ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၃)

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၃)

လှေပေါ်မှာ တမနက်အချိန် 

ကွမ်းသီးလုံးတွေထည့်ထားတဲ့အိတ်တွေကို ကုတင်အဖြစ်မှတ်ယူပြီးအိပ်နေရာမှ အေးစက်နေတဲ့အချမ်းဓာတ်နဲ့ အရှေ့အရပ်မှ မိုးကြိုးပစ်ခတ်သံပမာ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ကျနော်ဟာ လန့်နိုးလာခဲ့ပါတယ်။ မနက် ၅ နာရီအချိန်။

သရက်ချိုကျေးရွာရဲ့ ချောင်းကလေးထဲမှာ မြူနှင်းတွေ အုံ့ဆိုင်းလို့။ ကျေးရွာထဲမှာလည်း ပုရစ်ကလေးတွေ တွန်သံကလွဲလို့ မည်သည့်အသံမှ မကြားရ။ လက်နက်ကြီးတွေ ပစ်ခတ်သံ ထွက်ပေါ်လာနေတဲ့ အရှေ့အရပ်မှာတော့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ရှိပါတယ်။

“မြောက်ဦးမှာ တိုက်ပွဲစပြီ။ အိမ်ကလူတွေ (မိဘ၊ အဘွား၊ မောင်နှမတွေ) ဘယ်လိုရှိနေကြမလဲမသိ။ ငါအိမ်ကထွက်လာတာ မှားများသွားပြီလား” ဆိုတဲ့ ကြောက်စိတ်အတွေးတွေက ကျနော့်ကို တိုက်ခိုက်လာနေပါတယ်။

“တိုက်ပွဲဖြစ်ရင်လည်း မြို့ပေါ်မှာ ဖြစ်မှာ။ ငါ့မိသားစုတွေ ရှိတဲ့နေရာက မြို့နဲ့ ၅ မိုင်ဝေးတယ်။ သူတို့ အန္တရာယ်တော့ မဖြစ်လောက်ပါဘူး” လို့ ချင့်ချိန်တွေးတောစိတ်က ကျနော့်ကို ပြန်ပြီး ဖြေသိမ့်ပေးနေပါတော့တယ်။

အဲဒီလို အတွေးစိတ်နဲ့အတူ ကျနော်ဟာ လှဲလျောင်းနေတဲ့ ကွမ်းသီးအိတ်တွေပေါ်မှ မတ်တပ်ရပ်ပြီး မိသားစု အိမ်ရှိရာ အရှေ့အရပ်ကို လှမ်းမျှော်ကြည့်လိုက်ပါတယ်။ နှင်းမြူတွေက ပတ်ဝန်းကျင်တခုလုံးကို စိုးမိုးထားတော့ အဖြူရောင်ကွင်းပြင်ကျယ်ပဲ တွေ့မြင်ရပါတယ်။ 

လက်နက်ကြီး ပစ်ခတ်သံတွေကလည်း ၁၀ ကြိမ် ကြားခဲ့ရပြီးနောက် လုံးဝငြိမ်သက်သွားခဲ့ပါတယ်။ ဘာအသံမှ ထပ်မကြားရတော့ပါ။ မြောက်ဦးမြို့ဘက်မှ ပစ်ခတ်သံ လုံးဝရပ်တန့်သွားခဲ့ပြီးမှပဲ မိသားစုအတွက် စိုးရိမ်စိတ်တွေက အလိုအလျောက် ပြေငြိမ်းသွားခဲ့ပါတယ်။

ခါးမှာ ထိုးညှပ်ထားတဲ့ လက်ကိုင်ဖုန်းကို ဆွဲယူပြီး အချိန်ကြည့်လိုက်တော့ မနက် ၆ နာရီခွဲပြီ။ တလှေတည်းစီးပြီး တနေရာတည်းမှာစုကာ အိပ်နေကြတဲ့ သောက်ဖော်ညီအစ်ကိုတွေလည်း အိပ်ရာမှထကာ မျက်နှာသစ်သူသစ်၊ သွားတိုက်သူတိုက်နဲ့ အလုပ်ရှုပ်နေကြပါတော့တယ်။ 

