ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၄)

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၄)

 

 

ကန်စောက်တောင် တိုက်ပွဲ

ဇန်နဝါရီလဒုတိယအပတ်မှာ ကျနော်နဲ့ စီနီယာသတင်းထောက်တို့ ကျောက်တော်မြို့နယ်က ကန်စောက်ရွာကို ရောက်ရှိခဲ့တယ်။ ကန်စောက်ကျေးရွာရဲ့ ရွာနာမည်ကိုအစွဲပြုပြီးခေါ်ဝေါ်ကြတဲ့ ကန်စောက်တောင်ဟာ ရွာရဲ့အရှေ့ဖက် ၁ ဖာလုံခန့်အကွာမှာ တည်ရှိတယ်။ ရန်ကုန်-စစ်တွေ အာရှကားလမ်းမပေါ်မှာ တည်ရှိပါတယ်။ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ခြားနားထားတဲ့ ကန်စောက်တောင်တန်းဟာ ကျောက်တော်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာမှာ ထီးထီးကြီးတွေ့မြင်နိုင်တယ်။

အဲ့ဒီတောင်တန်းခြေရင်းမှာတော့ စစ်ကောင်စီတပ်ရင်း ၂ ခုရှိတယ်။ အမြောက်တပ်ရင်း အမတ ၃၇၇ နဲ့ ခြေမြန်တပ်ရင်း ခမရ ၅၃၉ တို့ဖြစ်တယ်။ ကျောက်တော်မြို့နယ်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၉) တပ်မရဲ့ လက်အောက်ခံလေးတွေပေါ့။

အမတ ၃၇၇ တပ်ရင်းကတော့ ကန်စောက်တောင်ရဲ့ အရှေ့ဖက်ခြမ်း တောင်ခြေရင်းမှာရှိပြီး ခမရ ၅၃၉ တပ်ရင်းမှာတော့ တောင်ရဲ့အနောက်ဘက်ခြမ်းခြေရင်း ကားလမ်းမနံဘေးမှာပါ။ လက်ရှိအချိန်မှာတော့ တပ်ရင်း နှစ်ခုစလုံးမှာ အစိမ်းရောင်စစ်ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီစစ်သား တဦးတလေမှ မတွေ့ရတော့ပါ။ ခရီးသွားပြည်သူတွေအနေနဲ့လည်း ပေပေါင်း (၄၄၀) မြင့်တဲ့ ကန်စောက်တောင်တန်းကို ဖြတ်ကျော်ချိန်မှာ “ကြောက်လန့်စိုးရိမ်မှု”ဆိုတဲ့ ဝန်ထုတ်ကြီး သယ်ပိုးနေစရာမလိုတော့ပါ။ အာရက္ခတပ်တော် (AA)ရဲ့ ကျေးဇူးတော်ကြောင့်ပေါ့။

ကျနော်နဲ့ စီနီယာသတင်းထောက်တို့ အင်တာနက်လိုင်း ဖြတ်တောက်ခံလိုက်ရပြီဖြစ်တဲ့ “သင်းပုန်းတန်းကျွန်း” မှာ အိပ်စားနေနေရချိန် ထူးချွန်ပြောင်မြောက်တဲ့ အာရက္ခတပ်တော်(AA)ရဲ့ သားကောင်းတွေက ကန်စောက်တောင်တန်းကို အပြီးအပိုင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်တယ်။ အမတ ၃၇၇ တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ခမရ ၅၃၉ တပ်ရင်းကိုပါ AA က သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်တယ်။

 

အမတနဲ့ ခမရတို့ တိုက်ခိုက်ခံရချိန်

အာရက္ခတပ်တော် (AA) က အမတ ၃၇၇ တပ်ရင်းကို ထိုးစစ်ဆင်တိုက်တဲ့ ဒုတိယမြောက်နေ့မှာ စစ်ကောင်စီ တပ်သားတွေဟာ တပ်ရင်းရှိလက်နက်တိုက်ကို ဓာတ်ဆီလောင်းမီးရှို့တာ၊ အမြောက်လက်နက်ကြီး ဟောင်ဝစ်ဇာအပါအဝင် တာဝေးပစ်အမြောက် အကုန်လုံးနီးပါးကို အသုံးပြုပစ်ခတ်လို့မရအောင် ဖျက်ဆီးမှု ပြုလုပ်ပြီး ခမရ ၅၃၉ တပ်ရင်းထဲကို အားကိုးတကြီးနဲ့ ထွက်ပြေးခဲ့ကြတယ်လို့ AA နဲ့ နီးစပ်သူဒေသခံတွေက ပြောပြပါတယ်။

