သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်တွေမြို့ထဲ ပြန်ဝင်ချိန်
ရခိုင်ပြည်တွင်း စစ်ပွဲမဖြစ်သေးချိန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ခါနီးမှာ ကျနော်ဟာ စစ်တွေ့မြို့မှာ မနေတော့ဘဲ မြောက်ဦးဒေသမှာ သွားရောက်နေထိုင်ကာ သတင်းကိစ္စတွေ လုပ်ခဲ့တယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ ရသေ့တောင်မြို့နယ်က စတင်ခဲ့တဲ့တိုက်ပွဲနဲ့ ရခိုင်တပြည်လုံးရှိ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော် (AA) က စစ်ကြေညာလိုက်တယ်။
ရာသီနွေဦးသမယမှာ တိမ်ကင်းစင်နေတဲ့ မိုးကောင်းကင်ပေါ်ဝယ် အဖြူရောင်နေလုံးကြီးလို တရွေ့ရွေ့နဲ့ အပူရှိန်မြင့်တက်လာတဲ့ ရခိုင်စစ်ပွဲကြီးကြောင့် စစ်ကောင်စီက တမြို့နဲ့တမြို့ လွတ်လပ်စွာသွားလာမှုကို ရပ်တန့်လိုက်တယ်။ အဲဒီလို ပိတ်ဆို့ရပ်တန့်မှုထဲမှာ ရခိုင်ပြည်မြို့တော် စစ်တွေမြို့ကြီးလည်း တခုအပါအဝင်ဖြစ်တယ်။
အာရက္ခတပ်တော်(AA)က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအောင်မြင်နေချိန် ကျနော်နဲ့ စီနီယာ သတင်းထောက်တို့ ခိုလှုံနေတဲ့ ကျောက်တော်ဒေသကနေ စစ်တွေမြို့ထဲကို တဖန်ပြန်လည် ဝင်ရောက်ခဲ့ကြတယ်။
စစ်ကောင်စီတပ်က စစ်တွေမြို့ကို လေးဖက်လေးတန်ကနေ ကင်းတပ်တွေချပြီး အဝင်အထွက်ကို အသည်းအသန် တင်းကျပ်နေချိန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအစမှာ ကျနော်တို့နှစ်ဦး ဝင်ရောက်ခဲ့တာဖြစ်တယ်။ အဲဒီလို အချိန်အခါမျိုးမှာ စစ်တွေမြို့ကို ဝင်ရောက်ခဲ့တဲ့ ကျနော်တို့နှစ်ဦးမှာ အကြောင်းအရာ ရည်ရွယ်ချက်ကိုယ်စီ ရှိကြတာပေါ့။
အရှေ့အရပ်မှ ပြူးထွက်လာတဲ့ နေမင်းကြီးရဲ့ ရောင်ခြည်တွေကြောင့် အရပ်လေးမျက်နှာစလုံးမှာ အုံ့မှိုင်းနေကြတဲ့ မြူနှင်းတွေဟာ တရွေ့ရွေ့ ပြယ်စပြုလာနေတယ်။ ကားလမ်းမပေါ်မှာတော့ ယာဉ်တွေ ဥဒဟိုသွားလာနေကြတဲ့ မနက် ၉ နာရီအချိန်။ ကျနော်တို့နှစ်ဦးလို စစ်တွေမြို့ထဲကို ဝင်ရောက်မည့် ခရီးသည်တွေကို တင်ဆောင်လာတဲ့ မှန်လုံကားငယ်တစီးကို လက်တဖက်နဲ့ အချက်ပြ ရပ်တန့်ခိုင်းလိုက်တယ်။ ကားထဲကို ချောင်းကြည့်လိုက်တော့ ကားဝမ်းဗိုက်ထဲမှာ ခရီးသည် ဆယ်ယောက်နဲ့ ပြည့်ကြပ်လို့နေတယ်။ အဲဒီခရီးသည်တွေက မူဆလင်မိသားစုတစုပါ။ ကလေးသုံးယောက်၊ လူလတ်သုံးယောက်၊ လူကြီးလေးယောက်။ သူတို့(မူဆလင်)က ကျောက်တော်မြို့နဲ့ နီးတဲ့ ကျေးရွာတရွာကလို့ သိရတယ်။
“အကိုတို့နှစ်ယောက် လိုက်မယ်ဆိုရင် ကားနောက်ဖုံးမှာ ထိုင်လိုက်လို့ရတယ်။ ခုံနေရာတွေမှာတော့ မရတော့ဘူး။ စစ်တွေခရီးသည်တွေကို လိုက်ပို့တဲ့ကားက ကျနော့်ကားကနောက်ဆုံးပဲ” လို့ ကားဒရိုင်ဘာဖြစ်သူက ကားနောက်ဖုံးကို ဖွင့်ပြကာ ကျနော်တို့ ထိုင်ရမည့်နေရာကို ခေါ်ပြတယ်။
အခုလို ခရီးသည်တင်ကားတွေ ပြေးဆွဲကြတဲ့ ကားပိုင်ရှင်တွေမှာ အတောမသတ်နိုင်တဲ့ လိုအင်ဆန္ဒ ရှိကြတာများတယ်။ ခရီးသည်များများရလေ ပိုက်ဆံများများရလေပေါ့။ ကျနော်တို့လို ခရီးသွားတွေကို ပိုက်ဆံထုတ်တွေလို့ပဲ မြင်တာ။ လူလို့တောင်မြင်ပုံမရကြ။
ကျနော့်ခရီးကိုဆက်ရရင် ကားနောက်ခန်းမှာထိုင်ပြီးလိုက်စီးဖို့ ကျနော်တို့နှစ်ဦး ဆုံးဖြတ်လိုက်တယ်။ မူဆလင်ကလေးသုံးယောက် ထိုင်နေတဲ့နေရာမှာ ကြပ်ကြပ်တင်းတင်းနဲ့ ကျနော်တို့ ရောထိုင်လိုက်တယ်။ ကားသမား ဒရိုင်ဘာက ကားနောက်ခန်းက အဖုံးမှန်ပြားကို “ဗြန်း”ခနဲ အသံမြည်လောက်အောင် ဆောင့်ပိတ်လိုက်တယ်။
နိုင်ငံခြားကို ခိုးလမ်း(အောက်လမ်း)ကနေ သွားနေသလိုမျိုး ကျနော် ခံစားမိလိုက်တယ်။ ကားလမ်းမတလျှောက် သွားလာနေကြတဲ့ ယာဉ်တွေကို ကားနောက်ဖုံးမှန်ပြားကနေ ဝိုးဝါးစွာ ကြည့်မြင်နိုင်တယ်။ ကျနော်တို့ကား ခရီးအနည်းငယ်တွင်လာနေချိန်မှာပဲ စူးစူးရှရှအနံ့တခုကို ရင်ဆိုင်ရပါတော့တယ်။