ကျနော်လည်း ရပ်နေရာကနေ ဆားထည့်ထားတဲ့ ပလပ်စတစ်အိတ်အဖြူအနီးသွားကာ အိတ်ထဲမှ ဆားပွင့်ကြီး(ဆားကြမ်း) တဆုပ်ယူပြီး ပါးစပ်ထဲထိုးထည့်ကာ သွားသန့်ရှင်းရေးလုပ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရေအိုးခွက်ထဲကို ဖန်ခွက်ဖလားနှစ်ကာ ရေတဖလားယူပြီး မျက်နှာကိုပါ ဆေးကြောလိုက်ပါတယ်။ 

လှေလုပ်သားနှစ်ဦးကတော့ မနေ့ညကကျန်ခဲ့တဲ့ ထမင်းကျန်ကို ဆား၊ ဆနွင်း၊ ဟင်းချိုမှုန့်တွေ ရောထည့်ပြီး လက်နဲ့နှံ့စပ်အောင် မွှေလိုက်ပါတယ်။ ပြီးတော့ ဆီချက်ထားတဲ့အိုးထဲကို ထည့်လိုက်ကာ ဇွန်းတိုတချောင်းနဲ့ ထမင်းတွေကို ဘယ်ပြန်၊ ဘာပြန် မွှေနေပါတယ်။ မနက်စာအဖြစ် စားလို့ရအောင် ထမင်းကြော် ပြုလုပ်နေတာပါ။

၂ မိနစ်ခန့်အကြာမှာ လှေလုပ်သားတဦးက “ထမင်းကြော်စားလို့ရပြီ” လို့ပြောလိုက်တော့ ကျနော်အပါအဝင် အမျိုးသား ၆ ဦးစလုံးဟာ ဇွန်းကိုယ်စီကိုင်ပြီး ထမင်းကြော်ထည့်တဲ့ အိုးထဲကိုနှစ်ကာ ထမင်းစေ့တစေ့ မကျန်အောင် စားပစ်လိုက်ကြပါတယ်။ 

မနက်စာ စားသောက်ပြီးတော့ လှေပိုင်ရှင်ကို လှေစီးခရှင်းကာ ကျောပိုးအိတ်ကိုယူပြီး ခရီးကို ကျနော်ဆက်ရပါတော့တယ်။

 

ဒဏ်ရာရမြို့ (သို့) တိတ်ဆိတ်နေတဲ့မြို့

လှေပေါ်ကနေဆင်းပြီး ၂ မိနစ်ကြာ လမ်းလျှောက်ပြီးနောက် ရန်ကုန် - စစ်တွေ အာရှကားလမ်းမကြီးပေါ်ကို ရောက်ရှိခဲ့ပါတယ်။ ဆောင်းရာသီမနက်ချိန်မှာ ကားလမ်းမပေါ်ဖုံးလွှမ်းထားတဲ့ နှင်းမြူတွေကြား ဘေးတွဲ ဆိုင်ကယ်၊ သုံးဘီး၊ တုတ်တုတ်(အိန္ဒိယသုံးဘီး) စတဲ့ယာဉ်တွေက လိုက်စီးမယ့် ခရီးသည်တွေကိုရှာရင်း ကားလမ်းမပေါ် ခေါက်တုံ့ခေါက်ပြန် ဟိုဟိုဒီဒီ သွားလာနေကြပါတယ်။

အဲ့ဒီအချိန်(တိုက်ပွဲကာလ)တုန်းက အငှားယာဉ်တွေဟာ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ ကားလမ်းပိုင်းအထိသာ ခရီးသည်ပြေးဆွဲလို့ ရကြတာပါ။

