သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်ကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီ ဖောကား ၃ စီးကို ကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။
ဖောကား ၃ စီးထဲမှာ တစီးက ပျက်နေလို့ တခြားကားတစီးနဲ့ ဆွဲလာကာ အဲ့ဒီကားတွေကို ရှေ့ကနေ လမ်းရှင်းပေးတဲ့ စစ်အုပ်စုကို ဇူလိုင် ၂၆ ရက် မနက် ၇ နာရီကျော်လောက်မှာ ရေစကြိုမြို့နယ်၊ ထန်းတိုရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"အင်အား ၅၀ ပါစစ်ကြောင်းက ဘေးတစ်ဖက်စီကနေ ခြေလျင်လျှောက်လာတာ လမ်းရှင်းပေးတာ။ ထန်းတိုရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ ကျနော်တို့ရဲဘော်တွေ ထောင်ထားတဲ့ ပွိုင့်အနားကို ရောက်လာတယ်။ အဲ့ဒီပွိုင့်အနားမှာ ကျနော်တို့ရဲဘော်တွေ စောင့်နေတာ။ ရှေ့ဆုံးက ** ၇ ကောင်လောက်က ကျွံလာတာ။ မိုင်းဖြုတ်နေတဲ့ ၃ ကောင်ကို ကျနော်တို့ရဲဘော်တွေက လက်ဦးမှုယူပြီးတော့ စီးပစ်လိုက်တာ။ အဲ့ဒီ ၃ ယောက်က ပွဲချင်းပြီးတယ်။" လို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ခရီးသွားပြည်သူတွေပြောပြချက်အရ ခေါင်းမှာပတ်တီးစီးထားတဲ့စစ်သား ၁၀ ယောက်လောက်ရှိပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးတာကိုတော့ ကာကွယ်ရေးအဖွဲ့တွေက အတည်ပြုနိုင်ပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဘက်က ၄၀ မမနဲ့ ၂ ချက် ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ပခုက္ကူမြို့ကနေ ရှင်မတောင်ဘက်ကို ရိက္ခာပို့တဲ့ ဖောကား ၂ စီးကို ရေစကြိုမြို့နယ်ပကဖ အဖွဲ့က ထန်းတိုကျေးရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ မိုင်း ၂ ကြိမ်ဆွဲခဲ့ရာ ဖောကား ၁ စီး ပျက်စီးသွားတယ်လို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ရုပ်သံသတင်း #ရေစကြိုမြို့နယ် #ရှင်မတောင် #မကွေးတိုင်း #ဖောကား #မိုင်းဆွဲ
Share Share Share