သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုရင့်ရွာနဲ့ ကိုရင့်ကျွန်းရွာအကြားမှာ စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာကထွက်လာတဲ့ စစ်သားနဲ့ပျူစောထီး အင်အား ၆၀ လောက်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဇူလိုင် ၃၀ ရက် မနက် ၈ နာရီခွဲလောက်ကစပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“အကွာအဝေးက မီတာ ၂၀၀၊ မီတာ ၃၀၀ လောက်ကနေ အဲ့ဒီစစ်ကြောင်းသွားတဲ့နောက်ကို တောက်လျှောက်လိုက်ပစ်ခဲ့တာ။ ပစ်ခတ်တိုက်ခိုက်ချိန်က ၃ နာရီလောက် ကြာတယ်။ ၄ ကောင်ကတော့ သေဆုံးတယ်။” လို့ ရေစကြိုပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပေမယ့် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပစ်ခတ်မှုတွေပြီးလို့ စစ်ကောင်စီတပ်သားတွေ ဟင်္သာရွာကိုပြန်ဆုတ်ခွာသွားချိန်မှာ တိုက်ပွဲဖြစ်တဲ့ နေရာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် လက်နက်ခဲယမ်းတွေနဲ့ သွေးကွက်တွေကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကာဘိုင်ကျည် ၂၀၀ တောင့်၊ ကာဘိုင်ကျည်ဘောက် ၂ ခု၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ G3 ကျည်ဘောက် ၁ ခု၊ AK ကျည်ဘောက် ၂ ခုနဲ့ ၇.၆၂ မမ ကျည် ၂၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အထက်ပါသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကလည်း ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းက စစ်ဆေးရေးဂိတ်ကို ရေစကြိုပကဖ က မိနစ် ၂၀ ကြာပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ရေစကြို #တိုက်ပွဲ #ခဲယမ်း #သတင်း
Share Share Share