သရက်ချိုကျေးရွာထိပ် ကားလမ်းမကနေ တုတ်တုတ်တစီးကို ဈေးဆစ်ပြီး ပုဏ္ဏာကျွန်းမြို့နယ်၊ သင်းပုန်းတန်းကျွန်းကို ကျနော် သွားပါတယ်။ ကျနော်တို့ တုတ်တုတ်သွားရာ ကားလမ်းတလျှောက်ရှိ ဝဲ၊ ယာဘက်တွေမှာ ကောက်ရိုးတွေနဲ့ မိုးကာပြုလုပ်ထားတဲ့ တဲဆောင်တွေ၊ တာပေါ်လင်စတွေနဲ့ တြိဂံပုံစံ ပြုလုပ်ထားတဲ့ တဲဆောင်လေးတွေကို အစီအရီ တွေ့မြင်ရပါတယ်။ အဲဒီ တဲဆောင်အတွင်း၊ အပြင်မှာတော့ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး အရွယ်မျိုးစုံလူတွေကို ထိုင်လို့တဖုံ၊ သွားလာလှုပ်ရှားလို့တမျိုး ကိုယ်စီကိုယ်စီ တွေ့မြင်ရပါတယ်။

“သူတို့က စစ်ဘေးရှောင်တွေလေ၊ ပုဏ္ဏားကျွန်းမြို့ပေါ်ကလူတွေ။” လို့ တုတ်တုတ် ယာဉ်မောင်းအမျိုးသားက ကွမ်းတံတွေး ထွေးပစ်ရင်းနဲ့ ကျနော့်ကို လှမ်းပြောပါတယ်။ 

တချို့ စစ်ရှောင်တွေဆိုရင် တြိဂံပုံစံ တဲဆောင်ရှေ့မှာ ဝါးလုံးတန်းကို စိုက်တိုင်နှစ်ချောင်းနဲ့ သုံး၊ လေးတန်းလုပ်ပြီး ဝါးတန်းတွေပေါ်မှာ မုန့်ခြောက်ထုတ်တွေ၊ ပေါင်မုန့်အညံ့စားထုတ်တွေ၊ ဇီးယိုထုတ်တွေကို ကြိုးတွေနဲ့ ချိတ်ဆွဲကာ ဆိုင်ခန်းပုံစံမျိုးလုပ်ပြီး ရောင်းချနေကြပါတယ်။ 

ကွမ်းယာဆိုင်ငယ်တွေကအစ ဓာတ်ဆီတွေကို ရေသန့်ဗူး ၁ လီတာဗူးထဲထည့်ကာ တဲရှေ့မှာ စီတန်းချထားကြပါတယ်။ အဲဒီဗူးတွေကို မှီပြီး “အောက်တိန်းရပါဗျာလ်” လို့ အဖြူရောင်စက္ကူပြားပေါ်မှာ အညိုရောင် စာတန်းနဲ့ ရေးထိုးထားပါသေးတယ်။ ကားလမ်းဘေးရှိ ရာနဲ့ချီတဲ့ တဲဆောင်ကလေးတွေက စစ်ဘေးဒုက္ခသည်တွေရဲ့ “စံအိမ်”တွေပေါ့ လို့ ကျနော့်စိတ်က ရေရွတ်လိုက်ပါတော့တယ်။

ကားလမ်းတလျှောက်ကို ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင်တော့ “ဇာတ်သဘင်အငြိမ့်” ပွဲတခုမှာ (သို့မဟုတ်) “ဘုန်းကြီးပျံဒုံးတိုက်ပွဲ” မှာ အနယ်နယ်အရပ်ရပ်ကလာပြီး ဈေးဆိုင်ခန်းတွေဆောက်ကာ ပွဲကြည့်သူတွေကို ရောင်းချနေကြတဲ့ ပွဲဈေးတော်တခုပုံသဏ္ဍာန် ဖြစ်နေပါတော့တယ်။ 

ပကတိအခြေအနေမှာတော့ “ဒုက္ခတွေကို ဖော်ပြနေကြတဲ့ ဈေးတန်းတခုသာ” ဖြစ်လို့နေပါတယ်။ သူတို့တွေအပေါ် သနားကရုဏာသက်ကာ စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ကျနော့်အနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ပါ။

 

ပုဏ္ဏားကျွန်းမြို့ထဲသို့

ကျနော်စီးနင်းလာတဲ့ တုတ်တုတ်ယာဉ်ဟာ စစ်ဘေးရှောင်တဲကလေးတွေကို ဖြတ်ပြီး ၁၀ မိနစ်အကြာ မောင်းနှင်ပြီးနောက်မှာတော့ ပုဏ္ဏားကျွန်းမြို့အဝင်ရှိ “ဂူဝဘုရား”(ရှေးဟောင်းသမိုင်းဝင်)သို့ ရောက်ရှိလာခဲ့ပါတယ်။

