ရေစကြိုက ကျေးရွာလမ်းအချို့ကို စစ်အုပ်စုက ဖျက်ဆီးလို့ ဒေသခံတွေ အခက်တွေ့နေ

ရေစကြိုက ကျေးရွာလမ်းအချို့ကို စစ်အုပ်စုက ဖျက်ဆီးလို့ ဒေသခံတွေ အခက်တွေ့နေ

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကို ကျေးရွာတွေကနေ လာမယ့်လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးထားလို့ ဒေသခံတွေဟာ ဒေသထွက်ကုန်တွေကို မြို့ပေါ်တက်ရောင်းချရာမှာ အခက်ခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

လမ်းတွေကို ဖျက်ဆီးထားတာ တပတ်ကျော်တဲ့အထိ ကြာမြင့်ခဲ့ပြီး ကားတွေသွားလာလို့ မရတာကြောင့် ဒေသထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ ပြောင်း၊ စပါး၊ ရာသီ သီးနှံတွေကို ရေစကြိုမြို့ပေါ်တက်ရောင်းချဖို့ အခက်ခဲတွေရှိနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

"လမ်းတွေကို ဖျက်ဆီးထားတာက ၄ ပေ အကျယ် ၄ ပေအနက်လောက် ဘတ်ဟိုးတွေနဲ့တူးပြီး ဖျက်ထားတာ။ ကားက လုံးဝသွားလို့ မရဘူး။ ဆိုင်ကယ်လောက်ပဲ ဘေးကနေ ကပ်သွားလို့ ရတယ်။ ဒီလမ်းတွေက ရွာတွေဘက်က ထွက်တဲ့ကုန်စည်ကို မြို့တက်ရောင်းဖို့ အဓိကကျတာလေ။ သူတို့တွေ ခုလိုလုပ်ထားတော့ ဒေသခံတောင်သူတွေပဲ ဒုက္ခရောက်ရတာ" လို့ ပြောပါတယ်။

ဒေသထွက်ကုန်တွေကို ကား၊ ထော်လာဂျီတွေနဲ့ သယ်ဆောင်သွားလာလို့မရဘဲ ဆိုင်ကယ်တွေနဲ့သာ အခေါက်ခေါက်အခါခါ သယ်ယူနေရလို့ ကုန်ကျစရိတ်ပိုကုန်ကျသလို အချိန်မှီတင်ပို့ရောင်းချဖို့ လိုအပ်တဲ့ ရာသီပေါ်သီးနှံတွေလည်း ပျက်စီးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက ခုလိုလမ်းတွေကို ဖျက်ဆီးတာဟာ PDF တွေကို ကားတွေနဲ့ မြို့ထဲကို ဝင်မရအောင် လုပ်ထားတာ ဖြစ်နိုင်တယ်လို့လည်း ရေစကြို ပကဖ တာဝန်ရှိသူက ခန့်မှန်းပါတယ်။  

"စကစ ကတော့ ကျနော်တို့ PDF တွေ မြို့ထဲကို ကားတွေနဲ့ မဝင်နိုင်အောင် လုပ်ထားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် လက်တွေ့အခက်ခဲဖြစ်တာက ပြည်သူပဲ။ သူတို့ ဘယ်လို လုပ်ထားပါစေ ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာကို ဆက်လုပ်နေမှာပါပဲ။ ခုဟာကလည်း ရေစကြို လဝကရုံး မီးရှို့ခံရပြီးနောက် လုပ်ထားတာဖြစ်တယ်" လို့ ပြောပါတယ်။ 

စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်ဝန်းကျင်ကစပြီး ရွာသစ်-ရေစကြို၊ ညောင်စောက်-ရေစကြို၊ ရွှေကျောင်း-ရေစကြိုလမ်းပိုင်းတွေမှာ ရေစကြိုမရောက်ခင် တမိုင်ခန့်လောက်အလိုကတည်းက လမ်းတွေကို ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ထဲကိုဝင်မယ့် ပင်မမိန်းလမ်းမကြီးကိုတော့ ဖျက်ဆီးထားတာမရှိဘဲ ရွာချင်းဆက်လမ်းတွေကိုသာ ဖျက်ဆီးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်မှာလည်း ရေစကြိုမြို့ပေါ်က လဝကရုံးကို PDF တွေက မီးရှို့ဖျက်ဆီးခဲ့လို့ ရုံးအဆောက်အဦးနဲ့ ရုံးအတွင်း စာရွက်စာတမ်းတွေ မီးလောင်ပျက်စီးခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှ ခုလိုလမ်းတွေကို ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။  

ဒါ့အပြင် ဒီဇင်ဘာလကုန်ပိုင်းကလည်း ကူတုတ်ရွာကနေ ရေစကြိုမြို့ထဲလာတဲ့ လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ဆို့ဖျက်ဆီးတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10