အဲ့ဒီအနံ့အသက်က ကျနော်နဲ့မျက်နှာချင်းဆိုင် ၁ ပေအကွာမှာထိုင်နေတဲ့ ကလေးမလေးရဲ့ အော့အန်ထုတ်လိုက်တဲ့ အရာက ဖြစ်တယ်။ စစ်တွေမြို့ကို ရေကြောင်းကနေ ခိုးဝင်မယ့် လှေဆိပ်ကို ရောက်သွားတဲ့အထိ အန်ဖတ်အနံ့ကို ရှုရှိုက်လာခဲ့ရတယ်။ အောင့်သက်သက်နဲ့ပေါ့။
မှောင်ခိုလှေဆိပ်
မြစ်ကမ်းစပ်နံဘေးက ကုန်းမြေပေါ်မှာ ကား၊ ဆိုင်ကယ်၊ တုတ်တုတ် စတဲ့ခရီးသည်တင်ယာဉ်တွေ၊ ဟိုဟိုဒီဒီ လှုပ်ရှားနေကြတဲ့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်တွေနဲ့ ပြည့်လျှံလို့နေတယ်။ ရေပေါ်မှာလည်း စက်တပ်လှေတွေက နေရာကိုယ်စီယူထားကြတယ်။ ကုန်တင်၊ ကုန်ချနေကြတဲ့ အထမ်းသမားတွေကတော့ လူအုပ်ကြီးထဲမှာ အများဆုံးပဲ။ ဒုတိယအများဆုံးက စစ်တွေမြို့က ထွက်ပြေးလာကြတဲ့လူတွေနဲ့ စစ်တွေမြို့ကို ဝင်ရောက်မည့် ကျနော်တို့လို ခရီးသည်တွေပေါ့။
လူအုပ်ကြီးနဲ့ မလှမ်းမကမ်း သစ်ပင်အရိပ်အောက်မှာတော့ ULA မှ တာဝန်ရှိသူ ၅ ဦးက လူအဝင်/ အထွက် စာရင်းတွေကို မှတ်ရေးနေရင်း မှတ်ပုံတင်တွေကိုပါ အသေးစိတ်စစ်ဆေးနေကြတယ်။ ဒါက စစ်တွေမြို့ ဝင်/ထွက်သွားလာရာ မှောင်ခိုလှေဆိပ်ဖြစ်တယ်။ လုံခြုံရေးအရ နေရာကတော့ အတည်တကျမရှိဘူးပေါ့။
တိုက်ပွဲကာလမှာ နေရပ်စွန့်ခွာစစ်ရှောင်ရတာ၊ အလုပ်လက်မဲ့ ဖြစ်သွားရတာတွေကြောင့် ပြည်သူလူထုဟာ ငတ်မွတ်မှုဆိုတဲ့ အရသာကို ခံစားနေကြရသူချည်း။ လူဦးရေ ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းက ငတ်မွတ်မှုအရသာကို ခါးစည်းခံနေရတယ်။
ဒီလို အခြေအနေမှာ “မှောင်ခိုလှေဆိပ်” ဟာ ငတ်မွတ်မှုအရသာကို စားသုံးနေကြရသူတွေအတွက် နတ်သုဒ္ဒါထမင်းကို စားသောက်နိုင်ဖို့ ဝင်ငွေပေးနေတဲ့ နေရာတခုဖြစ်နေတာကို တွေ့မြင်ခဲ့ရတယ်။ “မှောင်ခိုလှေဆိပ်” ဆိုပေမယ့် ULA က ကွပ်ကဲပေးထားလို့ ကူလီအထမ်းသည်တွေဟာ “ခေါင်းပုံဖြတ်မှု” မခံကြရဘူး။
ဆန်၊ ဆီ စတဲ့ကုန်ခြောက်တွေနဲ့ ငရုတ်၊ မုန်လာ စတဲ့ကုန်စိမ်းတွေရဲ့ ပိုင်ရှင်တွေကလည်း ULA က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုပြုတာ တွေ့ရတယ်။
ခရီးသွားတွေ၊ အထမ်းသည်တွေ၊ ကုန်စည်ပိုင်ရှင်တွေအတွက် “မှောင်ခိုဆိပ်ကမ်း” ဟာ အကျိုးပြုပေးနေသယောင် ထင်မြင်ရပေမယ့် တိုက်ပွဲကာလအတွင်းမှာ “အန္တရာယ်” ဆိုတဲ့ ခါးသီးမှုကို လက်ယက်ခေါ်နေသလိုဖြစ်နေတယ်။
လှေပေါ်တက်ခွင့်ရမယ့်အလှည့်ကျကို ကမ်းစပ်မှာထိုင်စောင့်ရင်း ကျနော့်စိတ်ထဲ “အန္တရာယ်ရှိတယ်” ဆိုတဲ့ အတွေး ဝင်ရောက်လာခဲ့ရာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်မိတယ်။ စူးစူးစိုက်စိုက်ကို မော့ကြည့်မိတာ။ “ဗုံးသီး” မိုးတွေ ရွာချလာမှာလားဆိုပြီး စိုးရိမ်စိတ်အပြည့်နဲ့ပေါ့။ ၁၁ နာရီကျော် အချိန်မှာ ကျနော်အပါအဝင် လူကြီး၊ လူငယ်၊ နို့စိုကလေး၊ အမျိုးသား၊ အမျိုးသမီး ၂၀ ဦး လှေတစီးပေါ် တက်ခွင့်ရခဲ့တယ်။
လှေသမားတွေရဲ့လောဘ
မှောင်ခိုလှေဆိပ်ကနေ လှေတွေကို လှေအကြီးအသေး အမျိုးအစားခွဲကာ ULA တာဝန်ရှိသူတွေက ခရီးသည်တွေ အဆင်ပြေစေဖို့ စနစ်တကျ ဆောင်ရွက်ပေးတယ်။ ခရီးသည်တဦးကို သုံးသောင်းကျပ်ပဲ တောင်းခွင့်ရှိတယ်။ လှေတစီးမှာ ခရီးသည် ၂၀ ဦးပဲ တင်ရတယ်။ အပိုတင်ရင်၊ ငွေအပိုတောင်းရင် ULA က ခွင့်လွှတ်မှာမဟုတ်ဘူး။
ကျနော်တို့ မနက်စောစောက ကော်ဖီတခွက်နဲ့အဆာပြေဗိုက်ဖြည့်ထားလို့ လှေဆိပ်မှာပြန်ပြီး ဗိုက်ဆာလာတယ်။ ဆိပ်ကမ်းမှာ မုန့်စားချိန်မရလိုက်လို့ လှေပေါ်မှာပဲ ရေသောက်ကာ ဖြေရှင်းမယ်ပေါ့။ ဒါပေမယ့် ရေသန့်ဗူးလည်း ဝယ်မရခဲ့ဘူး။ ဆိပ်ကမ်းက ပျံကျဈေးဆိုင်တွေမှာ ရေသန့်ဗူးတွေ ကုန်သွားလို့။ ဒီလို ဗိုက်ဆာဆာနဲ့ပဲ ရေပြင်ခရီးကြမ်းကို ကျော်ဖြတ်ရမယ်လို့ စိတ်ကူးမိတိုင်း ကျနော့်စိတ်ထဲ ဝမ်းနည်းသလို ခံစားလိုက်ရတယ်။