ဘုရားပရဝဏ်အတွင်းမှာ တိတ်ဆိတ်ခြောက်ကပ်နေတယ်။ ဘုရားနဲ့ ပေ ၅၀၀ ကျော်အကွာမှာတော့ ပုဏ္ဏားကျွန်းမြို့။ မြို့ရဲ့ ကားလမ်းမနံဘေးမှာတော့ AA ရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကိုခံနေရတဲ့ စစ်ကောင်စီရဲ့ တောင်ပေါ်တပ်ရင်း ခမရ ၅၅၀ ရှိပါတယ်။ 

မြို့ထဲသို့ တုတ်တုတ်ယာဉ် စဝင်ချိန်မှာတော့ ကျနော့်ကို “တပ်ရင်းထဲကနေ စနိုက်ပါနဲ့ လှမ်းပစ်မလား။ စက်လတ်တွေနဲ့များ လှမ်းပစ်မလား” ဆိုပြီး ကြောက်စိတ် အတွေးက စိုးမိုးမင်းမူနေပါတော့တယ်။ 

တုတ်တုတ်ယာဉ်ကတော့ လမ်းကြိုလမ်းကြားတွေထဲမှာ မောင်းနှင်လို့ပါ။ မနက်အချိန် ဖြစ်လို့များလားမသိ အဲဒီအချိန်တုန်းက မြို့ထဲကို ဖြတ်သန်းမောင်းနေတာ ကျနော်တို့ယာဉ်တစီးပဲ ရှိပါတယ်။ ကျနော့်ကြောက်စိတ်က အရှိန်မြင့်လာပြီ။ 

ယာဉ်ပေါ်ကနေ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်မှာလည်း အုတ်အင်္ဂတွေနဲ့ ဆောက်လုပ်ထားတဲ့ တိုက်အိမ်တွေ၊ ပျဉ်ထောင်သွပ်မိုးအိမ်တွေဟာ လူသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေရာ မြန်မာပေါကား (သရဲဇာတ်ကား)တွေထဲကလို သရဲမိစ္ဆာတွေနေတဲ့ အိမ်တွေနဲ့ တူနေတယ်လို့ ကျနော့်စိတ်ထဲ ထင်မြင်လာပါတော့တယ်။ လမ်းတွေပေါ်မှာလည်း အမှိုက်သရိုက်တွေနဲ့ ကြောင်အနည်းငယ်၊ ခွေးအနည်းငယ်လောက်သာ တွေ့ရပါတယ်။ မြို့ထဲမှာ ဆူညံသံဆိုလို့ ကျနော်တို့ယာဉ်ရဲ့ စက်သံတခုပဲ ထွက်ပေါ်နေတယ်။

ကျနော်တို့ယာဉ် မြို့ထဲရှိ လမ်းကြိုလမ်းကြားတွေမှာ ၂ မိနစ်ကြာ မောင်းနှင်အပြီးမှာတော့ မီးလောင်ကျွမ်းမှု ခံလိုက်ရတဲ့ ပုဏ္ဏားကျွန်းမြို့မဈေးကြီးသို့ ရောက်ရှိခဲ့တယ်။ “မြို့မဈေး” လို့ဆိုတဲ့ ဆိုင်းဘုတ်တခုရဲ့ အောက်မှာတော့ လိမ်တွန့်ကာ ဖရိုဖရဲပြန့်ကြဲနေတဲ့ အင်္ဂတေအုတ်တိုင်တွေ၊ ပြာမှုန့်တွေ စတဲ့အရာတွေကသာ ပြောင်တလင်းခါ ရှိနေပါတော့တယ်။

 

မြို့မဈေးမီးလောင်မှုနဲ့ မြို့ခံတွေ

ရခိုင်ပြည်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲပြီးနောက် ၁၂ ရက် အကြာ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီကျော်မှာ ပုဏ္ဏားကျွန်းမြို့မဈေးကြီးကို နတ်ဆိပ်ကျေးရွာအနီးရှိ ကုလားတန်မြစ်ထဲရပ်ထားတဲ့ စစ်ကောင်စီနေဗီကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့ရာ ဈေးဆိုင်ခန်း ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ရတာ ဖြစ်ပါတယ်။ 

