက်ကြောက်မက်ဖွယ် ညအမှောင်ကြီးကို ကြီးစိုးနေပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် ‘ည’ တညဖြစ်ပါတယ်။ အဲဒီနေ့ ည ၉ နာရီကျော်အချိန်မှာ ကုန်းလမ်း၊ ရေလမ်း အဘက်ဘက်က ပိတ်ဆို့ခံထားရတဲ့ စစ်တွေမြို့တော်ကြီးကနေ ခိုးထွက်ဖို့ရာ စိုင်းပြင်းနေကြတဲ့ ကျနော်နဲ့အတူ ပြည်သူ ၂၅ ဦးတို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ‘တညတာ’ပဲဖြစ်ပါတယ်။
တကျော့ပြန် ရခိုင်စစ်ပွဲ
ရခိုင်ပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်း စစ်ကောင်စီက အင်တာနက်လိုင်းတွေ အကုန်လုံးကို ဖြတ်တောက်လိုက်ပါတော့တယ်။ အင်တာနက်လိုင်းဖြတ်တောက်ခံလိုက်ရတာနဲ့ တပြိုင်နက် နေရာဒေသအလိုက် ဖုန်းလိုင်းတွေလည်း အသီးသီးဖြတ်တောက်ခံလိုက်ရပါတယ်။
စာရေးသူဟာ မြေလတ်အသံ သတင်းဌာနက သတင်းထောက်တဦးဖြစ်ပါတယ်။ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဒေသတနေရာမှာ နေထိုင်ပါတယ်။ အပြင်ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်သွားတော့ လုပ်ကိုင် နေတဲ့သတင်းကိစ္စတွေကိုလည်း ရပ်နားလိုက်ရပါတော့တယ်။
ကျနော့်အနေနဲ့ သတင်းလုပ်ငန်းကိစ္စကို ရပ်နားလိုက်ရတော့ မိဘတွေလုပ်ကိုင်တဲ့ လယ်ယာလုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်ရပါတယ်။ နိုဝင်ဘာလအချိန်ဆိုတော့ စပါးသိမ်းရတာပေါ့။ အဲဒီလို မိဘကူရင်း နိုဝင်ဘာလကုန်ဆုံးခါနီးမှာ ဖုန်းလိုင်းပြန်လည်ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက်သုံးလို့ လုံးဝမရပါ။
ဖုန်းလိုင်းပြန်ရတဲ့နေ့မှာပဲ ကျနော်ကိုင်တဲ့ဖုန်းကို ဖုန်းကောတခုဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကောကတော့ စစ်မဖြစ်မီအချိန်တွေမှာ စစ်တွေမြို့ပေါ်မှာနေထိုင်ပြီး သတင်းလုပ်ငန်းတွေ အတူတူလုပ်ကိုင်ခဲ့ကြတဲ့ စီနီယာ သတင်းထောက်တဦးဆီက ဖြစ်ပါတယ်။
ကျနော်နေထိုင်နေတဲ့ဒေသမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ပြောပြတော့ သူအနေနဲ့လည်း စစ်တွေမြို့ကနေထွက်ပြီး ပုဏ္ဏာကျွန်းမြို့နယ်ဘက်ကို ရောက်ရှိနေကြောင်း၊ သူရောက်ရှိနေတဲ့ဒေသမှာ အင်တာနက်ဖုန်းလိုင်းတွေရရှိပြီး သတင်းကိစ္စတွေကို အဆင်ပြေပြေနဲ့ လုပ်ကိုင်လို့ရကြောင်း သတင်းစကားပါးတော့ အဲဒီဒေသကို လာပြီး ကျနော့်အနေနဲ့လုပ်ကိုင်ချင်တဲ့အကြောင်းပြောပြတော့ လာခဲ့ဖို့သူက ဖိတ်ခေါ်ပါတယ်။
အဲဒီလိုစီနီယာသတင်းထောက်တဦးနဲ့ အဆက်အသွယ်ရတော့ သူနေထိုင်တဲ့ဒေသကို ကျနော်သွားဖို့ရာ ပြင်ဆင် ရပါတော့တယ်။
ကုန်းလမ်း၊ ရေလမ်းပိတ်လိုက်ပြီ
ရခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲဖြစ်လာတာနဲ့တပြိုင်နက် တမြို့နဲ့တမြို့သွားလာကူးသန်းနေကြတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီတပ်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတော့တဘ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းရှိ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောစတဲ့မြို့နယ် ၁၀ မြို့နယ်နဲ့ ရန်ကုန်-စစ်တွေ အာရှကားလမ်းမကြီးကိုပါ ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်တာပါ။
စစ်ကောင်စီတပ်က အခုလိုလမ်းတွေ ပိတ်ပင်လိုက်တာကြောင့် တမြို့နဲ့ တမြို့ စီးပွားရေးရောင်းဝယ်ဖောင်း ကားမှုတွေအနေနဲ့လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတော့တယ်။ စကစ အလိုတော်ကျပေါ့။
လမ်းတွေပိတ်ပင်ခံလိုက်ရတာကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်တွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်းတွေ ဟာ ၁ လီတာကို မြန်မာငွေကျပ် ၂၅,၀၀၀၊ ၃၀,၀၀၀ အထိ တဟုန်ထိုးမြင့်တက်လာခဲ့ပါတော့တယ်။ အလားတူ ငွေလွှဲဝန်ဆောင်မှုတွေဖြစ်တဲ့ Wave Money, KBZ Pay ဈေးနှုန်းတွေကလည်း ငွေကျပ် တသိန်းကို ထုတ်ခ ကျပ်တသောင်း ပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ရခိုင်သတင်းသမားတွေရဲ့ ခြေကုတ်နေရာ
ရခိုင်ပြည်မှာ စကစနဲ့အေအေတို့ အပစ်အခတ်ရပ်စဲထားချိန်တုန်းက ရခိုင်သတင်းသမားတွေဟာ စစ်တွေ မြို့တော်မှာနေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြတာပါ။ စစ်တွေမြို့ပေါ်မှာ အခြေစိုက်လုပ်ကိုင်နေတဲ့ ရခိုင်သတင်း ဌာန DMG ၊ WN ၊ BNA ၊ Narigara တို့အသီးသီးရှိကြပါတယ်။ BBC၊ RFA ၊ Irrawaddy၊ Mizzima၊ Myanmar Now ၊ DVB ၊ မြေလတ်အသံ စတဲ့ သတင်းဌာန အသီးသီးမှ သတင်းထောက်တွေ အားလုံးဟာလည်း စစ်တွေမြို့ပေါ်မှာနေထိုင်ပြီး သတင်းကိစ္စတွေကို ရှောရှောရှူရှူလုပ်ကိုင်နေခဲ့ကြတာပါ။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာ ရခိုင်ပြည်မှာ တိုက်ပွဲစဖြစ်တော့ ပြည်သူလူထုဆီကို သတင်းမှန်တွေ ရေးသားတင် ဆက်ပေးနေတဲ့ သတင်းထောက်တွေအားလုံးကို စကစက ပစ်မှတ်ထားဖမ်းဆီးလာနေတော့ သတင်းသမား တွေဟာ စကစနဲ့လွတ်ကင်းရာနေရာတွေဆီကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတော့တယ်။ အဲဒီလို တိမ်းရှောင်နေတဲ့ သတင်းသမားတွေထဲမှာ ကျနော်နဲ့အတူတူနေပြီး လုပ်ကိုင်ခဲ့တဲ့ စီနီယာ သတင်း ထောက်လည်းပါဝင်ပါတယ်။