စစ်သားတွေနဲ့ စစ်သားမိသားစုအကုန်လုံး ခမရ ၅၃၉ တပ်ရင်းထဲမှာ ဝင်ရောက်ခိုလှုံနေချိန်မှာပဲ AA တပ်သားတွေဟာ “ခမရ” ကို အရပ်လေးမျက်နှာစလုံးက ဝိုင်းဝန်းလိုက်တယ်။ ပြီးတော့ AA က အမြောက်တွေ၊ ဒရုန်းတွေသုံးကာ တပ်ရင်းကို စတင်တိုက်ခိုက်တယ်။ 

ခမရ ၅၃၉ တပ်ရင်းကို စတင်တိုက်ခိုက်ခဲ့တဲ့ ပထမနေ့မှာတော့ စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းပစ်ကူပါ ရရှိခဲ့တယ်။ စစ်ကောင်စီလက်နက်ကြီးကျည်တွေကတော့ AA တပ်သားတွေဆီကို မကျရောက်ဘဲ ကန်စောက်ရွာထဲကိုသာ ၇ လုံးကျရောက်ခဲ့တယ်။ 

အဲ့ဒီအချိန်မှာတော့ ရွာသူရွာသားတွေ အကုန်လုံး ဘေးလွတ်ရာနေရာတွေဆီ ရောက်ရှိနေကြပြီဖြစ်လို့ လူအထိအခိုက် လုံးဝမရှိခဲ့။ လက်နက်ကြီး ကျည် ၇ လုံးမှာ ၃ လုံးက ကန်စောက်ကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းထဲကို ကျရောက်ခဲ့တယ်။ ၃ လုံးထဲက ၂ လုံးကတော့ ပေါက်ကွဲခဲ့လို့ ကျောင်းဆောင်ရဲ့ ခေါင်းမိုး၊ ပြတင်းမှန်တွေ ပျက်စီးခဲ့ပြီး ကျောင်းဝန်းထဲက စစ်ဘေးရှောင် တဲကလေး ၁၀၀ ကျော် ပြာပုံအဖြစ် ပြောင်းသွားခဲ့တယ်။ 

ကျေးရွာရဲ့ နာရေးကားတစီးဆိုရင်လည်း ထာဝရအနားယူသွားတဲ့ လူသေတဦးပမာ ပျက်စီးကာ ကျောင်းဆောင်နံဘေးမှာ မလှုပ်မရှားတွေ့မြင်ခဲ့ရတယ်။ ကျောင်းဆောင်ရှေ့က မြေကွက်လပ်မှာတော့ မပေါက်ကွဲသေးဘဲ မြေထဲစိုက်ဝင်နေတဲ့ ၈၀ မမ ကျည်သီးတလုံးကို မြင်အောင်လို့ ကျောင်းဝရံတာပေါက်နေ ကျောင်းထိုင်ဘုန်းကြီးက ကျနော့်ကို လက်ညှိုးထိုးပြလိုက်တယ်။ 

စစ်ရှောင်တဲပြာပုံထဲမှာ မငြိမ်းနိုင်သေးတဲ့ မီးပွားတွေက ထွက်ပေါ်လာတဲ့မီးခိုးငွေ့တွေက ကောင်းကင်ပေါ်ကို တဖြည်းဖြည်းတက်ကာ ပျောက်ကွယ်သွားကြတယ်။ ဘုန်းကြီးကျောင်း ကျောင်းဝန်းတခုလုံးဟာ ပြာပုံတွေ၊ ငုတ်တုတ်စိုက်နေကြတဲ့ တဲတိုင်ပြတ်တွေ၊ ဖရိုဖရဲ ပြန့်ကျဲနေတဲ့ သံဖြူအပိုင်းအစတွေနဲ့ ပြည့်နှက်လို့ နေတယ်။

ကျန်တဲ့လက်နက်ကြီးကျည် ၄ လုံးတော့ ကျေးရွာထဲကနေ လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ ၄ လုံးစလုံး ပေါက်ကွဲခဲ့တာမဟုတ်ဘဲ ၂ လုံးပဲပေါက်ကွဲခဲ့တယ်။ မပေါက်ကွဲဘဲ ကျန်တဲ့ ကျည် ၁ လုံးဆိုရင် တဝက်တပျက် ပြိုပျက်နေတဲ့ နေအိမ်တလုံးရဲ့ အုန်းပင်ပေါ်မှာ စိုက်ဝင်နေတယ်။ 

