ရေစကြိုမြို့ပေါ်ရပ်ကွက်ထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်စစ်ဆေးလို့ ဒေသခံတွေတိမ်းရှောင်ရ

ရေစကြိုမြို့ပေါ်ရပ်ကွက်ထဲကို စစ်တပ်က ရုတ်တရက်ပစ်ခတ်စစ်ဆေးလို့ ဒေသခံတွေတိမ်းရှောင်ရ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ ဇေယျဝတီရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၈ ရက် ဒီမနက် ၁၀ နာရီလောက်မှာ ပစ်ခတ်ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ရေစကြိုမြို့ ခံတွေဆီက သိရပါတယ်။ 

ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံဝန်းထဲမှာတပ်စွဲနေတဲ့ စစ်သားအင်အား ၁၅ ဦးလောက်က ကား ၂ စီးနဲ့ပစ်ခတ် ဝင်ရောက်လာပြီး ဒေသခံတွေကိုစစ်ဆေးကာ နေအိမ်တွေထဲထိ ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ 

“PDF တွေလာတယ်အထင်နဲ့ ရပ်ကွက်ထဲက အိမ်တွေဝင်ရှာ၊ မွှေပြီးတော့ လမ်းတွေထဲကို သေနတ်တွေနဲ့ပစ်တာ။ တောက်လျှောက်ကို မနားတမ်းပစ်တာ။ PDF တွေ ခင်ဗျားတို့ရပ်ကွက်ထဲကို လာလား၊ မြင်လားဆိုပြီး ပြည်သူတွေကို လိုက်မေးတယ်။ ခင်များတို့မလိမ်နဲ့ လိမ်ရင်သတ်ပစ်မယ်ဆိုပြီးလည်း ပြောတယ်။” လို့ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။  

အိမ်ခြေ ၆၀၀ ရှိတဲ့ ဇေယျဝတီရပ်ကွက်ဟာ ရေစကြိုမြို့အစွန်မှာရှိပြီး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေလည်း ရပ်ကွက်ထဲကနေ ခေတ္တတိမ်းရှောင်ခဲ့ရကာ လက်ရှိမှာတော့ ပြန်ရောက်နေကြပြီလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရသူတွေမရှိဘဲ စစ်ကောင်စီဘက်ကတော့ မနက် ၁၀ နာရီခွဲလောက်မှာ သူတို့တပ်စွဲရာ ရုံးပေါင်းစုံဝန်းထဲကို ပြန်သွားကြတယ်လို့ သိရပါတယ်။ 

ရုံးပေါင်းစုံဝန်းထဲမှာ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ ကစစ်သားတွေနဲ့ ပျူစောထီး အင်အား ၂၀ ဝန်းကျင်ရှိပြီး အနီးဝန်းကျင်တွေကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် ည ၈ နာရီလောက်မှာလည်း အဲ့ဒီစစ်သားနဲ့ပျူစောထီးတွေက လက်နက်ကြီးနဲ့ ပစ်လို့ ရေစကြိုမြို့နယ်၊ အမှတ် ၁ ထင်းတန်းရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲပြီး  သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ပစ်ခတ် #ရှာဖွေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10