ပုဏ္ဏားကျွန်းမြို့ပတ်ဝန်းကျင်မှာ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘဲ စကစနေဗီက ဈေးကိုပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောဆိုခဲ့ကြတယ်။

အလားတူ ခမရ ၅၅၀ တပ်ရင်းမှ စစ်သားတွေကလည်း ဖေဖော်ဝါရီ ၁၉ ရက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ မြို့ထဲကို ဝင်ရောက်ကာ မြို့သစ်၊ အလယ်စု၊ ရွာသာယာ စတဲ့ ရပ်ကွက် ၃ ခုရှိ လူနေအိမ်တွေကို ဝင်ရောက် မီးရှို့ခဲ့ကြပါတယ်။ လူနေအိမ် ၃၀ ခန့် ပြာကျ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဈေးကြီးမီးလောင်မှုနဲ့ လူနေအိမ်တွေ မီးရှို့ခံရတာကြောင့် ပုဏ္ဏားကျွန်းမြို့ခံအကုန်လုံးမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ မြို့ခံတွေထဲမှ ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေဟာ ပုဏ္ဏားကျွန်း-ဝါးတောင်ကားလမ်းမ နံဘေးတွေမှာ ကောက်ရိုးတဲကလေးထိုးကာ ဖြစ်သလို ခိုလှုံနေကြရပါတော့တယ်။ ဒုက္ခတွေနဲ့ တည်ဆောက်ထားတဲ့ ကောက်ရိုးမျှင်တဲစံအိမ်နဲ့ပေါ့။

ကျနော်တို့ စီးတော်ယာဉ်တုတ်တုတ်ဟာ ၅ မိနစ်ကြာ မောင်းနှင်ပြီးချိန်မှာတော့ ပုဏ္ဏားကျွန်းမြို့အပြင်သို့ ထွက်ရောက်ခဲ့တယ်။ ယာဉ်ပေါ်ကနေ ဦးခေါင်းထွက်ကာ နောက်သို့ပြန်လှည့်တော့ “ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့”မှာ မြူနှင်းတွေကြား အထီးကျန်စွာနဲ့ ကျန်ရစ်ခဲ့ တော့တယ်။

 

သင်းပုန်းတန်းကျွန်း

ရေပတ်လည်ဝန်းရံထားတဲ့ ကုန်းမြေတခုပေါ်မှာ ကျေးရွာ ၁၀ ရွာခန့် တည်ရှိပြီး အဲဒီ ၁၀ ရွာထဲမှာ အကြီးဆုံး ကျေးရွာဖြစ်တဲ့ သင်းပုန်းတန်းရွာကို အစွဲပြုပြီး “သင်းပုန်းတန်းကျွန်း” လို့ ခေါ်ဝေါ်ကြတာဖြစ်မယ်လို့ တွေးမိတယ်။ ပုဏ္ဏာကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ မြေက်ဦးမြို့နယ်သားဖြစ်တဲ့ ကျနော့်အနေနဲ့ သင်းပုန်းတန်းကျွန်းကို ပထမဆုံးရောက်ဖူးတာဖြစ်လို့ စိတ်လှုပ်ရှားမိနေတာကို ဖုံးဖိလို့မရ ဖြစ်နေတယ်။

ကျနော်စီးလာတဲ့ တုတ်တုတ်ယာဉ်ဟာ ပုဏ္ဏားကျွန်းမြို့ကနေ ထွက်ခွာလာပြီးနောက် တောင်ပေါက်၊ ဆင်ကြီးပြင် (တချိန်တခါက စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့ပြီး အမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့်ကို ပစ်သတ်ခဲ့တဲ့ရွာ။ သွေးမြေခခဲ့ရတဲ့ရွာ)၊ ပဒေသာ၊ အထုပ်သည် စတဲ့ကျေးရွာတွေကိုဖြတ်ကာ သင်းပုန်းတန်းကျွန်းကို ဖြတ်ကူးရမယ့် ကူးတို့ဆိပ်ကို ရောက်ရှိလာခဲ့တယ်။ 