ကျန် ၁ လုံးကတော့ နေအိမ်တဆောင်လုံးပျက်စီးကာ သစ်ပိုင်းနဲ့သံဖြူတွေ ဖရိုဖရဲပြန့်ကျဲနေတဲ့ မြေကြီးထဲကို စိုက်ဝင်နေပါတယ်။ ကန်စောက်ကျေးရွာကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ စစ်ရှောင်တဲ ၁၀၀ ကျော် ပျက်စီးခဲ့ရတယ်။ ဒီအပျက်အစီးတွေကတော့ ခမရ ၅၃၉ တပ်ရင်း တိုက်ခိုက်မှု ပထမနေ့ဖြစ်တယ်။

တိုက်ပွဲဒုတိယနေ့အရောက်မှာတော့ အာရက္ခတပ်တော်(AA) တပ်သားတွေဟာ မည်သည့်တိုက်ခိုက်မှုမျိုးကိုမှ မပြုလုပ်တော့ပါ။ “မင်းတို့တွေ လက်နက်ချရင် အသက်ရှင်မယ်။ လက်နက်မချရင် အကုန်လုံး သေမယ်” ဆိုတဲ့ သတိပေးသတင်းစကားကို AA တပ်သားတွေက စစ်ကောင်စီတွေကြားအောင် အသံချဲ့စက်တွေ၊ လော်စပီကာတွေအသုံးပြုကာ အသိပေးခဲ့ပါတယ်။ 

“မင်းတို့ သေနတ်တွေကို ချထားခဲ့ပြီး အပြင်ကိုထွက်လာခဲ့။ ငါတို့လူတွေ မင်းတို့ကို မပစ်ဘူး။ ငါတို့ မပစ်ဘူးလို့ အာမခံတယ်။ အေးအေးဆေးဆေးနဲ့ အလင်းဝင်ပါ။” စတဲ့ သတိပေးစကားသံတွေနဲ့ပေါ့။

အဲ့ဒီလို ဒီလိုသတိပေးပြီး သုံးရက်မြောက်နေ့မှာတော့ ခမရ ၅၃၉ တပ်ရင်းထဲကနေ အမျိုးသမီးတဦးဟာ အဖြူရောင်ပိတ်စတခုကို လက်နဲ့ အပေါ်မြှောက်တင်ပြီး ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့တယ်။ သူမက စစ်သားတဦးရဲ့ ဇနီးသည်တဦး ဖြစ်တယ်။ 

အဲဒီ အမျိုးသမီးကို AA တပ်သားတွေက သေနတ်မပစ်ဘဲ ကြိုဆိုတာကို မြင်ပြီးနောက် တပ်ရင်းထဲကနေ နောက်ထပ် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ စစ်သားတွေဟာ အဖြူရောင်ပိတ်စတွေကို အပေါ်မြှောက်ကာ စီတန်းပြီး ထွက်လာခဲ့ကြတယ်။ လက်နက်ချ အလင်းဝင်လာတဲ့ စစ်သားတွေအပါအဝင် သူတို့ရဲ့မိသားစုဝင်တွေ အကုန်လုံးဟာ လူဦးရေ ၃၀၀ ကျော်တယ်။

လက်နက်မချဘဲ တပ်ရင်းထဲမှာကျန်ခဲ့သူ ခမရ ၅၃၉ တပ်ရင်းမှူးဖြစ်သူကတော့ မိမိကိုယ်ကို ဗုံးခွဲလိုက်တယ်။ သူ မသေခဲ့ပါဘူး။ AA တပ်သားတွေက သူ့ကို ဆေးရုံတင်ကာ ဆေးကုသမှုပေးခဲ့လို့။

ကန်စောက်တောင်ခြေရင်းရှိ ခမရ ၅၃၉ တပ်ရင်းတိုက်ပွဲမှာ တပ်ရင်းတခုလုံးက လက်နက်ချ အလင်းဝင်ခဲ့ တာကြောင့် သေဆုံးသူမရှိခဲ့ဘဲ စစ်ကောင်စီတပ်သား ၃ ဦးသာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြတယ်။

 

ခမရ ၅၃၉ သိမ်းပိုက်ပြီးချိန်

အာရက္ခတပ်တော် (AA) တပ်သားတွေဟာ တာဝန်ကိုယ်စီခွဲကာ တပ်စုတခုချင်းစီအလိုက် အလုပ်ရှုပ်နေကြတယ်။ လက်နက်ချအလင်းဝင်လာတဲ့ စစ်သားတွေနဲ့ တပ်မိသားစုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းတာ၊ တပ်တွင်းကျန်ခဲ့တဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရတာ၊ ရိက္ခာဆန်အိတ်တွေကို ပြောင်းရွှေ့ရတာတွေပေါ့။ အဲဒီလို AA တပ်သားတွေ အလုပ်ရှုပ်နေကြတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ပြည်သူအချို့က စစ်ကောင်စီတပ်သားတွေရဲ့ ဆိုင်ကယ်တွေ၊ နွားတွေ၊ ဝက်တွေ၊ ဆိတ်တွေကို အလုအယက် ယူဆောင်လာကြတယ်။

