ရေစကြိုမြို့ပေါ် ပစ်ခတ်မှုမှာ စစ်သား ၆ ဦးသေဆုံးကာ ပြည်သူသေဆုံးမှုလည်းရှိ

ရေစကြိုမြို့ပေါ် ပစ်ခတ်မှုမှာ စစ်သား ၆ ဦးသေဆုံးကာ ပြည်သူသေဆုံးမှုလည်းရှိ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အထက(၁) စာသင်ကျောင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့သလို လမ်းသွားပြည်သူတချို့လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

သြဂုတ် ၂၀ ရက် မနက် ၉ နာရီလောက်က အဆိုပါစာသင်ကျောင်းအနီးမှာ ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီးနောက် စစ်သား ၄ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကို သွားယူဖို့လုပ်နေချိန် အထက(၁) ကျောင်းအနီးရှိ ရုံးပေါင်းစုံဂိတ်နဲ့ စိုက်ပျိုးရေးရုံးအတွင်းက စစ်ကောင်စီတပ်သားတွေရောက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာချိန်မှာလည်း ရေစကြိုမြို့ပေါ်ကနေ နောက်ထပ် စစ်ကောင်စီတပ်သားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်သားသေဆုံးမှုရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

"အထက ဂိတ်ကိုဝင်ပစ်တာ ၄ ကောင်ကျတယ်။ ကျနော်တို့ ပြန်ဆုတ်တဲ့အချိန် သူတို့ (စစ်ကောင်စီ)ဘက်က ကျနော်တို့ကို 4 Wheel ကားနဲ့ လိုက်ပစ်တဲ့အချိန် ပြန်ပစ်တာ။ သူတို့ဘက်က နောက်ထပ် ၂ ယောက်သေပြီးတော့ ၃ ယောက် ဒဏ်ရာရတယ်။" လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က အတည်ပြုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနဲ့အတူ Southern YSO PDF၊ People's Security Force-Yesagyo၊ TPG မြို့ပြပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ဒါ့အပြင် ရေစကြိုမြို့ပေါ်မှာ အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်း ကြောက်လန့်ပြီးထွက်ပြေးကြတဲ့ ဒေသခံတွေထဲကလည်း ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"ပစ်တော့ခတ်တော့ ပြည်သူ‌တွေဆိုတော့ ကြောက်ကြလန့်ကြ၊ ပြေးရင်းနဲ့ မှန်တာပေါ့။ အမျိုးသမီး ၂ ယောက်က သေတယ်။ ဒဏ်ရာရတဲ့အထဲမှာ ဘုန်းကြီး ၁ ပါးနဲ့ ကိုရင်လေး ၁ ပါးလည်း ပါတယ်။ လက်နက်ကြီးထိတာတွေရော၊ ကျည်မှန်တာတွေရော" လို့ သူကဆိုပါတယ်။

အဆိုပါထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေက ညနေပိုင်းအထိ ရေစကြိုမြို့ပေါ်ကနေ မြို့ပြင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ပုံစာ -  Myingyan Black Tiger (MBT) တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ပစ်ခတ်မှု #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10