ရာအိမ်မှူးနဲ့ လူငယ် ၄ ဦးကို PDF လို့စွတ်စွဲပြီး စစ်ကြောရေးပို့ခံရ

ရာအိမ်မှူးနဲ့ လူငယ် ၄ ဦးကို PDF လို့စွတ်စွဲပြီး စစ်ကြောရေးပို့ခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာက ရာအိမ်မှူးနဲ့လူငယ် ၄ ဦးကို PDF တွေဆိုပြီး စစ်ကောင်စီက ဖမ်းပြီး စစ်ကြောရေးကို ပို့လိုက်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် မနေ့က မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီအင်အား ၂၀ ကျော်နဲ့ ဂုံမင်းမြောင်ကျေးရွာက ရာအိမ်မှူး ဦးသိန်းဇော်ဝင်းနေအိမ်ကို ရောက်လာပြီး ရာအိမ်မှူးနဲ့ အိမ်ထဲမှာရှိနေတဲ့ လူငယ် ၄ ဦးကိုပါ ဖမ်းသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ မြေပြင်စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောပါတယ်။ 

"ရာအိမ်မှူးနဲ့ကလေးတွေ ဖမ်းခံရတာဟုတ်တယ်။ ဖမ်းခံရတဲ့ ကလေးတွေက သာယာဝတီဂဠုန်အဖွဲ့ဝင်တွေမဟုတ်ဘူး။ လက်နက်တွေမိသွားတာလဲ ဟုတ်ပါတယ်။ အရင်တခေါက်က ရဲကား ၂ စီးကို တိုက်ခိုက်အပြီးမှာ အစထွက်ပြီး ဖမ်းခံရတာလို့ ပြောရမယ်။ ခုဖမ်းခံရတဲ့သူတွေက အဖွဲ့နဲ့မသက်ဆိုင်သလို အဖွဲ့ကလုပ်တဲ့ မစ်ရှင်တွေမှာလဲ ပါတဲ့သူတွေမဟုတ်ဘူး"လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ရဲကား ၂စီးကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဝင်တွေအကုန်လုံး အပြင်မှာရှိနေသးသလို မနေ့က အုတ်ဖိုမြို့နယ်မှာ ဒလန်ရှင်းတဲ့သူတွေဟာလည်း သာယာဝတီဂဠုန်တပ်ဖွဲ့ဝင်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရာအိမ်မှူးနဲ့လူငယ် ၄ ဦးကိုတော့ တပ်မ ၆၆ ဌာနချုပ် အင်းမကို ခေါ်ဆောင်သွားပြီး စစ်ကြောရေးလုပ်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရချိန်မှာ ရာအိမ်မှူးနေအိမ်ကနေ ပစ္စတို ၁ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၅ လုံး၊ ကျည်အိမ် ၂ ခု၊ တရုတ် MG- 1 လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ဗုံး ၂ လုံး၊တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေကနေ ဖော်ပြထားပါတယ်။

ရာအိမ်မှူးနဲ့ လူငယ် ၄ ဦးကို ဖမ်းဆီးပြီးနောက်မှာတော့ စစ်ကောင်စီဘက်က သာယာဝတီမြို့နယ် ကျေးရွာအချို့က ဒေသခံ ၁၅ ဦးထက်မနည်းကို လိုက်ဖမ်းခဲ့ပြီး နေအိမ် ၃ လုံးထက်မနည်းကို ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ သာယာဝတီမြိုနယ်၊ သုံးဆယ်မြို့၊ ဖိုးခေါင်လမ်းမ စိန်သဇင် စက်သုံးဆီအရောင်းဆိုင်နားမှာ ရဲကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပြီး အဲဒီ မိုင်းဆွဲတိုက်ခိုက်မှုကိုတော့ သာယာဝတီဂဠုန်တပ်ဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10