ကျနော်အနေနဲ့ ၂၀၂၃ အောက်တိုဘာလကုန်ကာနီး အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲမဖြစ်မီအချိန် စစ်တွေမြို့ပေါ်ကနေ မိမိနေအိမ်ရှိတဲ့ မြောက်ဦးဒေသကို သွားရောက်နေထိုင်ခဲ့တာကြောင့် အခြားသတင်းထောက်တွေလို စစ်တွေမြို့ပေါ်ကနေ သက်စွန့်စံဖျား မထွက်လာခဲ့ရတာပါ။
အပစ်အခတ်ရပ်စဲချိန်တုန်းက လမ်းခရီးအခြေအနေ
ရခိုင်ပြည်မှာ အပစ်အခတ်ရပ်စဲထားချိန်တုန်းက စစ်တွေမြို့ပေါ်မှာ နေထိုင်ပြီး သတင်းရေးသားနေတဲ့ ကျနော်ဟာ မိမိနေအိမ်ရှိတဲ့ မြောက်ဦးဒေသကို စစ်တွေ-မြောက်ဦး ၁လ တကြိမ် ပုံမှန်သွားလာမှုရှိပါတယ်။ အဲဒီအချိန် တွေမှာ စကစက ကုန်လမ်း-ရေလမ်းတွေကို သွားလာခွင့်ပေးထားပေမယ့် သူတို့စစ်ဆေးရေးဂိတ်တွေက သွားလာချိန် ကန့်သတ်ထားတာ၊ မှတ်ပုံတင်နဲ့ လက်ကိုင်ဖုန်းတွေကို အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းမှုလုပ် တာတွေကို နေ့စဉ်နဲ့အမျှ တင်းတင်းကျပ်ကျပ်ပြုလုပ်ပါတယ်။
ရန်ကုန်-စစ်တွေ အာရှကားလမ်းကြီးရှိ မြောက်ဦး-စစ်တွေကားလမ်းမပိုင်းပေါ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၅ ဂိတ်ထားပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးကာ မသင်္ကာသူတွေကို ဖမ်းဆီးပါတယ်။ စစ်ဆေးရေးဂိတ် ၅ ဂိတ်ကတော့ မြောက်ဦးမြို့အဝင်ရှိ ခမရ ၅၄၀ တပ်ရင်းဂိတ်၊ ကျောက်တော်မြို့နယ်ရှိ စကခ ၉ တပ်မဂိတ်၊ ကန်စောက်တောင်ခြေရင်းရှိ ခမရ ၅၃၉ တပ်ရင်းဂိတ်၊ စစ်တွေမြို့နယ်ရှိ ပါဒလိတ်ကျေးရွာလမ်းဆုံဂိတ်၊ စစ်တွေမြို့အဝင်ရှိ တပ်ထိန်းဂိတ်တို့ဖြစ်ပါတယ်။
အဲဒီစစ်ဆေးရေးဂိတ် ၅ ခုထဲက ခရီးသွားပြည်သူထုကြီးကို အချိန်ကြာမြင့်စွာနဲ့ စိတ်သောကအပေးဆုံး ဂိတ်တွေကတော့ စကခ ၉ တပ်မဂိတ်နဲ့ ပါဒလိတ်ကျေးရွာဂိတ်တို့ဖြစ်ပါတယ်။
၂၀၂၃ ဩဂုတ်လထဲမှာ ကျနော်ဟာ စစ်တွေမြို့ကနေ မြောက်ဦးမြို့နယ်ဒေသရှိ မိမိနေအိမ်ကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။ ကျေးရွာမှာ ၃ ရက်နေပြီး စစ်တွေမြို့ကို ပြန်သွားတဲ့အချိန်မှာ ကျောက်တော်၊ စကစ ၉ တပ်မဂိတ်ရဲ့ ဖမ်းဆီးမှုကိုခံရဖို့ အခြေအနေနဲ့ ကြုံတွေ့ဖူးပါသေးတယ်။ စစ်ဆေးရေးဂိတ်တွေက စစ်တွေကနေ မြောက်ဦးဘက်ကို ထွက်တဲ့အချိန်လုံးဝ စစ်ဆေးမှုမပြုပါ။
မြောက်ဦးဘက်ကနေ စစ်တွေမြို့ကို အဝင်ခရီးဆိုရင် တင်းကျပ်စစ်ဆေးမှုပြုလုပ်ပါတယ်။ စစ်တွေမြို့ကနေ အထွက်ကို မစစ်ဆေးဘဲ စစ်တွေမြို့အဝင်ကို စစ်ဆေးတဲ့သဘောပါ။
အဲဒီအချိန်တုန်းက မြောက်ဦးမြို့နယ်ကနေ ကျနော်စီးလာတဲ့ ခရီးသည်တင်မှန်လုံကားဟာ မြောက်ဦးမြို့အဝင်ရှိ ခမရ ၅၄၀ ဂိတ်မှာ စစ်ဆေးမှုခံယူပြီး ကျောက်တော်မြို့နယ်ဘက်ကို မောင်းနှင်သွားခဲ့ပါတယ်။ မိနစ် ၃၀ ခန့်ကြာတော့ စကစ ၉ တပ်မဂိတ်အနီးချဉ်းကပ်လာတော့ ကားဒရိုင်ဘာက ကားကို အရှိန်လျှော့လိုက်ပါတယ်။