ကျနော်တို့စက်လှေဟာ ဆိပ်ကမ်းနဲ့ တမိုင်အကွာအဝေးလောက်ကို ရောက်လာချိန်မှာ စက်လှေပိုင်ရှင်က စက်ကိုရပ်ကာ လှေကို အရှိန်သတ်လိုက်တယ်။ စက်လှေရပ်တန့်လိုက်တဲ့ နေရာမှာ ဘေးပတ်ပတ်လည် ကြည့်လိုက်တော့ ကြည်လင်စိမ်းမြရောင်ဖြစ်နေတဲ့ ဆားငန်ရေပြင်အတိကို တွေ့မြင်ရတယ်။ လှေရှင်က ခရီးစရိတ်ခ ပိုက်ဆံပေးရမယ်ဆိုပြီး ခရီးသည်တွေကို လှမ်းအော်ပြောလိုက်တယ်။ တယောက်ကို ၅ သောင်းတဲ့။
လှေဆိပ်မှာကတည်းက စရိတ်ငွေ မပေးရသေးတာဟာ စစ်တွေဘက်ကမ်းကိုရောက်မှပဲ ပေးရမယ်လို့ တွေးထင်ထားတဲ့ကျနော်ဟာ ဒေါသစိတ် ’ဟုန်းခနဲ’ ဖြစ်သွားခဲ့တယ်။ ‘နေ’ ကလည်းပူ ‘ဗိုက်’ က လည်း ဆာလောင်နေရတဲ့အထဲ ရေပြင်မှာ ဒီလိုပိုက်ဆံကောက်တော့ ‘လှေဆိပ်’ ကို ရေကူးပြီး ထွက်သွားချင်တဲ့ စိတ်တောင် ဖြစ်သွားတယ်။
ပိုက်ဆံကောက်နေတဲ့အချိန်အတွင်းမှာပဲ ခရီးသည် ၁၅ ဦး တင်ဆောင်လာတဲ့ နောက်ထပ်လှေတစီး ကျနော်တို့ လှေအနီးမှာ ရပ်တန့်လိုက်တယ်။ ထုံးစံအတိုင်း ပိုက်ဆံကောက်တယ်။ အဲဒီလှေပေါ်က ခရီးသည် ၁၅ ဦး စလုံးကို ကျနော်တို့လှေပေါ်ပြောင်းတင်တယ်။
ကျနော်အပါအဝင် ခရီးသည်အကုန်လုံး လှေပေါ်လူထပ်တင်တာကို ကန့်ကွက်ကြပေမယ့် လှေရှင်က “မင်းအောင်လှိုင်” လို ပုံစံနဲ့ အာဏာသိမ်းလိုက်တယ်။ ရေပြင်ပေါ်မှာဖြစ်နေတော့ ကျနော်တို့ခရီးသည်တွေ လှေရှင်ကို ဆက်လက်မတော်လှန်နိုင်ဘဲ ငြိမ်ခံနေခဲ့ရတယ်။ တနေ့နေ့တချိန်ချိန် လှေရှင်နဲ့ ဆုံတွေ့ခဲ့ရင် အာဏာပြန်သိမ်းမယ်လို့ ကျနော့်စိတ်ထဲ တေးမိလိုက်တယ်။
လှေရှင်တွေဟာ ခရီးသည်တဦးကို သုံးသောင်းကျပ်ပဲ ကောက်ခံရမယ်လို့ ULA တာဝန်ရှိသူတွေရဲ့ စည်းကမ်းကိုချိုးဖောက်ရုံသာမက ခရီးသည် ၃၅ ဦးကို လှေနှစ်စီးနဲ့အပို့ပေးရမယ်ဆိုတဲ့ စည်းမျဉ်းကိုပါ ပျော်ပျော်ကြီး ချိုးပစ်လိုက်တယ်။ မြစ်ငယ်၊ မြစ်ကြီးအသွယ်သွယ်တို့ကို ဖြတ်ကျော်သွားရမယ့် ရေကြောင်းခရီးမှာ ကျနော်အပါအဝင် ခရီးသည် ၃၅ ဦးဟာ လှေတစီးပေါ်မှာ ကြပ်ကြပ်တည်းတည်းနဲ့ သွားရမယ့်အဖြစ်ကိုတွေးရင်း အလွတ်ရတဲ့ ဘုရားဂါထာတပုဒ်ကို ကျနော့် စိတ်ထဲ အော်ရွတ်လိုက်တယ်။ အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ ဘေးမဖြစ်ဘဲ ရောက်အောင်ပေါ့။
လှေနှစ်စီးပိုင်ရှင်နှစ်ဦး ရတဲ့ပိုက်ဆံကို ခွဲယူလိုက်ကြပြီးနောက် လှေဝမ်းနဲ့ နံရံဘောင်တွေမှာ ခရီးသည်အပြည့်ထိုင်လိုက်နေရတဲ့ ကျနော်တို့ စက်လှေ ခရီးဆက်ပါတော့တယ်။ အစိမ်းရောင် မြစ်ရေပြင်ဝယ် ခရီးဆက်နေတဲ့ ကျနော်တို့ စက်လှေမှာ “မှောင်ခိုဆိပ်ကမ်း” ကလေးနဲ့ ဝေးသထက် အဝေးကို ရောက်ရှိသွားပါတော့တယ်။
ခရီးသည်တွေ လှေဆင်းတွန်းရ
လှေတစီးပေါ်မှာ တယောက်နဲ့တယောက် ပေါင်ချင်းထပ်ကာ ထိုင်စီးနေရတဲ့ခရီးသည်တွေဟာ မောပန်း နွမ်းလာနေလို့ ‘ခရီးတထောက်နားဖို့’ လှေရှင်ကို ဆန္ဒပြတောင်းဆိုကြတော့ လိုက်လျောပေးခဲ့တယ်။ မက္ကလာကျဆိုတဲ့ ကျေးရွာတရွာရဲ့ ရွာပြင်က သရက်ပင်ရိပ်အောက် ဝင်ရောက်နားကြတယ်။
ကျနော်ကတော့ တခြားကျန်တဲ့ခရီးသည်တွေလို အနားမယူနိုင်ဘဲ ရေသန့်ဗူးဝယ်ဖို့ ကျေးရွာထဲကို ဒုန်းစိုင်း ဝင်သွားခဲ့တယ်။ ဆိုင်မှာ ရေသန့်ဗူးကုန်နေလို့ (ရခိုင်အခေါ်)ဘရီ(ဝါ)ရေအိုးထဲမှ ငံပျပျကန်ရေကိုပဲ အငမ်းမရ သောက်ခဲ့ရတယ်။ လမ်းမှာအဆာပြေ ရိက္ခာအဖြစ် ပေါင်မုန့်ထုတ်တွေကို ဝယ်ယူခဲ့တယ်။ သစ်ပင်ရိပ်အောက် ၁၀ မိနစ်ကြာ အနားယူပြီးနောက် မွန်းလွဲ ၁ နာရီကျော်အချိန်မှာ ကျနော်တို့ ထပ်ပြီးခရီးဆက်ကြတယ်။