ဆိုင်ကယ်အစီးရေ ၅၀ ကျော်၊ နွားအကောင်ရေ ၁၀၀ ကျော်၊ ဆိတ်နဲ့ဝက် အကောင်ရေ ၂၀ ကျော်ရှိတယ်လို့ သိရတယ်။ နွားတွေထဲမှာ အသိမ်းခံရတဲ့ ပြည်သူပိုင်နွားတွေလည်း ပါဝင်ကြတယ်။

“တပ်ထဲကဆိုင်ကယ်တွေကို လာယူတဲ့သူတချို့ဆိုရင် ကိုယ့်ဆိုင်ကယ်ပါ ပျောက်သွားကြတယ်။ လမ်းဘေးမှာ စီးလာတဲ့ဆိုင်ကယ်ကို ရပ်ထားပြီးတော့ တပ်ထဲကို ဆိုင်ကယ်ဝင်ယူနေတဲ့အချိန်မှာ တခြားတယောက်က ရပ်ထားတဲ့ဆိုင်ကယ်ကို မ,သွားပြီ။ သူပြန်လာတဲ့အခါ ဆိုင်ကယ်မရှိတော့ဘူး” လို့ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ AA နဲ့နီးစပ်သူတဦးက ဟားတိုက်ရယ်မောကာ ကျနော့်ကို ပြောပြတယ်။

AA တပ်သားတွေက လက်နက်ခဲယမ်းတွေနဲ့ ဆန်အိတ်တွေကို တရက်တည်းနဲ့အပြီး သိမ်းဆည်း ရွှေ့ပြောင်း ခဲ့ကြတယ်။ အရေးကြီးတဲ့ သိမ်းဆည်းရွှေ့ပြောင်းတဲ့အလုပ် ပြီးစီးချိန်မှာတော့ နွားတွေ၊ ဝက်တွေ၊ ဆိတ်တွေ နဲ့ ဆိုင်ကယ်တွေကို ယူသွားတဲ့ ပြည်သူတွေကို ခေါ်ယူကာ ပစ္စည်းတွေ ပြန်လည် သိမ်းယူခဲ့ကြတယ်။ စာရင်းတွေ သေသေချာချာ ပြုလုပ်ပြီး သိမ်းဆည်းခဲ့တယ်။

 

ခမရ ၅၃၉ မှ သိမ်းဆည်းမိတဲ့ ပစ္စည်းတွေ 

စိမ်းစိုအုံ့မှိုင်းတောအုပ်တွေနဲ့ သစ်ပင်တွေက တောင်ခြေရင်းတခုလုံးကို နေရာအပြည့်ယူထားတယ်။ မြက်ပင် တွေကို ခုတ်ထွင်ရှင်းလင်းထားတဲ့ သစ်ပင်တွေအောက်က မြေကွက်လပ်တွေမှာတော့ တြိဂံပုံစံပြုလုပ် ထားတဲ့ တဲဆောင်လေးတွေက အစီအရီ။ တဲဆောင်တခုနဲ့တခု အကွာအဝေးကတော့ ၃ ပေခန့်။ တဲကလေးတွေကို ဓနိ၊ တာပေါ်လင်စတွေနဲ့ မိုးကာထားတယ်။ တဲထဲမှာတော့ သစ်ချောင်းတို ၄ ချောင်းကို မြေစိုက်ကာ သစ်လုံးတန်းတွေနဲ့လုပ်ထားတဲ့ လူတယောက်အိပ် ခုတင်တလုံးစီ ရှိကြတယ်။ အဲဒီလို တဲကတော့ အာရက္ခတပ်တော်(AA)ရဲ့ တပ်စခန်းငယ်တခု ဖြစ်ပါတယ်။

အဆိုပါ စခန်းထဲကို ၂၀၂၄၊ ဇန်နဝါရီ တတိယအပတ်မှာ သူငယ်ချင်းဖြစ်သူ AA တပ်သားတဦးက ဖိတ်ခေါ်လို့ ကျနော် ဝင်ခဲ့ရတယ်။ သူ(AA တပ်သား)က အမြောက်လက်နက်ကြီးအဖွဲ့မှာ ခေါင်းဆောင်တဦး ဖြစ်တယ်။ သူတို့စခန်းကို ဝင်ကြည့်ခွင့်ရတဲ့အချိန်မှာ “ကန္တာရကွင်းပြင်တခုကို ဖြတ်သန်းလာခဲ့တဲ့လူတဦးဟာ အမှတ်မထင် ရေအိုင်တခုကို တွေ့လိုက်ရချိန် ဖြစ်သွားမယ့် ခံစားချက်မျိုး” ကျနော့်စိတ်ထဲ ဖြစ်ပေါ် ခံစားခဲ့ရတယ်။