ကားသမားက ခရီးသည်တွေကို မှတ်ပုံတင်နဲ့ ဖုန်းတွေကို မိမိတို့လက်ဆွဲအိတ်တွေထဲကနေ ထုတ်ယူကြဖို့ လှမ်းပြောပါတယ်။ ပြီးတော့ ကားပေါ်ကနေဆင်းပြီး ဂိတ်ကို လမ်းလျှောက်သွားကာ စစ်ဆေးမှုခံယူရမယ့် အကြောင်းကိုလည်း ထပ်ပြောပါတယ်။
ကျနော်ကားပေါ်ကနေဆင်းပြီး ကြည့်လိုက်တော့ စကခ ၉ တပ်မရဲ့ ဝင်ထွက်ပေါက်တံခါးကြီးရှေ့မှာ စစ်ယူနီဖောင်းအပြည့် ဝတ်ဆင်ထားပြီး သေနတ်ရှည်ကိုယ်စီကိုင်ဆောင်ထားတဲ့ စစ်သား ၁၀ ဦးနဲ့ ရဲ ၅ ဦးတို့က နေရာအသီးသီးယူလျက်။ သံတံခါးကြီးနဲ့ ၅ မီတာအကွာမှာ သေနတ်ရှည်ကို နောက်ကျောမှာလွယ်ထားတဲ့ စစ်သား ၂ ဦး ခရီးသွားပြည်သူ ၃၀၀ ခန့်ကို စစ်ဆေးနေပါတယ်။
စကခ ၉ တပ်မတည်နေရာမှာ ရန်ကုန်-စစ်တွေအာရှကားလမ်းမကြီးရဲ့ ဘေးမှာတည်ရှိပါတယ်။ တပ်မရဲ့ ဝင်ထွက်ပေါက်သံတံခါးကြီးရှေ့မှာ ပြုလုပ်ထားတဲ့ စစ်ဆေးရေးဂိတ်ရှေ့နောက်တွေကို အဖျားတွေကို ထက်အောင် ချွန်ထားတဲ့ ဝါးလုံးတွေ၊ သံဆူးကြိုးတွေနဲ့ အထပ်ထပ်ကာရံကာ ခံတပ်ကျင်းသဖွယ် ပြုလုပ်ထားပါတယ်။
စစ်ဆေးနေတဲ့ စစ်သား ၂ ယောက်ကတော့ ခရီးသွားပြည်သူလူထုရဲ့ မှတ်ပုံတင်နဲ့ ဖုန်းထဲရှိ ဓာတ်ပုံတွေကို အဓိကထားပြီး စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့အချိန်မှာလည်း လက်ကိုင်ဖုန်းထဲက ပုံတွေကို တပုံချင်းအသေးစိတ်ကြည့်ကာ စစ်တာကြောင့် လူတဦး စစ်မေးခံရလျှင် အနည်းဆုံးအချိန် ၁၀ မိနစ်ခန့်ကြာမြင့်တတ်ပါတယ်။
ကျနော်လည်း မှတ်ပုံတင်နဲ့ လက်ကိုင်ဖုန်းကိုကိုင်ကာ စစ်ဆေးခံလူအုပ်ကြီးထဲ တိုးဝင်သွားခဲ့ပါတယ်။ စစ်သား ၂ ယောက် ခရီးသွားတယောက်ချင်းစီကို စစ်မေးရင်း ၁ နာရီခန့်ကြာလာတဲ့အခါ ကျနော့်အလှည့်ကိုရောက်ရှိခဲ့ ပါတယ်။ ကားလမ်းမ နံဘေးရှိ ရွှံ့ထနေတဲ့မြေကြီးပေါ်မှာ ၁ နာရီခန့်ကြာရပ်ပြီး မိမိအလှည့်ကိုစောင့်ခဲ့ရတာ ကြောင့် ခြေသလုံးတွေ ထုံကျင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
စစ်သားတဦးက ကျနော့်ရဲ့ ဖုန်းနဲ့ မှတ်ပုံတင်ကဒ်ကို ယူပြီးစစ်တယ်။ စစ်သားက “ခင်ဗျား စစ်တွေကို ဘာလုပ်ဖို့သွားလဲ” ဆိုပြီး မေးရင်း ကျနော့် လက်ကိုင်ဖုန်းထဲက ဓာတ်ပုံတွေကို တပုံချင်းစီး ကြည့်ပါတယ်။ ဓာတ်ပုံတွေကို တပုံချင်ရွှေ့ကာ စစ်ကြည့်နေတဲ့ စစ်သားက “မင်း ငါ့အနားကိုလာခဲ့” လို့ ဆိုတယ်။ ကျနော်ကလည်း စစ်သားအနီးကိုသွားပြီး ဘေးချင်းကပ်ကာ ရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ စစ်သားက ဖုန်းကို ကျနော့်မျက်နှာအနီးကိုကပ်ပြပြီး “ဒါ မင်းရိုက်ထားတဲ့ပုံလား” လို့ အသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။
