ရေကြီးနေတဲ့ ပဲခူးမှာ လူငယ်တဦးဓါတ်လိုက်သေဆုံးပြီး ကယ်ဆယ်ရေးစက်လှေ၂စီးတိမ်းမှောက်

ရေကြီးနေတဲ့ ပဲခူးမှာ လူငယ်တဦးဓါတ်လိုက်သေဆုံးပြီး ကယ်ဆယ်ရေးစက်လှေ၂စီးတိမ်းမှောက်

 

ရေကြီးရေလျှံမှုဖြစ်နေတဲ့ ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ ရေထဲကိုစက်ဘီးစီးလာတဲ့ လူငယ် ၁ ဦး ဓာတ်လိုက်သေဆုံးပြီး ကျေးရွာတွေဘက်ကို ကယ်ဆယ်ရေးသွားမယ့် စက်လှေလည်း တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၃၀ ရက်မနက် ၁၀ နာရီလောက်မှာ ပဲခူးမြို့၊ အမှတ် (၁) ကျောင်းရှေ့၊ ရွှေမော်ဓော ဘုရားလမ်းပေါ်မှာ စက်ဘီးစီးလာချိန် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

"ဓာတ်လိုက်သေတဲ့ကောင်လေးက အသက် ၂၀ ဝန်းကျင်လောက်ရှိမယ်။ စက်ဘီးနဲ့လာပြီး ဓာတ်တိုင်နား လမ်းကူးဖို့ စောင့်နေတာနေမယ်။ ဓာတ်တိုင်က ဓာတ်လိုက်နေတာ မသိဘဲထိမိပြီး လဲကျသွားတာ။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဓာတ်လိုက်လို့သေဆုံးသွားတဲ့လူငယ်ကိုတော့ ဒေသခံတွေက ပဲခူးဆေးရုံကိုပို့ပေးခဲ့ရပြီး သူနဲ့ပက်သက်တဲ့ အချက်အလက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီနေ့လယ် ၁ နာရီလောက်မှာလည်း ဇိုင်းကနိုင်ကြီးကျေးရွာဘက်က ရေဘေးသင့်ပြည်သူတွေ ကို ရိက္ခာသွားလှူမယ့် “ဂရုဏာတွဲလက်” လူမှုကယ်ဆယ်ရေး စက်လှေ ၂ စီးလည်း ရေစီးကြောင့် တိမ်းမှောက်ခဲ့သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ကယ်ဆယ်ရေး စက်လှေကလည်း ရန်ကုန်ကလာတဲ့အဖွဲ့လို့ သိရတယ် စက်လှေနှစ်စီးတွဲ သွားတာ နှစ်စီးလုံးမှောက်တာ။ လူတွေတော့ဘာမှမဖြစ်ကြဘူး” လို့ ပြောပါတယ်။ 

ဒီတိမ်းမှောက်မှုကြောင့် စက်လှေပေါ်ပါလာသူတွေ ထိခိုက်မှုမရှိခဲ့ဘဲ ထောက်ပံ့ဖို့ယူသွားတဲ့ ဆန်နဲ့ ရေသန့်အပါအဝင် ကုန်ခြောက်ပစ္စည်းတန်ဖိုး စုစုပေါင်းကျပ်သိန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ညနေပိုင်းကလည်းပဲခူးမြို့၊ နိုင်းဂနိုင်တောင်ရပ်ကွက် ကျောင်းသစ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းမှာ အမျိုးသား ၁ ဦးရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဓါတ်လိုက် #သေဆုံး #လူငယ် #စက်လှေ #တိမ်းမှောက်

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10