စခန်းရဲ့အဝင်ဂိတ်ကိုဖြတ်ကာ အထဲကိုရောက်သွားချိန်မှာတော့ ခမရ ၅၃၉ တပ်ရင်းမှ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို တွေ့မြင်ရတယ်။ ပစ္စည်းတွေကိုတော့ စနစ်တကျနဲ့ အစုလိုက် ပြုလုပ်ထားတယ်။ စခန်းထဲ စဝင်ချိန် “ဟောင်ဝစ်ဇာ”အမြောက်ကြီး ၃ ခု တွေ့ရတယ်။ ပြန်လည်အသုံးပြုဖို့ဆိုရင် ပြုပြင်ဖို့ လိုအပ်သေးတယ်လို့ ကျနော့်သူငယ်ချင်းက စခန်းကိုပတ်ကြည့်ရင်း ပြောပြတယ်။ ၈၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ ကျည်သီးတွေက ရာနဲ့ချီပြီး ဆိုင်ကယ်တွေ၊ လူထိုင်ခုံ၊ ပရိဘောဂတွေ၊ သံသေတ္တာကြီးငယ်တွေ၊ ဆန်အိတ်တွေ၊ သံပြား၊ သံချောင်းတွေ၊ သေနတ်ရှည်တွေ၊ လိုက်ကာ ပိတ်စထည်တွေ၊ စစ်ကားတွေ၊ ကွန်ပျူတာတွေ၊ မီတာဘို့တွေ၊ LED TV ဖန်ပြားတွေ။ ဒါက ကျနော်မှတ်မိရတဲ့ ပစ္စည်းတွေ။ ကျနော် မြင်တွေ့ခဲ့ရပေမယ့် မမှတ်မိတော့တဲ့ နောက်ထပ်ပစ္စည်းတွေက တပုံကြီး ကျန်သေးတယ်။

စစ်ကောင်စီတပ်က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေကို အာရက္ခတပ်တော်(AA)ရဲ့ စခန်းထဲမှာ တွေ့မြင်လိုက်ရတော့ တပ်တော်(AA)ကို လေးစားအထင်ကြီးပြီး ဂုဏ်ယူတဲ့ စိတ်ခံစားချက်တွေ ထပ်လောင်းပြီး ကျနော့်နှလုံးသားကို စိုးမိုးလိုက်ပါတော့တယ်။ 

 

ဖုန်းလိုင်းရှာပုံတော်

ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အခြေစိုက် ခမရ ၅၃၉ နဲ့ အမတ ၃၇၇ တပ်ရင်းတို့ကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်ကစတင်ပြီး ကျောက်တော်မြို့နယ်တခုလုံးမှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းတွေပါ လုံးဝဖြတ်တောက်ခံလိုက်ရပါတယ်။

အဲ့ဒါကြောင့် ကျောက်တော်မြို့နယ်မှာ ရောက်ရှိနေထိုင်နေကြတဲ့ ကျနော်နဲ့ စီနီယာသတင်းထောက်တို့ နယ်မြေဒေသခြားမှာရှိနေကြတဲ့ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ မိမိတို့ လုပ်ကိုင်တဲ့ သတင်းဌာနက တာဝန်ရှိသူတွေကို ဆက်သွယ်နိုင်ဖို့ရာ ဖုန်းလိုင်းရရှိတဲ့ နေရာတွေကို ရှာဖွေစုံစမ်းရပါတော့တယ်။

အဲဒီအချိန် တိုက်ပွဲကာလမှာ အာရက္ခတပ်တော်(AA)ဟာ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ် ၄ မြို့ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်မတို့ကို အလုံးစုံသိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အချိန်သမယ ဖြစ်ပါတယ်။ AA က အဲဒီ ၄ မြို့ကို ထိုးစစ်ဆင်ပြီး အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူးနေပေမယ့် စစ်တွေမြို့နဲ့ ၂၅ မိုင်ဝေးတဲ့ ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ တပ်ရင်းကိုတော့ ဝိုင်းဝန်းပိတ်ဆို့ရုံကလွဲပြီး ထိုးစစ်ဆင် မတိုက်ခိုက်သေးပါ။ တနည်းဆိုရရင် AA တပ်သားတွေဟာ မိမိတို့ ခြံထဲရှိနွားတွေကို အပြင်ထွက်စားလို့ မရအောင် ကြိုးတိုတိုနဲ့ လွှတ်ပေးထားတဲ့သဘောပါ။