စစ်သားပြတဲ့ဓာတ်ပုံကို ကြည့်လိုက်တော့ အာရက္ခတပ်တော်(AA)တပ်သားတွေ AK-47 ကိုင်ကာ အလေးပြုနေ တဲ့ပုံဖြစ်နေပါတယ်။ နောက်တပုံကတော့ လက်နက်ကြီးကျည်ကြောင့် ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်ပြီး သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
စစ်သားက အဲဒီဓာတ်ပုံ ၂ ပုံကိုပြလိုက်တဲ့အချိန်မှာပဲ ကျနော်ဟာ ခြေတွေ၊ လက်တွေတုန်ပြီး ခန္ဓာကိုယ်ကနေ ကြောက်ချွေးတွေ တဒီးဒီးထွက်ကျလာပါတော့တယ်။ ကျနော့်အတွေးတွေထဲမှာလည်း “စစ်သားက ငါ့ကိုဖမ်း တော့မှာလား၊ ရိုက်နှက်တော့မှာလား၊ သေနတ်နဲ့ ပစ်သတ်တော့မှာလား” ဆိုတာတွေ မင်းမူနေပါတော့တယ်။
စစ်သားရဲ့အမေးကို ကျနော်က ဒီဓာတ်ပုံတွေဟာ ဖေ့ဘွတ်ပေါ်ကနေယူထားတာဖြစ်တဲ့အကြောင်း ညင်သာစွာ ပြောပြလိုက်တော့ စစ်သားက ကျနော့်ကို ဖမ်းတာ၊ ရိုက်တာ၊ ပစ်တာ လုံးဝမပြုလုပ်ဘဲ ဒီပုံတွေကို ချက်ချင်းဖျက်ပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ဓာတ်ပုံတွေကို ဖျက်ပစ်ဖို့အမိန့်နဲ့ တပြိုင်နက် “မင်းကို မဖမ်းချင်လို့နော်၊ ငါစိတ်ကောင်းဝင်နေလို့” ဆိုတဲ့ စကားသံကလည်း နောက်က ထပ်ကပ်ပါလာခဲ့ပါတယ်။
ကျနော်ပဲ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံရဖို့ အချိန်မတန်ခဲ့တာလား၊ စစ်မေးတဲ့စစ်သားကပဲ စိတ်ကောင်းဝင် နေလို့များလားဆိုတာကို ဝေခွဲမရတော့ပါ။ ကတုန်ကရင်ဖြစ်နေတဲ့လက်နဲ့ ကျနော်က စစ်သားဆီကနေ ဖုန်းကိုလှမ်းယူပြီး အဲဒီပုံတွေကို ချက်ချင်းဖျက်ပစ်လိုက်ပြီဖြစ်တဲ့အကြောင်း ပြောပြလိုက်တော့ စစ်သားက ကျနော့်ကို သွားလို့ရပြီလို့ အမိန့်ပေးလိုက်ပါတော့တယ်။
ရခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့တဲ့ နိုဝင်ဘာလထဲမှာဘဲ စကစ ၉ တပ်မဂိတ်အပါအဝင် ကားလမ်းမပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေအကုန်လုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပါတော့တယ်။
တကျော့ပြန်တိုက်ပွဲ မဖြစ်မီအချိန်တုန်းက မြောက်ဦးနဲ့ စစ်တွေမြို့ကို ကားဈေးနှုန်းမှာ လူတဦးကို တသောင်းခွဲ ကျပ်၊ ရေကြောင်းလမ်းကနေ ရွှေပြည်တန်အမြန်ရေယာဉ်ဈေးနှုန်းကတော့ လူတဦး တသောင်းကျပ် ပေးရပါ တယ်။ မြောက်ဦး-ကျောက်တော် ကားဈေးနှုန်းမှာ လူတဦးကို ၈၀၀၀ ကျပ်၊ မြောက်ဦး-ပုဏ္ဏာကျွန်းကား ဈေးနှုန်းက တသောင်း ကျပ်အသီးသီးရှိပါတယ်။
ဆက်လက်ဖော်ပြရန် -
#မြေလတ်အသံ
#ခရီးသွားဆောင်းပါး #ရခိုင် #စစ်တွေ #မြောက်ဦး #ကျောက်တော်
Share Share Share