ရန်ကုန်-မန္တလေးလမ်းမှာ ယာဥ် ၃ စီးတိုက်၊ လမ်းဘေးအိမ်ကိုပါဝင်တိုက်မိပြီး ၃ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်းမှာ ယာဥ် ၃ စီးတိုက်၊ လမ်းဘေးအိမ်ကိုပါဝင်တိုက်မိပြီး ၃ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်း ဟောင်းပေါ်မှာ ယာဥ် ၃ စီးတိုက်ရာ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်မှာ မန္တလေးဘက်ခြမ်းကနေ ပြွန်တန်ဆာမြို့ဘက်ကို မုန့်တွေတင်လာတဲ့ Light truck ယာဉ်က လမ်းအတိုင်းမောင်းနှင်လာပြီး အရှေ့ကသွားနေတဲ့ ဘိလပ်မြေတင်ယာဥ်ကို ကျော်တက်စဥ် မျက်နှာချင်းဆိုင်ကမောင်းလာတဲ့ ဘဲတွေတင်လာတဲ့ကားကို ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ဘဲတွေတင်လာတဲ့ ၆ ဘီးကန်တာယာဥ်ကို Light truck က ဝင်တိုက်ချိန် ဘိလပ်မြေတင်ယာဥ်ကလည်း Light truck ယာဥ်ကို ဝင်တိုက်ပြီး လမ်းဘေးဆွဲချလိုက်ရတာကြောင့် ကားလမ်းဘေးရှိ လူနေအိမ်ထဲကို ဝင်တိုက်မိခဲ့ တယ်လို့ သိရပါတယ်။

"မှားတာက လိုက်ထရပ်ယာဥ်က မှားတာ။ လူသေဒဏ်ရာရများတာက ဘဲတင်လာတဲ့ကားပေါ်က များတယ်။  ဘိလပ်မြေတင်ယာဥ်အိမ်ထဲဝင်သွားလို့  အိမ်နားက လူတွေပါဒဏ်ရာရကုန်တယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဘဲတင်ကားပေါ်က လူ ၁၅ ဦးအနက် ဘဲကုန်သည် လင်မယားဖြစ်တဲ့ ဦးဌေးလွင် ၃၅ နှစ်၊ ဒေါ် စုစန္ဒီ ၃၁ နှစ်တို့အပြင် အလုပ်သမား ကိုဖိုးချစ် ၃၅ နှစ် ဖျာပုံနေသူတို့မှာ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် ဘဲတင်ကားပေါ်ပါ ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၆ ဦး၊ Light truckယာဥ်ပေါ်ပါ အမျိုးသား ၂ ဦး၊ ဘိလပ်မြေတင်ယာဥ်ပေါ်ပါ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ နေအိမ်နားရှိ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၂ ဦး ဒဏ်ရာရသွားပါတယ်။

ယာဥ်တိုက်မှုကြောင့် မော်တော်ယာဥ် ၃ စီးနဲ့ နေအိမ် ၁ လုံးပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရ လူနာတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပြွန်တန်ဆာဆေးရုံနဲ့ ပဲခူးဆေးရုံတွေကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။

ဧပြီ ၂၄ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဘုရားထီးတင်ပွဲမှ ပြန်လာတဲ့ Light Truck ကားတိမ်းမှောက်လို့ ၁ ဦးသေပြီး ၁၄ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #ပြွန်တန်ဆာမြို့ #ဘိုင်းဒါးကျေးရွာ #ယာဉ်တိုက်မှု #အမြန်လမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10