ရေစကြိုမှာ ကားစပါယ်ယာ ၁၄ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

ရေစကြိုမှာ ကားစပါယ်ယာ ၁၄ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့ကနေ ပခုက္ကူမြို့ကိုထွက်တဲ့ ယာဉ်လိုင်း ၃ လိုင်းက စပါယ်ယာ ၁၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

မတ် ၇ ရက်မှာ ‌ရေစကြိုမြို့ကနေ ပခုက္ကူမြို့ကိုထွက်တဲ့ ချင်းတွင်းဧရာ၊ သလ္လာဝတီ၊ ရွှေသလ္လာမန်း ကားလိုင်းတွေက အသက် ၂၀ နဲ့ ၃၀ ကြား စပါယ်ယာ ၁၄ ဦးကို အပြာရောင်ဝတ်စုံတွေဝတ်ထားတဲ့ ပခုက္ကူမြို့ စီမံကောင်စီနဲ့ မြို့စောင့်တပ်ဖွဲ့ဝင်တွေက ပခုက္ကူမြို့အဝင် ရွှေချောင်းတံတား၊ မြို့ပတ်လမ်း၊ မြသီတာဂိတ်နဲ့ စက်မှုဇုန်ဂိတ်တွေမှာ ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့ခံတဦး ပြောပါတယ်။

“ရေစကြိုမြို့ကနေ ပခုက္ကူမြို့ကိုထွက်တဲ့ ကားက ၄ လိုင်းရှိတာ။ တနေ့ကို ကားအစီးရေ ၃၀ ကျော်လောက်ထွက်တယ်။ ပေါင်မုန့်ကားလေးတွေပါ။ မြို့မေတ္တာ၊ ရွှေသလ္လာမန်း၊ ချင်းတွင်းဧရာ၊ သလ္လာဝတီ ကားလိုင်းတွေထဲက ချင်းတွင်းဧရာ၊ သလ္လာဝတီ၊ ရွှေသလ္လာမန်း ကားတွေပေါ်က စပယ်ယာ ၁၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်။”လို့ ရေစကြိုမြို့ခံတဦး ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထွက်ရင် ဖမ်းဆီးထားတဲ့လူတွေကို ရှေ့ကသွားခိုင်းတာမျိုး လုပ်လေ့ရှိပြီး ယခုဖမ်းဆီးခံရသူလူငယ်တွေကိုလည်း မိသားစုဝင်တွေက လိုက်ရွေးတဲ့အခါမှာ ၅ ရက်အတွင်းလိုက်မရွေးဖို့ အကြောင်းပြန်ခဲ့တာကြောင့် စစ်ကြောင်းမှာအသုံးချနိုင်တယ်လို့ သူကဆိုပါတယ်။ 

“စစ်ကြောင်းထိုးတဲ့နေရာမှာ သူတို့ကိုလိုအပ်တဲ့နေရာမှာခိုင်းဖို့ လူသားဒိုင်းလုပ်မှာပေါ့ဗျာ။ ရေလယ်ကျွန်းဘက်ကို မနေ့က အင်အား ၁၅၀ လောက်ထပ်ဖြည့်တယ်။ ဟိုဘက်မှာ အင်အား ၂၀၀ ရှိတာကို ၁၅၀ ထပ်ဖြည့်တဲ့အခါမှာ အဲ့ဒီလူတွေကိုရှေ့ကသွားခိုင်းပြီးတော့ လူသားဒိုင်းလုပ်တာ။ သူတို့ဖမ်းထားတဲ့ လူတွေမှန်သမျှ စစ်ကြောင်းထွက်ရင် ရှေ့ကသွားခိုင်းတာ။ ၅ ရက်လောက်ခေါ်ခိုင်းပြီးရင်တော့ ပြန်လာပြီးထုတ်လို့ရတယ်တဲ့။ ၅ ရက်အတွင်းတော့ လိုက်လည်းမလိုက်နဲ့ ရွေးလည်းမရွေးနဲ့ ခေါ်လို့လည်းမရဘူးလို့ပြောတယ်။” လို့ အထက်ပါ ဒေသခံကပြောပါတယ်။ 

ရေစကြိုကနေ ပခုက္ကူမြို့ကိုပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၄ လိုင်းရှိကာ တနေ့ကို ကားအစီးရေ ၃၀ ကျော်ထွက်လေ့ရှိပြီး ယခုအခါ စပါယ်ယာ ၁၄ ဦးဖမ်းဆီးခံလိုက်ရတာကြောင့် ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ကားတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁ ရက်ကလည်း မြေစွန်းတော်ရွာက ဒေသခံ ၁၃ ဦးကို စစ်ကောင်စီကဖမ်းဆီးသွားပြီး စစ်ကြောင်းနဲ့အတူ လူသားဒိုင်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#ပခုက္ကူ #ယာဉ်လိုင်း #စပါယ်ယာ #စစ်ကောင်စီ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10