ရမခအောင်ပွဲကိုကြိုဆိုတဲ့အနေနဲ့ နမခနယ်မြေကို တိုက်ခိုက်၊ စစ်တပ်အဆောက်အဦတချို့ ပျက်စီးမှုရှိပြီး တပ်နယ်တခုလုံး မီးပြတ်နေဟုဆို

ရမခအောင်ပွဲကိုကြိုဆိုတဲ့အနေနဲ့ နမခနယ်မြေကို တိုက်ခိုက်၊ စစ်တပ်အဆောက်အဦတချို့ ပျက်စီးမှုရှိပြီး တပ်နယ်တခုလုံး မီးပြတ်နေဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နယ်မြေကို တိုက်ခိုက်ခဲ့တာကြောင့်  စစ်တပ်အဆောက်အဦတချို့ ပျက်စီးမှုရှိကာ တပ်နယ်တခုလုံးလည်း မီးပြတ်တောက်သွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ဗျူဟာ ၄၅ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီကျော်မှာ နမခနယ်မြေရှိ စစ်ကောင်စီတပ်တွေကို ရှော့တိုက်ရော့ကတ် ၅ လုံး၊ မောင်းသူမဲ့လေယာဥ်ငယ် ၂ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမှတ် ၉၂၉ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း ရိက္ခာသိုလှောင်ရုံ၊ အမှတ် ၁၁ ပညာရေးကျောင်းတပ် အရာရှိရိပ်သာ၊ ၆ ခန်းတွဲနေအိမ်လိုင်းခန်းတခုနဲ့ တပ်နယ်ထဲရှိ လျှပ်စစ်ဓာတ်အားပေးရုံခွဲတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

" စကစတွေသေဆုံးမှုရှိခဲ့ပေမယ့် အတိအကျမသိရသေးဘူး။ ဖရဲသီးရဲ့ လုံခြုံရေးအရမလို့ ပျက်စီးမှု အခြေအနေ အသေးစိတ်ကို ပြောပြလို့မရတာပါ။ ဒီနေ့ (ဇူလိုင် ၂၉ရက်)အထိတော့ နမခ(မုံရွာ)တပ်နယ်တခုလုံး မီးအကုန်ပြန်မရသေးပါ"လို့ ယင်းမာပင်ခရိုင်ဗျူဟာ -၄၅ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ATက ပြောပါတယ်။

လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်တွေ သိမ်းပိုက်နိုင်တဲ့အောင်ပွဲကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့  အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန် ၁ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ AT ကပြောပါတယ်။

ဒါ့အပြင် မုံရွာယာယီလေတပ်ဆွယ် ဝန်းကျင်အတွင်းသို့ မောင်းသူမဲ့လေယာဥ် ၂ စီးစလုံးကို အဆုံးရှုံးခံပြီး ထိုးချတိုက်ခိုက်ခဲ့တာကြောင့်  နမခတပ်ထဲကိုရောက်ရှိနေတဲ့ စစ်ကောင်စီပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာညွှန့်ဖေရဲ့ နေပြည်တော်အပြန် လေယာဉ်ခရီးစဥ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ KLGPDF ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲ့နဲ့အတူ Chindwin Rocket Brothers -(C.R.B)၊ Chindwin Brothers၊ ချိုမိုင်မိုင် ကနီ၊Spring Guerrilla Platoon အဖွဲ့တွေက ပူး ပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နမခ #ထပရ၉၂၉ #ပညရ၁၁ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10