ကူးတို့ဆိပ်ထိပ်မှာတော့ ကော်ဖီ၊ စားစရာမုန့်၊ သောက်စရာအချိုရည်ဗူး၊ ရေသန့်ဗူးတွေ ရောင်းတဲ့ ဆိုင် ၃ ဆိုင်ရှိတယ်။ ဘေးဘီမှာတော့ စပါးသီးတွေ ရင့်မှည့်နေကြတဲ့ လယ်ကွင်းပြင်အတိပါ။

ကျနော် ကူးတို့ဆိပ်ကို ရောက်တဲ့အချိန်မှာ ချောင်းကိုဖြတ်ကူးမယ့် ကူးတို့ဇက် (ဇက်ဆိုတာ ရိုးရိုးလှေမဟုတ်ဘူး။ ပျဉ်သစ်သားတွေနဲ့ အခိုင်အမာ ပြုလုပ်ထားတဲ့ ဖောင်တခု ဖြစ်တယ်။ အဲဒီအပေါ်မှာ ဟိုက်ဂျက်ကားငယ်၊ ထော်လာဂျီ၊ ဆိုင်ကယ်တို့ တင်ဆောင်လို့ရတယ်။) ဟာ သင်းပုန်းတန်းကျွန်းကမ်းမှ ခရီးသည်တွေ တင်ခေါ်နေတာကြောင့် ကူးတို့စောင့်ရင်း ဆိုင်တဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ သင်းပုန်းတန်း ကျွန်းကိုသွားမယ့် ခရီးသည် ၂၀ ဦးလောက်လည်း ကျနော့်နည်းတူ ဆိုင်တွေမှာ ကော်ဖီသောက်ရင်း ကူးတို့ကို စောင့်မျှော်နေကြတယ်။

လူတဦးလျှင် ကူးတို့ခ ၅၀၀ ကျပ်၊ ဆိုင်ကယ်တစီး ၁၀၀၀ ကျပ်၊ ကားဆိုရင် ၅၀၀၀ ကျပ် ပေးရတယ်။

သင်းပုန်းတန်းကျွန်းဘက်ဆိပ်ကမ်းရောက်တော့ ကျေးရွာတွေဆီရောက်ဖို့ ဆိုင်ကယ်၊ တုတ်တုတ် စတဲ့ ကယ်ရီတွေနဲ့ သွားရသေးတယ်။

ကျနော်နေထိုင်ဖို့ အိမ်ငှားထားတဲ့ကျေးရွာ (ရွာနာမည်ကို လုံခြုံရေးအရ မဖော်ပြတော့ပါ)မှာ ကူးတို့ဆိပ်နဲ့ ၁ မိုင်ကျော် ဝေးတယ်။

ကျနော်နဲ့ စီနီယာသတင်းထောက်တို့ သင်းပုန်းတန်းကျွန်းထဲရှိ ကျေးရွာတရွာမှာ တလသာနေထိုင်ပြီး အလုပ် လုပ်ခဲ့ရတယ်။ ၂၀၂၃ ခု၊ ဒီဇင်ဘာလ။ ဒီဇင်ဘာလကုန်တဲ့နောက်ပိုင်း အင်တာနက်လိုင်း လုံးဝပြတ်တောက် သွားခဲ့လို့ပါ။

တလတာ လုပ်ခဲ့ရတဲ့ သတင်းကိစ္စတွေမှာတော့ အင်တာနက်မကောင်းတာကြောင့် အခက်အခဲမျိုးစုံနဲ့ပေါ့။ ဖေ့ဘုတ်(Facebook)က သတင်းတွေကြည့်ရတာ၊ Signal ၊ Telegram တို့ကနေ သတင်းတွေ ပို့ပေးခဲ့ရတာဟာ ဝိုင်းကြီးပတ်ပတ်ဒူဝေဒူဝေဖြစ်နေတဲ့ အင်တာနက်လိုင်းနဲ့သာ တလတာ နှစ်ပါးသွားခဲ့ရတာ ဖြစ်တယ်။ တခါတခါဆိုရင် အင်တာနက်သုံးနေရင်း ဖုန်းကို ရိုက်ခွဲပစ်လိုက်ချင်တဲ့ စိတ်တိုစိတ်တွေ ဖြစ်မိတယ်။ တကယ်က အင်တာနက်မကောင်းတာဟာ ဖုန်းနဲ့ မဆိုင်၊ အင်တာနက်လိုင်း မကောင်းအောင် နှေးထားတဲ့ “မင်းအောင်လှိုင်”နဲ့သာ ဆိုင်တာပါ။