လမ်းတဝက်လောက်ရောက်တော့ လှေရှင်က “ယောက်ျားတွေဆင်းကြ၊ လှေတွန်းရမယ်။” လို့ ရာဇသံပေးပါ တော့တယ်။ လှေတွန်းရမယ့်နေရာက တမိုင်ကျော်ရှည်လျားတဲ့ ရွှံ့ထူထူစပါးစိုက်တဲ့ လယ်ကွင်းပြင်ကြားမှ ချောင်းလက်တက်ကလေးတခုပါ။ အဲဒီမြောင်းမှာ ရေက လူတယောက်ရဲ့ ဒူးအထိပဲရှိတယ်။ ဒူးအထိရှိတဲ့ရေပေါ်မှာ လှေက ဆက်မောင်းသွားလို့မရတော့ လှေကို လူအားနဲ့ ပြိုင်တူတွန်းမှ အဆင်ပြေတာ။ စစ်တွေမြို့ကို အဝတ်အထည်သန့်သန့်ပြန့်ပြန့်နဲ့ ဝတ်ဆင်သွားတဲ့ ခရီးသည်အမျိုးသားတွေအနေနဲ့ လှေတွန်းပြီး လှေပေါ်ပြန်တက်တဲ့အချိန်မှာ ကျွဲနွားနဲ့ လယ်ထွန်ယက်နေတဲ့ လယ်သမားတဦးပမာ ရွှံ့တွေပေကျံပြီးဖြစ်သွားကြတယ်။
ဒီလိုကျဉ်းမြောင်းတဲ့ ချောင်းလက်တက်ကလေးထဲမှာ ကျနော်တို့ခရီးသည်လှေလို တခြားခရီးသည်လှေတွေ လည်း ရေထဲဆင်းတွန်းနေရာတာ တွေ့ရတယ်။ ချောင်းကျဉ်းလေးထဲမှာတော့ လှေကို အားစိုက်ပြီးတွန်းရတဲ့ အခါ ‘ခြေထောက်၊ ရေ၊ ရွှံ့ဗွက်’တို့ ထိမိရာကနေ ထွက်ပေါ်လာတဲ့ ‘ဂျောင်းဂျောင်း၊ ဂျုန်းဂျုန်း’ ဆိုတဲ့ အသံက ပဲထင်ထပ်လို့ပေါ့။ လှေရှင်ဖြစ်သူကတော့ အာဏာရှင်မင်းအောင်လှိုင် ရာထူးက မဆင်းသလို လှေပေါ်မှာပဲ အလိုက်သင့် ထိုင်စီးနေခဲ့တယ်။
တမိုင်ကျော်ရှည်လျားပြီး ကွေ့ကောက်တွေရှိတဲ့ ချောင်းကျဉ်းလေးမှာ မိမိတို့ခရီးကို မြန်မြန်ရောက်ရှိနိုင်ရေးအတွက် လှေကို အားမာန်အပြည့်နဲ့တွန်းရင်းတွန်းရင်း ၁ နာရီကျော်အကြာမှာ ရသေ့တောင်မြို့နယ်က မေယုမြစ်ဝကို ရောက်ရှိခဲ့တယ်။ မေယုမြစ်ဝကို လှေရောက်ချိန်မှာ မွန်းလွဲ ၃ နာရီ ကျော်ပြီ။ အဲဒီ မြစ်လက်တက်ကနေ တောင်ဘက်ကို လှမ်းကြည့်လိုက်ရာ စစ်တွေမြို့နယ်က ကျေးရွာတွေကို မှုန်ဝါးဝါးကလေး တွေ့မြင်လာရတော့ ‘လှေတွန်းရကျိုးနပ်တယ်’ ဆိုပြီး ကျနော့်စိတ်ထဲ ပျော်ရွှင်မှုတွေနဲ့ ရေရွတ်လိုက်မိတယ်။
စစ်တွေမြို့နယ်ဖက်ကမ်းကို မကြာမီရောက်တော့မယ်။ ခရီးအောင်မြင်ပြီပေါ့။ ဒါပေမဲ့ ထင်သလို မဟုတ်ခဲ့ပြန်ပါ။ မြစ်ရဲ့တောင်ဖက်က စစ်တွေနယ်ကိုရောက်ရှိဖို့ တောင်ဘက်ကိုမသွားဘဲ မြောက်ဘက်ကို ခရီးဆက်ရပြန်ပါတယ်။ မြစ်ထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နေဗီ ၂ စီးကို ရှောင်ခွင်းနိုင်ဖို့ရာ မြောက်ဘက်ကို ၁ နာရီကျော် ခရီးဆက်ရတာလည်း ဖြစ်တယ်။ နေဗီကနေ လှမ်းမမြင်နိုင်တော့တဲ့ နေရာကို ရောက်တဲ့အချိန်မှာ ညနေ ၄ နာရီကျော်ပြီ။
အဲဒီအချိန်မှာတော့ မေယုမြစ်ပြင်ကျယ်ထဲမှာ လှိုင်းတံပိုးတွေက ဆော့ကစားချင်တိုင်း ဆော့ကစားလို့ ရှိနေပါတော့တယ်။ ကျနော်တို့ လှေမှာလည်း လှိုင်းတံပိုးတွေကြား လူးခတ်လို့ နေပါတော့တယ်။
သေမင်းနဲ့နပန်းလုံးရချိန်
ကျနော်တို့လှေပေါ်မှာ နို့စို့အရွယ်ကလေး ၂ ဦး၊ ၁၀ နှစ်ကျော်အရွယ် ကလေး ၅ ဦး၊ အသက် ၃၀ နဲ့ ၄၀ အရွယ် အမျိုးသမီး ၁၀ ဦး၊ ၁၀ နှစ်ကနေ ၅၀ အရွယ်ရှိ မွတ်စလင်မိသားစု ၁၀ ဦး၊ ၂၀ ကနေ ၄၀ အရွယ် အမျိုးသား ၈ ဦး ပါရှိပါတယ်။ စုစုပေါင်းလူဦးရေ ၃၅ ဦးပါ။ ဒီလူတွေကို လှေကလေးဟာ ပေါ့ပါးစွာ မသယ်နိုင်ပေမယ့် အာဏာရှင်လှေပိုင်ရှင်ရဲ့ အတင်းအဓမ္မစေခိုင်းမှုကြောင့် လေးလေးပင်ပင်နဲ့ ခရီးဆက်နေရတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ ကျနော်တို့လှေကလေးဟာ အပြောကျယ်လှတဲ့ ရေပြင်ထဲ ဆော့ကစားချင်တိုင်း ဆော့ကစားနေကြတဲ့ လှိုင်းတံပိုးကြီးငယ်တွေကို ထိုးဖောက်ဝင်ရောက်ကာ ကျော်ဖြတ်ပါတော့တယ်။ လှိုင်းတံပိုးကြီးတွေက သူတို့ကစားနေတဲ့ ကွင်းပြင်ကျယ်ကို ဝင်ရောက်နှောင့်ယှက်ရမလားဆိုတဲ့ ဒေါသစိတ်နဲ့ထင်ပါရဲ့။ လှေကလေးကို ‘တဘောင်းဘောင်း၊ တဘုန်းဘုန်း’နဲ့ ရန်ပြုရိုက်ခတ်လာပါတော့တယ်။ လှိုင်းလုံးတွေရဲ့ မစာမနာရိုက်ခတ်မှုကြောင့် ကျနော်တို့လှေကလေးမှာ ရေပြင်ပေါ်ဝယ် လှိုင်းတံပိုးတွေကြား ဘယ်ညာ လူးလှိမ့်ကာ ကြောက်လန့်ငိုကြွေးသံတွေနဲ့ ဆူညံလို့နေပါတော့တယ်။
