ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲခံရလို့ ရထားလိုင်းတွေရပ်ထားရ

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်းခွဲခံရလို့ ရထားလိုင်းတွေရပ်ထားရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နဲ့ ညောင်ပင်သာကျေးရွာကြားရှိ ရန်ကုန်-မန္တလေးလမ်း ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၄ ရက်မနက် ၁ နာရီခွဲခန့်မှာ ရထားလမ်း မိုင်တိုင်အမှတ် ၁၂၆/၇-၈ ကြားက သံလမ်းကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။ 

"ရထားသံလမ်းအသစ်ဘက်ခြမ်းကော အဟောင်းဘက်ခြမ်းပါ ပြတ်ထွက်ကုန်တယ်။ မိုင်းကွဲ အားကလည်းတော်တော်ပြင်းတယ် ထင်တယ်။ ရွာထဲကနေတောင် ကြားရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းခွဲခံရလို့ အဆန်(အသွား)လမ်းက အတွင်းသံလမ်း ၄ ပေလောက် ပြတ်ထွက်ပြီး ကွန်ကရစ်ဇလီဖား ၅ တုံးလောက်ပျက်စီးကာ အစုန်(အပြန်)လမ်းကလည်း အတွင်းသံလမ်း ၄ ပေလောက် ပြတ်ထွက်ပြီး ကွန်ကရစ်ဇလီဖား ၅ တုံးနီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရထားလမ်းပျက်စီးခဲ့တာကြောင့် ရန်ကုန်-မန္တလေးသွားလာမယ့် အစုန်အဆန် ရထားအားလုံး ရပ်ဆိုင်းထားရပြီး ရထားဝန်ထမ်းတွေဘက်ကတော့ ရထားလမ်းပြင်ဆင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတော့ မသိရှိရသေးပါဘူး။ 

မေ ၁ ရက်ကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ဖြူးမြို့၊ ကညွှတ်ကွင်းမြို့နဲ့ ညောင်ပင်သာကျေးရွာကြားက အရှည်ပေ ၇၀ ခန့်နဲ့ အကျယ်ပေ ၆၀ ခန့်ရှိ ငနုသန်းတံတား မိုင်းခွဲခံရပြီးနောက် ဆက်တိုက်ဆိုသလို ရန်ကုန်-မန္တလေးမီးရထားလမ်း မိုင်တိုင်အမှတ် ၁၂၅/၁နဲ့ ၁၂၅/၄ ကြားရှိ ရထားသံလမ်းလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါသေးတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ မေ ၂၄ ရက်အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တခုလုံးမှာ ရထားလမ်းနဲ့ ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ၊ဖျက်ဆီးမှု စုစုပေါင်း ၂၀၆ ကြိမ်၊ ရထားတံတား၊ သံလမ်းတွေကို မိုင်းခွဲဖျက်ဆီးမှု ၁၆၃ ကြိမ်၊ ဘူတာအဆောက်အဦနဲ့ ဝန်ထမ်းနေအိမ် မီးရှို့ခံရတာ ၄၂ ကြိမ်ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ရန်ကုန်မန္တလေး #မီးရထား #ရထားလမ်း #မိုင်းခွဲ #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10