သင်းပုန်းတန်းကျွန်းမှ ဒေသခံတွေဟာ ဖော်ရွေကြတယ်။ မဖော်ရွေတဲ့အပြင် ငှားနေတဲ့အိမ်မှာ မနေရဘဲ ရွာအပြင်တွေပို့နေတာကတော့ “အင်တာနက်လိုင်း”သာ ဖြစ်တယ်။ သတင်းတွေ ပို့နေတဲ့အချိန်၊ သတင်းတွေ လိုက်ရတဲ့အချိန်တွေဆိုရင် ကျနော်တို့နှစ်ဦးဟာ ကျေးရွာအပြင်ဘက်က ညောင်ပင်ကြီးတပင်အောက်မှာသာ ကုန်ဆုံးခဲ့ရတယ်။

ရွာပြင်ထွက်ပြီး အင်တာနက်လိုင်းအသုံးပြုနေသည့် သတင်းသမားတဦးအား တွေ့ရစဉ်။
ရွာပြင်ထွက်ပြီး အင်တာနက်လိုင်းအသုံးပြုနေသည့် သတင်းသမားတဦးအား တွေ့ရစဉ်။

လမကုန်မီတပတ်ခန့်အလိုတုန်းကဆိုရင် ရွာပြင်ရှိ ညောင်ပင်ကြီးအောက်မှာ အင်တာနက်လိုင်း E(အီး)သာ ရရှိလာခဲ့တယ်။ H+ (သို့မဟုတ်) 4G အင်တာနက်ရတဲ့ နေရာတွေကို စုံစမ်းတော့ ကျနော်တို့နေတဲ့ ရွာနဲ့ တမိုင် ကွာဝေးတဲ့ နောက်ထပ်ကျေးရွာတရွာရဲ့ ချောင်းကမ်းနံဘေးရတာကြောင့် အဲဒီနေရာကို ကျနော်တို့နှစ်ဦး ခြေလျင်လမ်းလျှောက်သာ သွားခဲ့ရတယ်။ တမိုင်ခရီးကို အသွားအပြန် ခြေလျင် တပတ်သွားခဲ့ရတယ်။ အဲဒီ အချိန်တုန်းကဆိုရင် မြောက်ဦးဒေသရှိ မိမိရဲ့နေအိမ်မှာ ထားရှိခဲ့ရတဲ့ “ဆိုင်ကယ်” ကို အတမ်းတဆုံးပဲ။ ညညဆိုရင် အကိုက်အခဲပျောက်တဲ့ဆေး သောက်ပြီးမှ အိပ်ခဲ့ရတယ်။

ချက်ပြုတ်စားသောက်ရတဲ့အချိန်မှာတော့ လျှပ်စစ်မီးရလို့ အဆင်ပြေခဲ့တယ်။ တလတာ ချက်ပြုတ် စာသောက်ခဲ့ရပေမယ့် မနက်ခင်းဈေးတန်းကိုတော့ တကြိမ်တခါမှ ကျနော့်အနေနဲ့ မရောက်ဖူးခဲ့။ ဈေးက မနက် ၅ နာရီမှာစပြီးတော့ ၆ နာရီဆိုရင် ဈေးတန်းက ပွဲသွားပြီဖြစ်လို့ ရွာသူရွာသားတွေက “မိုးမလင်းဈေး” လို့တောင် နာမည်ပေးထားကြသေးတယ်။

ဒီဇင်ဘာလရဲ့ ဆောင်းရာသီမှာ မနက် ၅ နာရီ အိပ်ရာထရမယ့်အလုပ်ဟာ ကျနော့်အတွက် တမိုင်ခရီးကို အသွားအပြန် ခြေလျင်လျှောက်ရတာထက် ပိုခက်ခဲ့တယ်။ “မိုးမလင်းဈေး” ဟာ သင်းပုန်းတန်းကျွန်းရှိ ဒေသခံပြည်သူတွေရဲ့ “ဓလေ့” ဖြစ်မယ်လို့ ထင်မိတယ်။