လှိုင်းလုံးတွေက လှေနံရံတွေကို ရိုက်ခတ်ချိန် ဖြာထွက်သွားကြတဲ့ဆားငန်ရေတွေက ကျနော်အပါအဝင် ခရီးသည်အကုန်လုံးပေါ်ကို မိုးရွာချလိုက်သေးတယ်။ ငိုကြွေးနေကြတဲ့ အမျိုးသမီးထဲက တဦးဆိုရင် ကလေးငယ်လေးကို နို့ချိုတိုက်ကျွေးရင်း လက်အုပ်ကလေးချီကာ ဘုရားတနေတာတွေ့လိုက်ရတယ်။
လှေမှာက အဝါရောင်သက်ကယ်အင်္ကျီ တထည်မှမပါဘူး။ ရေကူးတတ်တဲ့ကျနော်ကတော့ မငိုကြွေးခဲ့ပေမယ့် ကျောပိုးအိတ်ကိုတင်းတင်းဖက်ရင်း ဘုရားဂါထာတော်တွေကို စိတ်ထဲမှာ တရစပ်ရွတ်ဆိုခဲ့တယ်။
ခက်ထန်တဲ့လှိုင်းလုံးတွေနဲ့ လှေကလေး အပြင်းအထန်တိုက်ခိုက်နေချိန်မှာပဲ စစ်တွေဖက်ကမ်းကနေ မော်တော်ဘုတ်တစီးကို ရုတ်တရက်လှမ်းမြင်လိုက်ရတော့ စစ်ကောင်စီနေဗီများလားလို့ ထင်မြင်ကာ ခန္ဓာကိုယ်တခုလုံး ကြက်သီးမွှေးညှင်းတွေ ထသွားကာ တပူပေါ်နှစ်ပူဆင့် ကြောက်စိတ်တွေ ပြန့်ကျဲသွားတယ်။ ကျနော်တို့ဆီကို လှိုင်းတံပိုးသေမင်းက တိုက်ခိုက်နေချိန် နောက်ထပ် စကစနေဗီသေမင်းတကောင် တိုက်ခိုက်ဖို့ဝင်ရောက်လာသလိုမျိုး ကျနော့်စိတ်ထဲမှတ်ယူလိုက်တာဖြစ်တယ်။
တကယ်တော့ အဲဒီဘုတ်ဟာ ရသေ့တောင်မြို့နယ်ဘက်ကို ခရီးသွားနေတဲ့ အရပ်သားပိုင် ဘုတ်တစီးသာ ဖြစ်နိုင်တယ်လို့ လှေရှင်ဖြစ်သူက ခန့်မှန်းပြောပြတယ်။
ကျနော်တို့လှေကလေးမှာ စစ်တွေမြို့နယ်ဘက်ကမ်းကို ချည်းနင်းဝင်ရောက်နေချိန်မှာပဲ ခက်ထန်ကြမ်းတမ်းလွန်းတဲ့ လှိုင်းလုံးကြီးတလုံးက ‘ဝုန်း’ ဆိုပြီး လှေကလေးကို ဆောင့်ကန်လိုက်တယ်။ လှေရဲ့ဘယ်ဘက်မှာ ၁ ပေခန့် စောင်းချသွားကာ ညာဖက်မှာတော့ ရေပေါ် ၁ ပေခန့် မြင့်သွားခဲ့တယ်။ ကံကောင်းထောက်မပြီး သေမယ့်နေ့မစေ့သေးတဲ့ ကျနော်အပါ ခရီးသည် ၃၅ ဦး စီးနင်းနေတဲ့လှေကလေးက မတိမ်းမှောက်ခဲ့။ လှိုင်းတံပိုးတွေကြား ဘယ်ညာလူးလှိမ့်ကာ သွားလာနေတဲ့ ကျနော်တို့လှေကလေးမှာ ညနေ ၅ နာရီခွဲအချိန်မှာ စစ်တွေမြို့နယ်က အုန်းရည်ဖော်ကျေးရွာဆိပ်ကမ်းတနေရာကို အောင်မြင်စွာနဲ့ ရောက်ရှိခဲ့တယ်။
စစ်တွေမြို့ပေါ်သို့
တိုက်ပွဲကာလအတွင်း စစ်ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ ဆေးရုံ၊ ဆေးခန်းတွေကို ပိတ်ထားရတာကြောင့် အရေးပေါ်လူနာတွေဆိုရင် စစ်တွေမြို့ဆေးရုံကြီးမှာ သွားရောက်ကုသမှုခံယူကြရတယ်။ ကျနော်တို့နဲ့ တလှေတည်းစီးလာတဲ့ မူဆလင်မိသားစုဆိုရင် လက်နက်ကြီးပစ်ခတ်သံကြောင့် နားမကြားဖြစ်သွားခဲ့ရတဲ့ ကလေးငယ် ၃ ဦးကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို ဝင်ရောက်ခဲ့တာလို့ သိရတယ်။
မင်းပြားမြို့နယ်က နို့တိုက်မိခင်ဖြစ်တဲ့ အသက် ၃၀ ကျော်အမျိုးသမီးနဲ့ကလေးဆိုရင် ရန်ကုန်မြို့ကို သွားရောက်ဖို့အတွက် စစ်တွေမြို့ကို ဝင်ရော်ကလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကာလအတွင်းမှာ စစ်တွေမြို့ကို ဝင်ရောက်လာတဲ့ခရီးသည်တွေ အများစုက ပြည်မ(ခေါ်)ဗမာပြည်ဘက်ကို သွားရောက် ခိုလှုံကြတဲ့သူတွေချည်းပဲ။
ရခိုင်ပြည်က ပိုက်ဆံချမ်းသာကြတဲ့ သူဌေးမိသားစုတွေဆိုရင် လေယာဉ်ကို စင်းလုံးငှားပြီး ဗမာပြည်ဘက်ကို ထွက်ပြေးကြလို့ လေယာဉ်လက်မှတ်တွေ ဈေးအဆမတန် မြင့်တက်ခဲ့ရတာ။ လေယာဉ်လက်မှတ်ကို တလကြိုတင်ပြီး လက်မှတ်ဖြတ်ရတာတွေ ပြုလုပ်ကြရတယ်လို့ စစ်တွေမြို့က လေယာဉ်လက်မှတ် ရောင်းဝယ်ရေး ပုဂ္ဂလိကကုမ္ပဏီမှ သူငယ်ချင်းဝန်ထမ်းတဦးက ကျနော့်ကို ပြောပြပါတယ်။
တိုက်ပွဲမဖြစ်မီ ပုံမှန်အခြေအနေ အချိန်တွေကဆိုရင် အုန်းရည်ဖော်ကျေးရွာကနေ စစ်တွေမြို့ထဲကို သွားလျှင် ဆိုင်ကယ်၊ ကားတွေနဲ့ ၁ နာရီခရီးသာ သွားခဲ့ရတယ်။ အုန်းရည်ဖော် - ရေချမ်းပြင် - ဗန္ဓုလလမ်းဆုံ(လကျယ်ခွဆုံ) - တပ်ထိန်းဂိတ် - စစ်တွေမြို့ စတဲ့ ကတ္တရာနဲ့ ကွန်ကရစ်ကားလမ်းတလျှောက် သွားလာရတာဖြစ်တယ်။
တိုက်ပွဲကာလမှာတော့ အုန်းရည်ဖော်ရွာကနေ ရေချမ်းပြင်ရွာကို ခြေလျင်လျှောက်ရတယ်။ ရေချမ်းပြင်ကနေ ခရီးသည်တင်ကားစီးကာ သင်းပုန်းတန်းရွာအထိ ကတ္တရာလမ်းပေါ်သွားရတယ်။ သင်းပုန်းတန်းရွာကနေ ဖုန်ထူမြေသားလမ်းကိုဆင်းကာ မူဆလင်ကျေးရွာ ၁၀ ရွာလောက်ကို ဖြတ်သန်းသွားလာခဲ့ရတယ်။