ရခိုင်ပြည်က ဖုန်းလိုင်းဆက်သွယ်ရေးတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာဆိုရင် လိုင်းတွေ လုံးဝ ဖြတ်တောက်ခံထားရတယ်။ တိုက်ပွဲမဖြစ်သေးတဲ့ ဒေသတွေမှာတော့ နေရာစုံမဟုတ်ဘဲ နေရာကွက်ကျား ဖုန်းလိုင်း (အင်တာနက်လိုင်းမရ) ရရှိတတ်တယ်။

တိုက်ပွဲမဖြစ်သေးလို့ နေရာကွက်ကျား ဆက်သွယ်ရေး ဖုန်းလိုင်းတခုတည်းရရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ကျေးရွာအနီးရှိ တောင်ကုန်းကို သွားလာဖို့ အသိမိတ်ဆွေတဦးဆီက ဆိုင်ကယ်တစီး ငှားရတယ်။ တရုတ်ထုတ် Dream ဆိုင်ကယ်မှာ အဖြူနဲ့အမဲရောင် ရောစပ်လို့။ စက်နှိုး(ဖွင့်)တဲ့ စတက်တာခလုတ်(Starter)မှာ အသုံးပြုလို့မရတာကြောင့် ခြေနင်းတံကို ညာဘက်ခြေထောက်နဲ့ကန်ပြီး စက်နှိုးရတယ်။ ဆိုင်ကယ်နှာခေါင်းဖြစ်တဲ့ မီးခိုးတံ သံချောင်းများကတော့ သံချေးတွေနဲ့ လက်တဆစ်စာခန့် ပြတ်ထွက်နေလေရဲ့။ ညာဘက်ခြေထောက်ကို အားကုန်သုံးကာ ဆိုင်ကယ်ခြေနင်းတံကို ကျောက်ကန်လိုက်ပြီးနောက် ထွက်ပေါ်လာတဲ့အသံကြောင့် နှလုံးရောဂါသည်တွေဆိုရင် ဘဝတခု ကူးပြောင်းသွားနိုင်တယ်။ 

ကားလမ်းမပေါ်မှာတော့ ကားတွေ အထုတ်အပိုးတွေနဲ့ လူတွေအပြည့်တင်ဆောင်ပြီး ဥဒဟို သွားလာနေကြတယ်။ လမ်းဘေးတွေမှာတော့ စစ်ဘေးရှောင်မိသားစုတွေနဲ့ စည်ကားနေဆဲ။ ငါးတောင်ကျေးရွာကနေ မိုင် ၂၀ လောက် မောင်းနှင်ခဲ့ပြီးနောက် ဖုန်းလိုင်းရတယ်ဆိုတဲ့ ကျောက်ဆိပ်ရွာ အနီးရှိ တောင်းကုန်းကို ရောက်ခဲ့တယ်။

 

ဖုန်းလိုင်းရတဲ့တောင်ကုန်း

ကွန်ကရစ်ခင်းကားလမ်းမ ယာဘက်ရှိ တောင်ကုန်းတခုရဲ့ ခြေရင်းအောက်မှာ ဖုန်းကိုယ်စီကိုင်ဆောင်ကာ စကားပြောနေသူ၊ ဖုန်းခေါ်နေသူတွေက ရုတ်ရုတ်သဲသဲနဲ့။ ဝဲဘက်မှာတော့ ကြည်လင်စိမ်းမြနေတဲ့ ကုလားတန် မြစ်ရေပြင်ကျယ်ကြီး။ တုတ်တုတ်၊ အိမ်စီးကား၊ ဘေးတွဲဆိုင်ကယ်၊ သုံးဘီး၊ ဆိုင်ကယ် ရာနဲ့ချီကာ တန်းစီရပ်တန့်ထားတဲ့ ကားလမ်းမဘေးနေရာမှာ ကျနော်တို့ စီးတော်ယာဉ် ဆိုင်ကယ်ကို ဒေါက်ချ ရပ်တန့်ထားလိုက်တယ်။ 

ဖုန်းခေါ်၊ ဖုန်းပြောနေကြတဲ့ ရာနဲ့ချီတဲ့လူအုပ်ကြီးထဲကို ကျနော်တို့နှစ်ဦး ကျော်ပိုးအိတ်မှ ဖုန်းထုတ်ကာ ရောဝင် နေရာယူလိုက်တယ်။