အဲဒီကျွန်းပေါ်မှာ အသားတွေဖြစ်တဲ့ အမဲသား၊ ဝက်သားတွေဟာ စားရခဲတယ်။ အပေါဆုံးကတော့ ငါးနဲ့ ပုစွန်တုတ်။ ငါးကတော့ မျိုးစုံစားရတယ်။ ငါးနဲ့ ထမင်းစားရတာ ကြိုက်နှစ်သက်တဲ့သူတွေ အနေနဲ့ “သင်းပုန်းတန်းကျွန်း” အလည်သွားသင့်တယ်။ 

ငါးနဲ့ပုစွန် ပေါတာကတော့ ရွာသားတွေဟာ ရေလုပ်ငန်းဖြစ်တဲ့ “ကာရီ” ခေါ် “တာ” ”ကန်းပိုင်” (ရခိုင်အခေါ်) လုပ်ကြလို့ ဖြစ်တယ်။ “တာ” ဆည်ပြီး ငါး၊ ပုစွန်တွေ မွေးမြူတဲ့ လုပ်ငန်းနဲ့ စီးပွားဖြစ်ကြသူတွေလည်း တွေ့ခဲ့ရတယ်။ 

ကျွန်းပေါ်မှ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးအဖြစ် ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြတယ်။ ရေချိုမရရှိတာကြောင့် ငရုတ်၊ မုန်လာ၊ ပဲ၊ ကော်ဖီ စတဲ့ ရာသီဟင်းသီးဟင်းရွက် တွေကိုလည်း အနည်းငယ် စိုက်ပျိုးကြတယ်။ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းကတော့ နိုင်ငံခြား ”ထိုင်း၊ တရုတ်၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား’ ကို သွားရောက် လုပ်ကိုင်ကြတာဖြစ်တယ်။ ကျွန်းပေါ်ရှိ လူ ၁၀၀ မှာ ၈၀ လောက်က နိုင်ငံခြားမှာ လုပ်ကိုင်ကြသူတွေချည်း ဖြစ်တယ်။ ဒါက “သင်းပုန်းတန်းကျွန်း” ဖြစ်တယ်။

ရခိုင်နိုင်ငံရေးမှာ တစိတ်တပိုင်းကနေ ပါဝင်လှုပ်ရှားနေကြတဲ့ လူကြီးဖြစ်သူတွေနဲ့လည်း မကြာခဏ တွေ့ဆုံခဲ့ဖူးတယ်။ ရာထူးတွေ ရရှိထားကြတာတော့ အမျိုးမျိုးပေါ့။ ပြည်သူတွေနဲ့ သူတို့အချင်းချင်း အကြားမှာ “အကျင့်ပျက်၊ ခြစားမှု၊ လုပ်ပိုင်ခွင့်ကို အာဏာထင်ပြီး အလွဲသုံးစားလုပ်မှု” စတဲ့အရာတွေက မှိုလိုပေါတယ်။ ယုတ်စွအဆုံး “ထမင်းချက်” ဖြစ်သူတောင် အာဏာပြ တယ်။ ကျနော်တို့ ကိုယ်တွေ့ ခံခဲ့ရတယ်။

ဘာတွေဘယ်လိုပဲ ဖြစ်နေပါစေ သင်းပုန်းတန်းကျွန်းရွာက အသားဖြူဖြူနဲ့ ရမ်းဗြဲစကားပြောတဲ့ ရိုးရိုးယဉ်ယဉ်ကောင်မလေးရောင်းတဲ့ “ကွမ်းယာ” ကို ကျနော် လွမ်းမိတယ်။......။

 

ဆက်လက်ဖော်ပြရန် -

အပိုင်း (၁) ဖတ်ရန်

အပိုင်း (၂) ဖတ်ရန်

#မြေလတ်အသံ

#ခရီးသွားဆောင်းပါး #ရခိုင် #ပုဏ္ဏားကျွန်း #သင်းပုန်းတန်းကျွန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10