ဖုန်အလိပ်လိပ်ထနေတဲ့ မြေသားလမ်းကလေးတွေကို ဒုန်းစိုင်းမောင်းနှင် ဖြတ်ကျော်လာခဲ့ပြီးမှ ကျနော်တို့ကားဟာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်တခုရဲ့ ကွန်ကရစ်လမ်းမပေါ်ကို ရောက်ရှိခဲ့တယ်။ မင်းဂံရပ်ကွက်မှာ အကွက်အမှတ်စဉ် ၁၀ ကျော်ရှိတယ်။ ညနေ ၆ နာရီခွဲကျော်အချိန်မှာ ကျနော်တို့ စစ်တွေမြို့အတွင်းကို ရောက်ရှိခဲ့တယ်။
ညမထွက်ရအမိန့်အောက်မှ စစ်တွေမြို့
နေလုံးကြီး အနောက်ဘက်မိုးကုတ်စက်ဝိုင်းကြီးထဲ ငုတ်လျှိုးဝင်ရောက်သွားခဲ့တဲ့ ည ၇ နာရီအချိန် စစ်တွေမြို့ လမ်းမကြီးမှာ ဆိုင်ကယ်၊ စက်ဘီးစီးသွားသူနဲ့ ခြေလျင်လမ်းလျှောက်သွားလာသူ အနည်းငယ်ရှိနေတာကလွဲပြီး လမ်းကြိုလမ်းကြားတွေမှာ လူသူကင်းမဲ့စွာနဲ့ ဆိတ်ငြိမ်လို့။
ညမထွက်ရအမိန့်(၁၄၄) သတ်မှတ်ချိန်ကတော့ ည ၉ နာရီကမနေ မနက် ၄ နာရီ ဖြစ်တယ်။ ည ၉ နာရီအချိန် ရောက်လာတာနဲ့ စစ်ကောင်စီတပ်သားတွေဟာ ကားနှစ်စီး သုံးစီးနဲ့ အဖွဲ့တွေခွဲကာ စစ်တွေ တမြို့လုံးကို ပတ်တရောင်လှည့်ကာ သူတို့(စကစ) သင်္ကာမကင်းတဲ့နေအိမ်တွေကို တအိမ်ဝင် တအိမ်ထွက် စစ်မေးတာ၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်ကြတယ်။ စစ်တွေမြို့ကို ကင်းပတ်၊ လူဖမ်းပွဲလုပ်တဲ့နေရာမှာ စစ်ကောင်စီ၊ ရဲ အပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အဖွဲ့ဝင်တွေလည်း ပါဝင်တာ ကိုယ်တွေ့ကြုံခဲ့ရတယ်။
ကျနော် စစ်တွေမြို့ကိုရောက်တဲ့ ပထမနေ့နဲ့ ဒုတိယနေ့နှစ်ညတာကို တည်းခိုခန်းနှစ်ခုမှာ တညစီ ခွဲအိပ်ခဲ့ တယ်။ တည်းခိုခန်းတွေမှာ ညအိပ်တည်းခိုတာ မလုံခြုံသလိုခံစားရတာကြောင့် တတိယညကို မင်းဂံရပ်ကွက် တခုမှာရှိတဲ့ ဆွေမျိုးအိမ်မှာ သွားရောက်ခိုလှုံခဲ့တယ်။
ဆွေးမျိုးအိမ်မှာ ခိုတည်းနေတဲ့ သုံးညမြောက်နေ့ ည ၁၀ နာရီအချိန်မှာ ‘ဒိုင်း ဒိုင်း’ ဆိုတဲ့ အသံနှစ်ချက်ကြောင့် အိပ်မောကျနေပြီဖြစ်တဲ့ ကျနော် လန့်နိုးသွားခဲ့တယ်။ သေနတ်ပစ်ခတ်သံနဲ့အတူ ရခိုင်စကားပြောတဲ့ ALP အဖွဲ့ဝင် ၃ ယောက် စကားအော်ဟစ်ပြောသံတွေကိုပါ ကြားလိုက်ရတယ်။
ညဉ့်အချိန်ကြောင့် ထွက်ပြေးသူတွေရဲ့ ဒုန်းဒုန်း ခြေသံကိုပါ ကြားရသေးတယ်။ “ဝေ့.... ထိုဖက်လမ်းကြားက ထွက်ဗြီးလားခရေ၊ လိုက်ဖမ်း.... လိုက်ဖမ်း”၊ “ဝေး....မင်းရို့တိ မဗြီးကေ့ ‘ဒိုင်း’၊ ခြေထောက်မှာကျလို့ တယောက်လဲလားခဗျာလ်ဝေး...” ALP အဖွဲ့ဝင် ၃ ဦးရဲ့ ပြောစကားသံတွေကြောင့် ကျနော့်မှာ ကြောက်လန့်ကာ အိပ်နေတဲ့ ‘ဝရန်တာအခန်း’ ကနေ အိမ်အတွင်းခန်းကို တက်ပြေးခဲ့ရတယ်။
ကျနော်နေတဲ့အိမ်နဲ့ တအိမ်ခြား ဘေးတစောင်းမှာရှိတဲ့ အိမ်တံခါး ‘သံဖြူနဲ့လုပ်ထားတဲ့တံခါး’ ကို သေနတ်ဒင်နဲ့ “ဒင်း.....ဒင်း” ထုရိုက်ကာ “အိမ်ရှင် အခင်ကြီး မရှိလား” ဆိုပြီး အော်ဟစ်အမိန့်ပေးသံကြောင့် တရပ်ကွက်လုံး ခွေးဟောင်သံတွေနဲ့ ဆူညံသွားခဲ့တယ်။ အဲဒီအိမ်ကနေ ရှေ့ကို ခြေလှမ်း ၅ လှမ်းလောက် လျှောက်လာတာနဲ့ ကျနော်နေတဲ့အိမ်ကို ရောက်ပြီ။
“အိမ်ကို ဝင်စစ်ရင် ငါဘယ်လိုပြောပြရမလဲ။ လူစိမ်းဆိုပြီးတော့ ဖမ်းခေါ်သွားမလား” ဆိုတဲ့ ကြောက်စိတ် အတွေးတွေနဲ့ အေးစက်နေတဲ့ ဆောင်းညသမယမှာ ကျနော့်ခန္ဓာကိုယ်တခုလုံး ချွေးတွေ တဒီးဒီးထွက်ကာ အိုက်စပ်စပ်ပူလောင်မှုကို ခံစားခဲ့ရတယ်။
ဗုဒ္ဓဘာသာအယူအဆအရ ‘ဘုရား၊ သကြား’ မ, တယ်တလို့ ဆိုရမလား။ စစ်ကောင်စီနဲ့ လက်ကိုင်တုတ် ALP ပူးပေါင်းအဖွဲ့တွေ ကျနော်နေတဲ့အိမ်ကို ဝင်မစစ်ခဲ့ပါ။ ညဉ့် ၁၁ နာရီလောက်မှာ ရပ်ကွက်ထဲက အမျိုးသား ၅ ဦးကို ဖမ်းဆီးကာ ထွက်သွားခဲ့ကြတယ်လို့ နောက်တနေ့ မနက်မိုးလင်းတဲ့အချိန်မှာ သတင်းကြားခဲ့ရတယ်။ ဖမ်းဆီးခံရမှုမှာပါသွားတဲ့ အမျိုးသား ၅ ဦးရဲ့ မိသားစုတွေမှာ ငိုကြွေးပူဆွေးမှုကလွဲပြီး ဘာမှမတတ်နိုင်၊ မလုပ်ပေးနိုင်ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ကျနော် တွေ့မြင်ခဲ့ရတယ်။