ဖုန်းပြောနေကြသူတွေမှာ လူကြီး၊ လူလတ်၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး စုံလို့။ အများစုကတော့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ အလုပ်လုပ်နေကြတဲ့ သား၊ လင်တွေဆီ ခေါ်ပြောနေကြတာများတယ်။ တိုက်ပွဲဧရိယာထဲမှာ ရှိနေကြတဲ့ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းတွေကို ခေါ်ပြောသူတွေလည်း တွေ့ရတယ်။ 

ကုန်ဈေးနှုန်းတွေ နှိပ်စက်မှုဒဏ်ကို ခုခံနိုင်အောင် နိုင်ငံခြားရောက် သား၊ လင်တွေဆီက လွှဲပေးလိုက်တဲ့ ငွေတွေကို အသင့်ချက်ချင်းထုတ်ယူနိုင်ဖို့ လူအုပ်ကြီးထဲမှာ Wave Money (ငွေလွှ၊ ငွေထုတ်) လုပ်ကိုင်သူ လင်မယား နှစ်ဦးလည်း ရှိနေတယ်။ သူတို့က ငွေထုတ်ပေးတဲ့အပြင် ဖုန်းဘေကဒ်တွေလည်း ရောင်းတယ်။ တကဒ် ၁၅၀၀ နဲ့။ တိုက်ပွဲကာလမှာ အဲဒီ တောင်ကုန်းခြေရင်းဟာ သီးခြားကမ္ဘာငယ်တခုသဖွယ်ပါပဲ။

ဖုန်းလိုင်းကတော့ သီးခြားကမ္ဘာငယ်ရောက် လူတွေကို အကျိုးပြုပေးသလို ရက်စက်မှုတွေကိုလည်း ပေးတယ်။ အဲဒီ တောင်ကုန်းမှာ ဖုန်းလိုင်းက မနက်ခင်းနဲ့ ညနေခင်း (၄:၀၀ ကစတယ်) အချိန်မှာသာ ရရှိပြီး နေ့လယ်ခင်း (၁:၀၀ ကနေ ၃:၀၀ အထိ)အချိန်မှာ လုံးဝ ပြတ်တောက်သွားတတ်တယ်။ ရပ်ဝေးဒေသတွေမှ လာရောက်ဖုန်းပြောရသူတွေ အဖို့တော့ တကယ့်သောကပဲ။

အဲဒီလို သောကဖြစ်ရသူတွေထဲမှာ ကျနော်တို့နှစ်ဦးလည်း ပါဝင်တယ်။ အဲ့ဒီအချိန်ကာလတုန်းက ဓါတ်ဆီ ၁ လီတာကို ၂၇၀၀၀ ဈေးရှိတယ်။ ကျောက်တော်နယ်က လိုင်းရတဲ့တောင်ကုန်းဆီကို ဆိုင်ကယ်နဲ့ အသွား/ အပြန် ခရီးဆိုရင် ဓါတ်ဆီ ၄ လီတာ ကုန်တယ်။ နယ်ဝေးကနေ တုတ်တုတ်၊ ဘေးတွဲယာဉ်တွေ ငှားပြီးလာတဲ့ အခါ တောင်ကုန်းမှာ ဖုန်းလိုင်းလုံးဝပြတ်တောက်သွားလို့ ဖုန်းမပြောရဘဲ ပြန်လှည့်သွားခဲ့ရသူတွေလည်း ရှိကြတယ်။

“ကျနော့်မှာ တနေ့က သားလေးတယောက်မွေးတယ်။ သူ့ရဲ့ မွေးရက်တွေကို တွက်ချက်ပြီးတော့ နာမည်လေးတခု ပေးပါဦးဆရာ” ဆိုတဲ့ အသံကြားလို့ ဘေးဘီကို လှည့်ကြည့်လိုက်မိတယ်။ ကျနော်နဲ့ ၅ ပေအကွာမှာ ရပ်ပြီး ဖုန်းပြောနေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးဆီက ထွက်ပေါ်လာတဲ့ စကားသံဖြစ်တယ်။ သူ့ရဲ့မျက်နှာပေါ်မှာတော့ အပြုံးတွေ ဝေဆာလို့။ ဒီလူကြီးဟာ ဖုန်းထဲကနေတဆင့် ဗေဒင်တွက်ခိုင်းနေတာဖြစ်မယ်လို့ ကျနော့်စိတ်ထဲ ကောက်ချက်ချမိလိုက်တယ်။

