ရေစကြိုမြို့ ကပ်ကျော်ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ အင်အား ၃၅ ဦးလောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အလစ်အငိုက်ဝင် ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ အဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ကို ဇွန် ၂၇ ရက် နံနက်ပိုင်း ၅ နာရီလောက်မှာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၃၀ ဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထဲမှာ ဂိတ်စောင့်နေတဲ့ ပျူစောထီးတဦးဗိုက်ပွင့်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

"ကျနော်တို့ ၂ ဖွဲ့ခွဲပြီး အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ။ ဝင်ပြီးတိုက်ခိုက်တဲ့အချိန်မှာ ဂိတ်စောင့်နေတဲ့ ပျူစောထီးတဦး ဗိုက်ကျည်ဖောက်ထွက်သွားတယ်။ သေတော့ မသေနိုင်ဘူး။ ဗိုက်ပွင့်ပြီးတော့ ရေစကြိုမြို့ ဆေးရုံမှာ ဆေးကုနေရတယ်။" လို့ သူက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိပြီး စစ်ကြောင်းထိုးတာတွေတော့ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ကပ်ကျော်ဘုန်းကြီးကျောင်းထဲမှာ ခလရ ၂၅၇၊ ခလရ ၂၅၆၊ ခလရ ၂၅၈ စစ်သားတွေနဲ့ ရေစကြိုနယ် ပျူစောထီးတွေက တပ်စွဲနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉၊ ရေစကြိုမြို့နယ် ပလဖ နဲ့ TPG ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ကပ်ကျော်ဘုန်းကြီးကျောင်း #တပ်စွဲ #စစ်အုပ်စု #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10