စစ်တွေမြို့အတွင်း နေရာယူထားမှု
မြို့တော်စစ်တွေရဲ့ လမ်းမကြီး(Main Road) တလျှောက်မှာ အပိုင်းလိုက်ဖြတ်ကာ သံဇကာဆူးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ တြိဂံပုံအတားအဆီးတွေ၊ မေယုဈေးသစ်ကွင်းထဲက တိုက်တာအဆောက်အဦတွေပေါ်မှာ စစ်ကောင်စီတပ်သားတွေ တပ်ဖွဲနေရာယူထားတာ၊ ရခိုင်ပြည်နယ် အစိုးရရုံးခြံဝန်းထဲမှာ စစ်သားအပြည့် တပ်စွဲနေရာယူထားတာတွေကို တွေ့မြင်ခဲ့ရတယ်။
မိစံရပ်ကွက်၊ လမ်းမတော်ရပ်ကွက်အနီးမှာရှိတဲ့ ကိုရီယားဆိပ်ကမ်း ကုန်းမြေကွင်းပြင်မှာတော့ အကျဉ်းသား၊ အချုပ်သားတွေကို တင်ဆောင်တဲ့ကားတွေနဲ့ နေ့ရောညပါ ရဲတပ်သားတွေ နေရာယူထားကြတယ်။ ဆိပ်ကမ်းရေပြင်ပေါ်မှာတော့ နေဗီ ၃ စီး ဆိုက်ကပ်ထားတယ်။
ရေပြင်ကနေ စစ်တွေမြို့ထဲကို ဝင်လာလို့မရအောင် အစောင့်တွေ ချထားတာဖြစ်တယ်။ စစ်တွေမြို့ထဲကို ကုန်းလမ်းကနေ ဝင်လို့ရတဲ့ တပ်ထိန်းဂိတ်ကိုလည်း အတားအဆီးတွေနဲ့ အသေပိတ်ချထားတယ်။ ပထဝီအနေအထားအရကြည့်လျှင် စစ်တွေမြို့မှာ ရေပတ်ပတ်လည်ဝိုင်းရံထားတဲ့ ကျွန်းမြေတခုဖြစ်တယ်။
ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းမပေါ်မှာရှိတဲ့ စစ်တွေမြို့ဝင်ဂိတ် (တပ်ထိန်းဂိတ်)ကို အသေပိတ်ချထားတာ ကြောင့် ကုန်းလမ်းအနေနဲ့ မြို့ကို လုံးဝ ဝင်လို့ မရတော့ပါ။ မြို့ဝင်ဂိတ်ကနေ ပုဏ္ဏားကျွန်းဘက်ကိုသွားတဲ့ ကားလမ်းမတလျှောက်မှာဆိုရင် ဒကစအပါအဝင် တပ်ရင်း ၁၀ ကျော် ရှိတယ်။ စစ်တွေမြို့နယ်က ပါဒလိတ်ကျေးရွာနဲ့ ရေချမ်းပြင်ကျေးရွာတို့အထိ တပ်ရင်းတွေ အသီးသီးရှိကြတယ်။
စစ်တွေမြို့လေဆိပ်မှာလည်း အတွင်း/အပြင် စစ်ကောင်စီတပ်သားတွေ နေရာယူထားကြတယ်။ စစ်တွေမြို့မှာ ကျနော်ရှိနေချိန် ရန်ကုန်ကနေ စစ်တွေမြို့ကို ဆိုက်ရောက်လာတဲ့ လေယာဉ်တစီးလုံးက ခရီးသည်တွေ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းတခုကိုလည်း ကြားသိခဲ့ရတယ်။
စစ်တွေမြို့ကနေ ပြန်ထွက်ချိန်
အေးစက်ကြောက်မက်ဖွယ် ညအမှောင်က ကျီးလန့်စာစားဖြစ်နေတဲ့ မြို့တော်စစ်တွေကို ကျရောက်လာပါတယ်။ မြို့ပေါ်တခုလုံးမှာလည်း နားမခံသာအောင် တိတ်ဆိတ်ငြိမ်သက်လို့။ မျက်ကြောတသေကြည့်လိုက်တော့ အပြောကျယ်လှတဲ့ ပင်လယ်ပြင်ကြီးက ဆီးကြိုလျှက်။ အဆုံးအစမရှိတဲ့ အပြာရောင်မိုးကောင်းကင်ကြီးပေါ်ဝယ် စန္ဒာငွေလမင်းကြီးက တရွေ့ရွေ့နဲ့ မနားတမ်းခရီးနှင်လို့။ အရှေ့နဲ့မြောက်အရပ်တို့ဆီကနေ တသုတ်သုတ်တိုက်ခတ်လာနေတဲ့ လေပြေလေညင်းတွေနဲ့အတူ ပင်လယ်ကမ်းစပ်မှ လှိုင်းကြပ်ခွပ်သံတွေက အေးစက်ကြောက်မက်ဖွယ် ညအမှောင်ကြီးကို ကြီးစိုးနေ ပါတယ်။
ဒါက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် ညတညဖြစ်ပါတယ်။ ကုန်းလမ်း၊ ရေလမ်း အဘက်ဘက်က ပိတ်ဆို့ခံထားရတဲ့ စစ်တွေမြို့တော်ကြီးကနေ ည ၉ နာရီကျော်အချိန်မှာ ကျနော်နဲ့အတူ ပြည်သူ ၂၅ ဦးတို့ ခိုးထွက်ခဲ့ကြတဲ့ ‘တညတာ’ပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့
ကျနော်နဲ့စီနီယာသတင်းထောက်တို့ စစ်တွေမြို့ပေါ်ကနေ ထွက်ခွာဖို့ရာ မြို့ပေါ်ကို ဝင်ရောက်လာတဲ့ မှောင်ခိုလမ်းအတိုင်း သွားရောက်ခဲ့တယ်။ အုန်းရည်ဖော်-ရေချမ်းပြင်ကျေးရွာတို့ကို ရောက်ရှိခဲ့တယ်။ မေယုမြစ်ထဲမှာ စစ်ကောင်စီနေဗီ ၂ စီးက ကျောက်ချပိတ်ဆို့ထားတာကြောင့် စစ်တွေမြို့ကို ဝင်လာတဲ့လမ်းအတိုင်း ကျနော်တို့ ပြန်ထွက်လို့ မရခဲ့ပါ။