စီနီယာသတင်းထောက်ဖြစ်သူကတော့ စစ်တွေမြို့မှာ ရှိနေတဲ့ မိသားစုဆီကို ဖုန်းဆက်ရကာ စကားကောင်းနေတယ်။ တိုက်ပွဲဧရိယာဖြစ်တဲ့ မြောက်ဦးဒေသက မိသားစုတွေဆီကိုတော့ ကျနော် ဖုန်းဆက်လို့ မရခဲ့ပါ။ မြေလတ်အသံ သတင်းဌာနမှ တာဝန်ရှိသူတွေကိုလည်း အဆက်အသွယ်ပြုလုပ်လို့ မရခဲ့ပါ။ 

တောင်ကုန်းမှာ ဖုန်းလိုင်းရတဲ့အချိန်တွေမှာ ဖုန်းခေါ်လို့မရတဲ့သူတွေလည်း ရှိတယ်။ ဖုန်းလိုင်း တိုင် ၅ တိုင်စလုံး အပြည့်ဖြစ်နေရင် တခြားသူဆီ ဖုန်းခေါ် မဝင်ဘူး။ ဖုန်းလိုင်းတိုင် အကြောင်း ၅ ကြောင်းထဲမှာ ၁ ကြောင်း ၂ ကြောင်း ပေါ်နေတဲ့ဖုန်းတွေဆိုရင် တခြားဖုန်းတွေဆီ ဖုန်းခေါ်ဝင်တယ်။ ဖုန်းခေါ်ဝင်တဲ့ဖုန်း၊ ဖုန်းခေါ် မဝင်တဲ့ဖုန်းဆိုပြီး နှစ်မျိုးနှစ်စားဖြစ်နေရတဲ့ အကြောင်းအရင်း အဖြေကိုတော့ ကျနော်မသိ။

အရိပ်ခိုရာ သစ်ပင်တွေမရှိတဲ့ တောင်ကတုံးခြေရင်း ကွင်းပြင်မှာ ဖုန်းခေါ်လို့ရရှိဖို့အရေး တနေကုန် နေပူထဲ တိုက်ပွဲဝင်နေခဲ့ရသူတွေအဖို့တော့ တကယ့်ဒုက္ခငရဲပဲ။ အဲ့ဒီအချိန်တုန်းက ကျနော်လည်း ငရဲကျခဲ့တယ်။

နောက်တနေ့ မနက်ခင်းအချိန်ရောက်တော့ ကျနော်တို့နှစ်ဦး ပုဏ္ဏားကျွန်းမြို့ကိုဖြတ်ကာ ကွမ်းတောင်ကျေးရွာကို ကိစ္စတခုနဲ့ သွားရောက်ခဲ့တယ်။ ကျနော်တို့ နှစ်ဦး မရောက်ခင် တနေ့က ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီ နေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံး ကွမ်းတောင်ကျေးရွာထဲက လူနေအိမ်တလုံးထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်။ 

နေအိမ်ထဲမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တဦးဟာ နို့စို့ကလေးကို နို့တိုက်ကျွေးနေချိန်ပေါ့။ အဲ့ဒီနေအိမ်ထဲကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးစတွေဟာ ကလေးကို နို့တိုက်ကျွေးမွေးနေတဲ့ မိခင်အမျိုးသမီးရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်ထဲကို စိုက်ဝင်သွားခဲ့တယ်။ သေဆုံးသွားတဲ့ မိခင်ရဲ့နို့အစုံကို အားပါးတရနဲ့ သောက်စို့နေတဲ့ ကလေးငယ်ကတော့ ဘာမှ မဖြစ်ခဲ့။ မိခင်ရဲ့ ရင်ခွင်ကို အကာအကွယ်ရခဲ့တယ်။

ကျနော်တို့ ရောက်ရှိချိန် ကွမ်းတောင်ကျေးရွာဟာ နားမခံသာအောင်အထိ တိတ်ဆိတ်ငြိမ်သက်နေတယ်။ လူ့လောကဲကို ခြေစုံပိုက်(ခြေစုံပစ်) ဝင်ရောက်လာချိန်မှာပဲ မိခင်ဆုံးရှုံးခဲ့ရတဲ့ ကလေးလေးအဖြစ်ကို တွေးရင်း ကျနော့်မျက်လုံးတွေ ပူဝေလာခဲ့တယ်။ ဘယ်ဘက်လက်နဲ့ မျက်မှန်ကိုချွတ်ကာ ပါးပြင်အထိ စီးဆင်းလာတဲ့ မျက်ရည်စက်တွေကို ညာဘက်လက်နဲ့ ကျနော် သုတ်ပစ်လိုက်တယ်။

ဆက်လက်ဖော်ပြရန် - 

#မြေလတ်အသံ

#ဆောင်းပါး #ခရီးသွားဆောင်းပါး #တိုက်ပွဲ #ဆက်သွယ်ရေး #စစ်ဘေးရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10