ရေချမ်းပြင်ရွာသားတွေပြောပြချက်အရ အုန်းရည်ဖော်ကျေးရွာမှာ ပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော် (စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းဘက်ခြမ်းကို ထွက်ခွာဖို့ ကြိုးစားစောင့်ဆိုင်းနေသူတွေ) ရှိပြီး သူတို့ကို စစ်ကောင်စီတပ်သားတွေက သွားခွင့်မပြုတော့ဘဲ စစ်ဆေးမှုပြုလုပ်နေတယ်လို့ သိခဲ့ရတယ်။ အဲဒီ သတင်းအချက်အလက်ကို သိရချိန်မှာပဲ ရေချမ်းပြင်ရွာကိုရောက်နေတဲ့ ကျနော်တို့နှစ်ဦး ချက်ချင်းဆိုသလို စစ်တွေမြို့ပေါ်ကို ပြန်လှည့်လာခဲ့တယ်။
ကျနော်တို့ ကျေးရွာကနေ စစ်တွေမြို့ကိုပြန်သွားချိန် လမ်းခုလတ်တနေရာအရောက်မှာ စစ်ကောင်စီ တပ်သားတွေရဲ့ ခြေလျင်ထွက်လာတဲ့ စစ်ကြောင်းနဲ့တွေ့ပါတော့တယ်။ စစ်ယူနီဖောင်းအပြည့် ဝတ်ဆင်ထားတဲ့ အင်အား ၃၀ ပါ အဲဒီစစ်ကြောင်းမှာ ရေချမ်းပြင်ရွာကို ထွက်ခွာလာတာ ဖြစ်ပါတယ်။
လမ်းမှာ ကျနော်တို့နဲ့ ရှေ့ဆိုင်တွေ့ပေမယ့် တစုံတရာအန္တရာယ်တော့ မပြုခဲ့ပါ။ စစ်သားတွေနဲ့တွေ့လို့ ကြောက်စိတ်အနည်းငယ်ဖြစ်ခဲ့ပေမယ့် ကျနော့်စိတ်ထဲကတော့ ‘ဒီကောင်တွေ မကြာခင်မသာပေါ် မယ့်ကောင်တွေ’ လို့ စိတ်ထဲရေရွတ်လိုက်မိတယ်။
ရေချမ်းပြင်ရွာကနေ စစ်တွေမြို့ပေါ်ကို ပြန်ရောက်တော့ ထွက်ခွာလို့ရမယ့်လမ်းကြောင်းကို ထပ်ပြီး စုံစမ်းရှာဖွေရပါတယ်။ စစ်တွေမြို့ကနေ ထွက်ခွာလိုသူတွေကို ပေါက်တောခြမ်းဘက်ကနေ လိုက်ပို့ပေးသူနဲ့ ကျနော်တို့တွေ့ခဲ့တယ်။ အဲဒါကြောင့် ပေါက်တောမြို့နယ်ဘက်ကို ထွက်ခွာဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်။
ဖေဖော်ဝါရီ ၁၆ ရက်ည/၁၇ရက်မနက် ၁၁ နာရီ
ည ၉ နာရီအချိန်မှာ စစ်တွေမြို့ လှေဆိပ်ငယ်တခုကနေ သမ္ဗာန်ငယ်နှစ်စီးနဲ့ ကျနော်တို့ စတင်ထွက်ခွာခဲ့တယ်။ မှောင်ခိုလိုက်ပို့သူ ခေါင်းဆောင်က အစောင့်ရဲသားတွေကို လာဘ်ထိုးထားလို့ စစ်မေးမခံခဲ့ရ။ ညအချိန် ထွက်ခွာရတာဟာ နေဗီတွေ မမြင်ရအောင်၊ သတိမထားမိအောင်အတွက် ဖြစ်တယ်။
သမ္ဗာန်လှေပေါ်မှာ စကားမပြောရ၊ ဆေးလိပ်မသောက်ရ၊ မီးမထွန်းရ။ ကမ်းမမြင်၊ လမ်းမမြင်ရတဲ့ ပင်လယ်ရေပြင်မှာ ဆောင်းရာသီရဲ့ အအေးဒဏ်ကိုအံတုလို့ ကျနော်တို့ ခရီးဆက်ခဲ့ရတယ်။ တိတ်ဆိတ်နေတဲ့ စစ်တွေမြို့ပေါ်ကနေ ဖြာထွက်ထွန်းလင်းနေတဲ့ မီးရောင်တွေမှာလည်း တဖြည်းဖြည်းနဲ့ ဝေဝါးပျောက်ကွယ်သွားခဲ့တယ်။
ကမ်းမမြင်ရတဲ့ ပင်လယ်ပြင်မှာ ခရီးဆက်ရင်း ဆက်ရင်း ဖေဖော်ဝါရီ ၁၇ ရက် မနက် ၃ နာရီမှာ ပေါက်တော မြို့နယ်ဘက်ကို ကျနော်တို့စက်လှေ ရောက်ရှိခဲ့တယ်။ လှိုင်းပုတ်သံ၊ စက်သံတွေကြောင့် ပေါက်တောဘက်ကို ရောက်တဲ့အထိ လှေပေါ်မှာ ကျနော် တရေးမှမအိပ်နိုင်ခဲ့ပါ။ စစ်တွေမြို့မှ သမ္ဗာန်လှေသမားတွေက ကျနော်တို့ကို ပေါက်တောမြို့နယ်က ကျေးရွာတရွာမှာ ချပေးခဲ့တယ်။
ကျနော်တို့ ရောက်ရှိခဲ့တဲ့ ကျေးရွာမှာ စစ်ကောင်စီနေဗီတပ်တွေရဲ့ အန္တရာယ်က မလွတ်ကင်းတာကြောင့် အဲဒီရွာမှာ ညမအိပ်ဘဲ ကျနော်တို့ ခရီးထပ်ဆက်ခဲ့တယ်။
အဲဒီကျေးရွာမှ စက်လှေနှစ်စီး ထပ်ငှားရတယ်။ မနက် ၃ နာရီကျော်အချိန်ကနေ ခရီးဆက်ရင်း မနက် ၆ နာရီကျော်မှာ မြောက်ဦးမြို့နယ်ထဲကို ရောက်ရှိခဲ့တယ်။ မြောက်ဦးမြို့နယ်ထဲကို ဝင်ရောက်ခဲ့ချိန်မှာပဲ စစ်ကောင်စီ နေဗီလက်ထဲက လွတ်မြောက်ခဲ့ပြီဖြစ်တယ်။ စစ်တွေကနေ ပေါက်တော၊ ပေါက်တောကနေ မြောက်ဦးမြို့နယ်ကို သွားလာတဲ့ ရေပြင်တလျှောက် ကျနော်တို့အသက်ကို ဖက်နဲ့ထုတ်ထားရသလို ဖြစ်ခဲ့တယ်။ စစ်ကောင်စီနေဗီတွေနဲ့ အချိန်မရွေး တွေ့နိုင်လို့ပဲ။
ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီအကျော်မှာတော့ ကျနော်တို့ လိုရာခရီးကို အသက်အန္တရာယ်ကင်းရှင်းစွာနဲ့ အောင်မြင်စွာ ရောက်ရှိခဲ့တယ်။
#မြေလတ်အသံ
#ရခိုင် #စစ်ပွဲ #ခရီးသွားဆောင်းပါး #စစ်တွေ #မြောက်ဦး
Share Share Share